အပိုင်း-7

4 2 0
                                    

ဆောင်းအကုန်နွေအကူးမှာ ရွက်ဟောင်းကြွေလို့ ရွက်သစ်ဝေကြသည်။ တန်းခူးလကုန်လောက်ဆိုရင်တော့  တချို့အပင်များမှာစိမ်းစိုနေပြီး အရိပ်ကောင်းကောင်းပေးနေကြပြီဖြစ်သည်။ အညာမှာ တမာပင်များ ပေါများသောဒေသဖြစ်သည့်အလျောက် တမာပန်းရနံ့သင်းသင်းလေးကပင် စိတ်ကိုလန်းဆန်းစေသည်။ တမာရွက်နုကိုပြုတ်ပြီး ငပိရည်၊ ငံပြာရည်ချက်လေးနဲ့များ တို့စားရရင်ဖြင့် သိပ်ကိုကောင်း၏။ အရသာကခါးသက်သက်ဆိုပေမယ့် ကြိုက်ကြပါသည်။ တချို့ကတော့မကြိုက်ကြပါ။ တမာရွက်မှာတောင် တောတမာရွက်က ပို၍စားကောင်းပါသည်။

တန်ခူး၊ကဆုန်လများတွင်တော့ အညာသူအညာသားများ၏ မပါမဖြစ်ဟင်းလျာတစ်မျိုးဖြစ်သည့်  မန်ကျည်းရွက်များမှာလည်း စိမ်းစိုဝေဆာလျက်ရှိသည်။  အရိပ်လည်းကောင်း၏။ နေ့ခင်းနေ့လယ်ဆိုရင် ရာသီဥတုပူသဖြင့် အရိပ်ကောင်းသည့် မန်ကျည်းပင်အောက်တွင် ဖျာကြမ်းခင်းကာအိပ်စက် အနားယူကြပါသေးသည်။ယခုလည်း မှိုင်းညို့တစ်ယောက် မန်ကျည်းပင်အောက်မှာအိပ်စက်အနားယူနေသည်။

"သားရေ မှိုင်းညို့ ထတော့လေ၊ ညနေတောင်ရောက်တော့မယ်၊ ညနေခင်းကြီးအိပ်ရင် နေမကောင်းဖြစ်တတ်တာ သိရဲ့နဲ့၊ ထတော့ ထတော့"

"  အင်း..အင်း..ခဏနေရင်ထမယ်၊ နောက်ဆယ်မိနစ်လောက်ပဲနော် အမေ"

"အေးအေး"

တအင်းအင်းနဲ့ အိပ်ချင်မူးတူးစကားပြန်နေပုံက တစ်မျိုးချစ်စရာကောင်းပါသည်။ သူမသားက အိပ်နေချိန်ဆို အပူအပင်မရှိအိပ်နေတဲ့ကလေးလေးတစ်ယောက်လိုပဲ၊ ပုံမှန်ဆိုမျက်နှာတည်တည်နဲ့ဖြစ်သည်။ စကားကနည်းသေး၏။ လိုတာထက်ပိုမပြောတတ်။ အစကဆို လူတောမတိုးမှာစိုးရိမ်မိသေးသည်။ သို့ပေမယ့် သူမသားက လူတောမတိုးရဲတာမဟုတ်ဘဲ သူ့အကျင့်ကိုက အဲလိုဖြစ်နေခြင်းပေ။
ဒေါ်နှင်းစန္ဒာလည်း မှိုင်းညို့ကိုနှိုးကာ ညစာချက်ရန်အတွက် မီးဖိုချောင်သို့ ဝင်ရတော့သည်။

"အမေ ဘာတွေချက်နေတာလဲ"

အိပ်ယာထပြီး မီးဖိုချောင်ထဲတန်းဝင်လာသည့် သူမသားရယ်ပါ။

အချစ်ရပ်ဝန်းမှ  ရုန်းမထွက်နိုင်ခြင်းWhere stories live. Discover now