V1 Chapter 23

66 5 0
                                    

ကာဇဲအင်းနဲ့ ဧကရီများ : အတွဲ ၁

ခန်း ၂၃ : ထင်သလောက်မရိုးရှင်းဘူး

မေယျာအထူးကုဆေးရုံဆိုတာက
မေယျာအိမ်တော်နဲ့ သူတို့နဲ့ဆက်နွယ်တဲ့
သူကောင်းမျိုးတွေ နေထိုင်မကောင်းဖြစ်တဲ့အခါ ကုသဖို့အဓိက ဆောက်လုပ်ထားတဲ့
ကိုယ်ပိုင်ဆေးရုံကြီး။ တခြားလူတွေလည်း တက်ရောက်ပြီး ဆေးကုသမှုခံယူလို့ရပေမယ့်
စျေးနှုန်းတအားကြီးတဲ့အတွက် သာမန်လူတန်းစားနဲ့ ရိုးရိုးသူဌေးအဆင့်တွေဆို
အနားမကပ်နိုင်ကြဘူး။ ဝင်ငွေကြမ်းတဲ့ ကုန်သည်အစည်းအရုံးဥက္ကဌ၊ ကုမ္ပဏီပိုင်ရှင်၊ ဘဏ်ပိုင်ရှင်၊ မြေရှင်၊ ရေနံလုပ်ငန်းအရာရှိတွေ၊ နာမည်ကျော်တေးဂီတပညာရှင်တွေနဲ့ နိုင်ငံခြားသူဌေးသူကြွယ်တွေအဆင့်လောက်ပဲ မေယျာအထူးကုဆေးရုံမှာတက်ဖို့ငွေကြေးတတ်နိုင်ကြတာ။
အခု ကာဇဲအင်းက အဲဒီဆေးရုံပေါ်မှာ။
အယ်လာရဲ့နှုတ်အမိန့်ကို တစ်ဆင့်ခံယူသွားတဲ့ဘာဘာရာ​ရဲ့ ပြောကြားချက်ကြောင့် ဆေးရုံရောက်ရောက်ချင်း ဆရာဝန်တွေက
သွေးသွင်းတာနဲ့ ဓာတ်မှန်ရိုက်ပေးတာ တန်းလုပ်တယ်။ ဓာတ်မှန်ထဲမှာ ကျည်ဆန်က
ညှပ်ရိုးနဲ့ လက်ပြင်ရိုးကြားထဲကို စိုက်ဝင်နေတာ။ ခဏကြာတော့ ခွဲစိတ်ခန်းပို့ပြီး
မေ့ဆေးပေး၊ ပိုးသတ်ရင်း ကျည်ဆန်ကိုခွဲထုတ်ပေးလိုက်တယ်။

"အရိုးကုသမှုဆက်လုပ်မယ်ဆိုရင်တော့
နှစ်ပတ်လောက် ဆေးရုံတက်ရမယ်။
ကျွန်မတို့ရဲ့ တစ်သျှူးအစားထိုးကုထုံးက
သုံးရက်လောက်ပဲကြာပေမယ့် အသားကျဖို့နဲ့ အကောင်းပကတိပြန်ဖြစ်ဖို့က အနည်းဆုံး
နှစ်ပတ်လောက်အချိန်ပေးမှအဆင်ပြေမယ်"
ပုလင်းဖင်မျက်မှန်နဲ့ ဆေးရုံအုပ်အမျိုးသမီးက ဘာဘာရာကိုရှင်းပြတယ်။
"အကုန်သာလုပ်ပေးပါ။ ဆေးဝါးကုန်ကျစရိတ်တွေအကုန်လုံးကို မေယျာအိမ်တော်ကအကုန်ကျခံမှာလို့ မင်းသမီးမေယျာကိုယ်တိုင် ပြောထားတာပါ"
"ကောင်းပါပြီ"
အိမ်တော်ကပိုင်တဲ့ ဆေးရုံဆိုပေမယ့်
ဆေးဝါးစရိတ်ကတော့ ပေးရတယ်။ ဘာလို့ဆို သုံးတဲ့ဆေးဝါးတွေနဲ့ နည်းပညာတွေက
ဘာလင် ဆေးသုတေသနဗဟိုဌာနနဲ့ သမားတော်အစည်းအရုံးကနေ
မှာယူထားရတာ၊ အနိမ့်ဆုံးအကိုက်အခဲပျောက်ဆေးတစ်လုံးတစ်လုံးတောင် နည်းတာမဟုတ်ဘူး၊ အဲဒီအတွက် ဆေးရုံကတတ်နိုင်တာက တခြားလူတွေလိုအမြတ်မယူ၊
အခန်းခနဲ့ ဝန်ဆောင်ခတွေမယူတာပဲတတ်နိုင်တယ်။ အလကားလုပ်ပေးလို့တော့ မရဘူး၊ပိုက်ဆံကတော့လိုကိုလိုတယ်။
ဆေးရုံအုပ်နဲ့ စကားပြောပြီးတော့
ဘာဘာရာတစ်ယောက် ကာဇဲအင်းရဲ့
လူနာအခန်းထဲကိုသွားပြီး
အခြေအနေကြည့်တယ်၊ ကာဇဲအင်းက
မေ့ဆေးအရှိန်ပြယ်ပြီး သတိရနေပြီ။
နံရံကပ်တီဗီကလာတဲ့ သတင်းကိုကြည့်နေတာ၊ သတင်းက ဂျဲနာတက္ကသိုလ်က ပစ်ခတ်မှုကို ရဟတ်ယာဉ်ပေါ်က ဗီဒီယိုမှတ်တမ်းရိုက်ထားတာပြန်ပြနေတယ်၊ ရဲတပ်ဖွဲ့ဝင်တွေရဲ့ပစ်ခတ်မှုကြောင့် မြက်ခင်းပြင်မှာ ဖြတ်ပြေးတဲ့ သေနတ်သမားတစ်ယောက်က လဲကျသွားတယ်။ ပြီးတော့ ပရပ်ရှားရဲတွေ
ကျောင်းအပြင်ဘက်မှာ နေရာယူထားတာတွေ၊ လူတွေဘေးလွတ်ရာရွှေ့ခိုင်းနေတာတွေ၊ ကား အသွားအလာတွေကို စစ်ဆေးနေတာတွေရိုက်ပြတယ်၊ ကာဇဲအင်းက
သတင်းကြည့်ရင်းနဲ့ လူနာကုတင်ဘေး
စားပွဲပေါ်မှာချထားတဲ့ သီးစုံဗန်းထဲကနေ အစေ့လွတ်စပျစ်သီးတစ်လုံးကို ကောက်ပြီး ပါးစပ်ထဲထည့်လိုက်တယ်။ တံခါးဖွင့်ပြီး
ဘာဘာရာအခန်းထဲဝင်လာတာကိုမြင်တော့
သူ(မ)ကို လှည့်ကြည့်တယ်။

ကာဇဲအင်းနှင့်သူ၏ဧကရီများ (ပူးတွဲရေးသားခြင်း)Where stories live. Discover now