မှိုင်းညို့တစ်ယောက် သင်္ကြန်ပြီးကတည်းက မအားလပ်ပေ၊ စပါးစိုက်ဖို့ထွန်ရက်နည်းအစုံ လေ့လာနေရခြင်းဖြစ်သည်။လေ့လာတယ်ဆိုတာထက် အဖေက 'အားနေရင် သည်ကောင် ကောင်းထက်တို့နဲ့အလေလိုက်နေမှာ၊ တောထဲမှာငါနဲ့လိုက်ပြီး အလုပ်လုပ်' ဟုဆိုတာကြောင့် လိုက်ကြည့်နေရခြင်းသာ။
အငှားနှင့်လုပ်တာများတာမို့ သိပ်တော့မပင်ပမ်းပေ၊ တစ်ချို့ရက်မှသာ အိမ်ကနွားနှင့် ထွန်းတုံးယူလာပြီး ဝင်မောင်းဖြစ်သည်။ အခုကတော့ ကိုယ်တိုင်ကိုယ်ကျ ဝင်မောင်းတာမို့ နည်းနည်းတော့ပင်ပန်းသည်။ ငယ်ငယ်ကဆို အဖေနွားထွန်တဲ့ရက်များဆို ထွန်းတုံးပေါ်လိုက်စီးနေကျ၊ အတော်ပျော်ဖို့ကောင်း၏။
ဒီနေ့နောက်ဆုံးနေ့၊ လယ်ထွန်စရာလယ်တောတွေ အကုန်ပြီးစီးလေပြီ၊ နောက်နေ့ဆို အေးဆေးအိမ်မှာနားရပေတော့မည်။ တောင်တောနှင့်အရှေ့တောပေါင်းလျှင်ပင် လယ်ကွက်ပေါင်းတော်တော်များပေသည်၊ မြောက်ရွာဘက်မှာလည်းရှိပါသည်။ မြောက်တောကိုတော့ မရောက်ဖြစ်ပေ၊ အငှားနှင့်ထွန်ရက်ပြီး စပါးမျိုးစေ့ ချပြီးပြီပြော၏။ အပင်ထွက်မှသာ သွားကြည့်ပါတော့မည်။
》》》》》》
" ဒေါ်လေးရေ မှိုင်းညို့အိမ်မှာရှိလား"
"ဘယ်သူများလဲလို့၊ သားကောင်းထက်ပဲ လာလေ၊ မင်းသူငယ်ချင်းကတော့ အိပ်နေတယ်"
"သူအိပ်တာကြာပြီလား ဒေါ်လေး"
"ကြာတော့ ကြာပြီအေ့၊ ဘာကိစ္စရှိလို့တုန်း သားက"
"မြောက်ဘက်ရွာကို သွားစရာရှိလို့၊ အဖော်မရှိလို့ မှိုင်းညို့များလိုက်ချင်မလားလို့ လာခေါ်တာပါ"
"နှိုးခေါ်ရင်ခေါ်သွားလေကွယ်၊ သူအိပ်တာလည်း ကြာနေပြီဆိုတော့ အိပ်ရေးဝလောက်ပါပြီ၊ အရင်နေ့တွေကလည်း သူအဖေနဲ့လယ်ထဲလိုက်နေတော့ မနားရဘူးလေ"
"မှိုင်းညို့က အလုပ်တွေ ကြိုးစားနေတာပေါ့လေ၊ အားတော့နာတယ် နှိုးခေါ်သွားမယ်နော်ဒေါ်လေး"
"အေးအေး ဂရုစိုက်သွားကြနော်"
"ဟုတ် ဟုတ် ဒေါ်လေး"
YOU ARE READING
အချစ်ရပ်ဝန်းမှ ရုန်းမထွက်နိုင်ခြင်း
Randomချစ်မိသွားပြီဆိုမှတော့ ဆက်ချစ်ရုံမှအပ ဘာများတတ်နိုင်ဦးမှာလဲ