မျက်စိရှေ့တွင်ရှိနေသော ဟင်းပန်းကန်များသည် ပုံမှန်အားဖြင့် မှိုင်းညို့ကြိုက်သောဟင်းများဖြစ်သည်။ ဝက်သားချက်၊ သီးစုံချဥ်ဟင်း၊ ပဲကြော်(ကုလားပဲနှပ်)နှင့် ငရုတ်သီးကြော်တို့ဖြစ်၏။ဝက်သားချက်သည်လည်း အဆီပင်မပါ၊ အသားများကိုသာ သေချာရွေး၍ထည့်လာသော ကောင်းထက်ကြောင့်ပင်။ သူအတင်းခေါ်၍ ဤနေရာသို့ ရောက်ရှိနေခြင်းသာဖြစ်၏။
"ဟိတ်ကောင် မင်းကလည်း စားစမ်းပါကွာ၊ တို့ကနမ်းဆိတ်ကနမ်းလုပ်နေတယ် ရော့ ရော့ စား"
ကောင်းထက်ကတော့ အားမလိုအားမရဖြစ်ကာ သူ့ထမင်းပန်းကန်ထဲသို့ အသားများခပ်ထည့်ပေးရင်း ပြောဆိုနေတော့သည်။ပုံမှန်ဆိုလျှင်တော့ ပြန်အော်လိုက်မှာသေချာပေမယ့် အခုတော့ ဘာကိုမှ မတုံ့ပြန်ဖြစ်။ထမင်းလည်း ဆက်စားချင်စိတ်မရှိတော့။ သုံး၊လေး လုတ်မျှသာ ဝင်သေးသော်လည်း ထပ်၍ မျိုမကျတော့။ ဆက်မစားနိုင်တော့တာ အတူပဲမို့ ထမင်းဝိုင်းမှ ထွက်ရန်ဟန်ပြင်လိုက်စဥ်...
"ဟာ မှိုင်းညို့ တော်တော့တာလား"
"အင်း.."
"ဘာမှလည်းမစားဘူး၊ စားမကောင်းလို့လား"
"ငါပြန်နှင့်တော့မယ်၊ မင်းဘာမင်းပဲ ပြန်ခဲ့တော့"
"မင်းကတော့ လုပ်ပြီ။ အမေးတခြား အဖြေတခြားနဲ့။ခဏစောင့်ဦး ငါစားပြီးတော့မယ်"
"မြန်မြန်စား"
"အေးပါကွာ မင်းကလည်း"
ကောင်းထက် စားပြီးသည်နှင့် ထမင်းကျွေးရုံထဲမှ ထွက်လာလိုက်သည်။ဤနေရာကနေ မြန်မြန်ထွက်ရဖို့အတွက်သာ အားသန်နေသော သူ့လက်ကို အတင်းဆွဲ၍ မဏ္ဍပ်ဘက်ဆီသို့ ဦးတည်နေသည့် ကောင်းထက်ကြောင့် သူ့စိတ်တို့ တထောင်းထောင်းထလာရတော့၏။ဆွဲလာသည့်လက်ကို အတင်းခါချလိုက်ရင်း...
"ဟိတ်ကောင်...မင်း ဘယ်သွားနေတာလဲ"
"မင်္ဂလာဆောင်လာပါတယ်ဆို သတိုးသားဆီ သွားမို့ပေါ့ကွ။ လာစမ်းပါ မင်းကလည်း"
ကောင်းထက်ကတော့ သူ့အမေးကို အေးဆေးစွာပြန်ဖြေရင်း သူခါချလိုက်သည့် လက်ကို ပြန်ဆွဲ၍ ရှေ့သို့ဦးတည်ကာ သွားတော့သည်။ ကောင်းထက်ဆွဲထားသည့်လက်ကို ထပ်၍ ခါမချမိ။ ရှေ့တွင်မြင်နေရသောမြင်ကွင်းကြောင့်လား၊ မောင့်ကို တွေ့ချင်နေမိသောကြောင့်လားဆိုတာ သူသေချာမသိ။ သူ့စိတ်တို့ လွန်ဆွဲလျက်ရှိနေသည်။ ကောင်းထက်နောက်သို့ ဆက်လိုက်ရမလား၊ ကျန်ခဲ့ရမလား ဝေခွဲနေရင်းနှင့်ပင် မင်္ဂလာမဏ္ဍပ်အတွင်းသို့ ရောက်သွားသည်။ပတ်ဝန်းကျင်ကို တစ်ချက်လှည့်ပတ်ကြည့်လိုက်ပေမဲ့ မောင့်ကိုမတွေ့။ လိုက်ရှာကြည့်နေသော်လည်း ပျော်ရွှင်နေမည့် မောင့်မျက်နှာကို မတွေ့ချင်။ ဝမ်းနည်းနေမှာကိုလည်း စိုးရိမ်မိ၏။ သူ့ရင်ဘတ်ထဲမှာ အောင့်သက်သက်ခံစားရသော်လည်း မောင့်ကိုတော့ အမှန်တကယ် ပျော်စေချင်ပါသည်။
YOU ARE READING
အချစ်ရပ်ဝန်းမှ ရုန်းမထွက်နိုင်ခြင်း
Randomချစ်မိသွားပြီဆိုမှတော့ ဆက်ချစ်ရုံမှအပ ဘာများတတ်နိုင်ဦးမှာလဲ