ရှောင်းမင်းသားလေးပျောက်သွားသည်ဆိုသောသတင်းက မနက်လင်းတာနဲ့ရှောင်းမြို့တော်တစ်ခွင် လေနဲ့ပါလာသောသဲများလိုတဖွဲဖွဲပျံ့နှံ့သွားသည်။
မြို့တော်မှကုန်းကြောင်း၊ရေကြောင်း၊တောလမ်း အစရှိသည့်ထွက်ပေါက်များကို စစ်တပ်သားများကပိတ်ဆို့ထားကာ မြို့တော်တွင်းမှာ ရှောင်းမင်းသားလေးကိုရှာဖွေသည်။
ထိုရှာဖွေရေးကို အိမ်ရှေ့မင်းကဦးဆောင်ထားသည်။အိမ်ရှေ့မင်းသည် သူ၏မူပိုင်မြင်းဖြူကြီးကိုစီးကာ မြို့အတွင်းလှည့်သွားနေသည်မှာအခါခါရှိနေပြီ။ပထမဆုံးစရှာတော့ လမ်းကြိုလမ်းကြားမကျန်ရှာသည်။ထို့နောက် လမ်းရဲ့ထွက်ပေါက်တွေအကုန်ပိတ်ပြီးအိမ်ကြိုအိမ်ကြားရှာသည်။
ထို့နောက် တည်းခိုဆောင်၊စျေးဆိုင်တန်း၊အိမ်အငှားတန်းလျား၊အပန်းဖြေဆောင်၊ကုန်လှောင်ရုံ၊မြစ်ဆိပ် စသည့်တစ်မြို့လုံးနှံ့နေအောင်ရှာဖွေလေသည်။
သို့သော်.ရှောင်းမင်းသားလေး၏အရိပ်ကိုတောင်ဖမ်းလို့မမိခဲ့ပါ။ရှောင်းဧကရာဇ်မင်းသည်လည်း ရှောင်းမင်းသားလေးကိုပြန်တွေ့ခဲ့ရင် တွေ့သည့်သူကိုဆုတော်လာဘ်တော် ၁သိန်းချီးမြှင့်မည်ဟုကြေညာထားပြီး တစ်ဆက်တည်းပင်
တွေ့ရှိကြောင်းကိုထိန်ချန်ထားပါက သေဒဏ်ပေးမည်ဟုလည်းကြေညာထားသေးသည်။ဒါကြောင့်ရှာဖွေရေးမှာ ပြည်သူအင်အားပါအများအပြားပါဝင်လာသည်။
ထိုပါဝင်လာသူများတွင် ဆုလာဘ်ကိုလိုချင်လို့ပါဝင်လာသူရှိသလို၊သူတို့မင်းသားလေးကိုပြန်ရှာတွေ့စေချင်သောစိတ်ရင်းနဲ့ကူညီရှာဖွေသူများလည်းရှိသည်။သို့တိုင် တစ်မြို့လုံးနှံ့နေပြီးတာတောင်ပြန်မတွေ့၍အိမ်ရှေ့စံသည်လည်းခေါင်းခြောက်လျက်ရှိကာ တခြားပြည်နယ်များကိုလည်းအသွားအလာပိတ်ချလိုက်၏။
အဆိုးဆုံးက သူ,ညကနောက်ကလိုက်သွားခိုင်းလိုက်သည့်တပ်မှုးနဲ့စစ်သည်တပ်စုကပါအစအနပျောက်သွားခြင်းပင်။ထိုတပ်မှုးကိုပြန်တွေ့ပါက လမ်းစတစ်ခုခုရနိုင်သည်။
အခုကလုံးဝပျောက်ခြင်းမလှပျောက်သွားခြင်းပင်။