ငြိမ်သက်လျက်ရှိသော ကန်ရေပြင်သို့ ခဲလုံးတစ်လုံးကျရောက်လာသည်နှင့် စက်ဝိုင်းသဏ္ဌာန်လိုင်းသေးလေးများ အဝေးသို့ပျံသွားသည်။ကန်ပေါင်ပေါ်တွင်ထိုင်နေသော ကောင်လေးတစ်ယောက်ရဲ့ မျက်နှာဟာ သုန်မှုန်လျက်ရှိနေပေသည်။
မှိုင်းညို့ ဆိုင်ကယ်စီးပြီးထွက်လာခဲ့ပေမဲ့ ဘယ်သွားရမှန်းမသိ။ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်မိတော့
လမ်းရဲ့အနောက်ဘက်တွင်ရှိနေသော ရေကန်ငယ်လေးကို တွေ့ရသည်။ရေကန်ငယ်လေးသည် ရွာအဝင်ဆိုင်းဘုတ်နားတွင် တည်ရှိခြင်းဖြစ်သည်။မှိုင်းညို့ ဆိုင်ကယ်ကိုရပ်လိုက်ပြီး ကန်ငယ်လေးဆီသို့လျှောက်သွားလိုက်သည်။မြင်းခွာရွက်ပင်တွေ ပေါက်နေတဲ့ ကန်ပေါင်ပေါ်သို့ ခြေပြစ်လက်ပြစ်ထိုင်ချလိုက်သည်။ဘေးတွင်ရှိနေသော မြေကြီးခဲနှင့်ကျောက်ခဲလေးများကိုကောက်ကာ ငြိမ်သက်နေသော ကန်ရေပြင်သို့ ပြစ်လွှတ်နေမိသည်။ကန်ရေပြင်ဟာ ငြိမ်သက်နေသလောက် သူ၏စိတ်အစုံဟာ ပြင်းထန်စွာလှုပ်ရှားလျက်။ဒေါသကြောင့် ပူလောင်လို့နေသည်။
ယောက်ျားတစ်ယောက်ရဲ့ ချစ်ခွင့်ပန်ခြင်းကိုခံရလိမ့်မယ်လို့ စိတ်ပင်မကူးမိ။ဒါဟာ လုံးဝမဖြစ်သင့်တဲ့အရာဟု မှိုင်းညို့ထင်သည်။
'ကိုယ်..ကိုယ် မင်းကိုသိပ်ချစ်တယ်မှိုင်းညို့။ညီအစ်ကိုတွေလိုမျိုးမဟုတ်ဘူးနော်။ချစ်သူတစ်ယောက်လိုမျိုး။
ချစ်သူတစ်ယောက်လိုမျိုး...
ချစ်သူတစ်ယောက်လိုမျိုး...'မှိုင်းညို့၏နားထဲတွင် ထိုစကားများကိုသာ အပြန်ပြန်ကြားနေမိသည်။သူ့နားနားသို့ ကပ်ပြောနေသည့်နှယ်။သူ မကြားချင်ဘူး။ဒီစကားတွေကို သူလုံးဝမကြားချင်ပါဘူး။
"အား.....ဒါမဟုတ်ဘူး၊ လုံးဝမဟုတ်ဘူး၊ခင်ဗျားပါးစပ်က အဲပေါက်ကရတွေပဲတတ်တာလား...။ခင်ဗျားကိုမုန်းတယ်၊ ခင်ဗျားကိုမုန်းတယ်..."
မှိုင်းညို့ သူ့နားနှစ်ဖက်ကိုအုပ်လျက် နှုတ်မှ ထိုလူ့ကိုမုန်းကြောင်း အော်ဟစ်နေမိသည်။သူ့အသံဟာ ပတ်ဝန်းကျင်တစ်ခုလုံးကိုလွှမ်းမိုးသွားသည်။ကန်ရေပြင်မှ ပဲ့တင်ထပ်သံကို သူပြန်ကြားရသည်။ခေတ္တကြာပြီးနောက် ပြန်၍တိတ်ဆိတ်သွားသည်။ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားသော်လည်း သူ၏နားတွင်တော့ ထိုလူ၏စကားများကိုသာ တဝဲလည်လည်ကြားနေရသည်။
YOU ARE READING
အချစ်ရပ်ဝန်းမှ ရုန်းမထွက်နိုင်ခြင်း
Randomချစ်မိသွားပြီဆိုမှတော့ ဆက်ချစ်ရုံမှအပ ဘာများတတ်နိုင်ဦးမှာလဲ