"သား ခန့်ညားပါလား၊ တစ်ယောက်တည်းလားကွယ့်၊ ကောင်းထက်ရော မပါဘူးလား"
"မပါဘူးအဒေါ်ရေ၊ အရီးကြင်မေတို့အိမ်လာလည်ရင်း၊ သူတို့ကအိပ်နေကြတော့ ပျင်းတာနဲ့ ဒီဘက်ရောက်လာတာ"
"အေးပါကွယ် လာထိုင်လေ ၊ ဒီမှာမထိုင်ချင်ရင်လည်း နောက်ဖေးကွပ်ပျစ်မှာ မှိုင်းညို့စာဖတ်နေတယ်၊ အဲကိုသွားလိုက်"
"ဟုတ် အဒေါ်"
မှိုင်းညို့ကတော့ သူ့အိမ်ကိုလာရင် မကြိုက်၊ အဒေါ်နှင်းစန္ဒာကတော့ အမြဲသူ့ကို ပြုံးပြီးကြိုဆိုစမြဲ။တော်တော်လည်း ရင်းနှီးနေပြီဖြစ်သည်။ရင်းနှီးဆို သုံးရက်ခြားတစ်ခါလောက်ကို ပုံမှန်လာလည်နေကြဖြစ်သည်။ အခုလည်း အိမ်ရှေ့က ဧည့်ခံစားပွဲမှာမထိုင်တော့ဘဲ နောက်ဖေးက မှိုင်းညို့ရှိရာသို့သာ ဦးတည်လိုက်သည်။
စာဖတ်နေတဲ့ ကောင်ငယ်လေးကိုတွေ့ပါပြီ။မနီးမဝေးကနေပြီး ကောင်ငယ်လေးကိုကြည့်ရတာ သဘောကျဖို့ကောင်း၏။ အမြဲတမ်း တစိမ့်စိမ့်ထိုင်ကြည့်ချင်ရလောက်အောင်၊ အေးအေးချမ်းချမ်းနှင့်ကြည်ကြည်လင်လင်လေးဖြစ်၏။ သူ့ခေါ်လိုက်လို့ ဖြစ်သွားမည့် ရုပ်လေးကိုလည်း သိပ်သဘောကျရပါသည်။
ကောင်ငယ်လေးနှင့် ပတ်သက်ပြီး သူ့မှာအမည်ဖော်လို့မရတဲ့ ခံစားချက်တွေရှိသည်။ သူ့ကိုသဘောမကျတဲ့ မျက်နှာမျိုးနဲ့ စူပုတ်ပြီး တစ်ခွန်းမကျန်ပြန်ပြောနေရင်တောင် သူ့မှာအသည်းယားလို့မဆုံးဘူး။ ကလေးတစ်ယောက်ကို စနေရသလိုပဲ။ညီလေးတစ်ယောက်လို ခင်တွယ်မိတယ်လို့ထင်ပေမယ့် တစ်ခါတစ်ရံကျရင် ပိုနေမိတဲ့ သံယောဇဥ်တွေ၊ ကြည်နူးမှုတွေ၊ ရင်ခုန်မှုတွေကို ထိန်းချုပ်မရတာ သူကောင်းကောင်းသိပါတယ်။
"ကလေး စာဖတ်နေတာမပျင်းဘူးလား၊ ကိုယ်နဲ့ စကားပြောရအောင်လေ"
"မပျင်းဘူး "
စာဖတ်နေရင်းကနေ မျက်လုံးလှန်ကြည့်ပြီးပြောလာတဲ့ စကားက မာဆက်ဆက်နဲ့ဖြစ်သည်။
"ကိုယ်ပျင်းတယ်လေ အဲလိုကြီးကျ"
"ခင်ဗျားနဲ့ စကားမပြောချင်ဘူး"
YOU ARE READING
အချစ်ရပ်ဝန်းမှ ရုန်းမထွက်နိုင်ခြင်း
Randomချစ်မိသွားပြီဆိုမှတော့ ဆက်ချစ်ရုံမှအပ ဘာများတတ်နိုင်ဦးမှာလဲ