"အဲဒါဆို မမနဲ့တွဲမလား"
"ဗျာ..."
"မမနဲ့တွဲမလားလို့.."
"အဲ..အဲဒါက"
ဆိုပြီးခေါင်းကုတ်နေတဲ့ မှိုင်းညို့ကိုကြည့်ကာ နှင်းပန်းရယ်မိရသည်။ မှိုင်းညို့ရှက်သွားသည် ထင်ပါသည်။ မိန်းကလေးဖြစ်တဲ့သူမက မရှက်ရဘူး သူကရှက်နေတာများ။
'အို..မိန်းကလေးဘက်ကစပြောလဲ ဘာဖြစ်လဲ၊ ကြိုက်မရှက်ငိုက်မရှက် ဆိုတဲ့စကားပုံတောင် ရှိသေးတာပဲကိုး'
သူမကိုသူမ ပြန်၍အားပေးလိုက်သည်။ ကြိုက်ရင်ကြိုက်တဲ့အကြောင်းပြောရမှာပဲ။
"မှိုင်းညို့ကို မမကတွဲကိုတွဲရမယ်လို့မဆိုလိုပါဘူး၊ မှိုင်းညို့ကို မမကသဘောကျနေတာကြာပြီ"
"ဟုတ်"
"မမက သဘောကျတဲ့အကြောင်း မှိုင်းညို့ကိုသိစေချင်ရုံပါ"
"ဟုတ်"
"မိန်းကလေးဘက်က စပြောလို့ဆိုပြီးတော့ မမကို အထင်တော့ မသေးစေချင်ဘူး"
"အာ..မမနှင်းပန်းကို ကျွန်တော်အထင်မသေးပါဘူး၊ သူများတွေကိုလည်း လျှောက်မပြောပါဘူး"
"အင်း မှိုင်းညို့ကလိမ်မာတယ်၊ ဒါဆို မမသွားဦးမယ်"
စကားတပြောပြောနှင့်လမ်းလျှောက်လာတာ နှင်းပန်းတို့အိမ်သို့သွားသည့် လမ်းမြောင်ကိုရောက်လာသည်မို့ နှင်းပန်းက မှိုင်းညို့ကိုနှုတ်ဆက်ကာ ထွက်သွားလေသည်။
မှိုင်းညို့လည်း မမနှင်းပန်းကို လိုက်မပို့တော့ပဲ အိမ်ကိုပဲပြန်လာလိုက်သည်။ သူ့ကိုမမနှင်းပန်းက ဖွင့်ပြောလိမ့်မည်လို့မထင်ထားမိ။ သူ့ကိုသဘောကျနေမှန်းကိုလည်း နည်းနည်းလေးမှ သတိမထားမိပေ။
မမနှင်းပန်းဘက်က တွဲမလားဆိုတဲ့စကားကိုကြားတဲ့အချိန်မှာ သူရင်တွေတုန်နေခဲ့သည်။ မဟုတ်ဘူး ရင်ခုန်တာ၊ တကယ်ကို ရင်တွေခုန်နေခဲ့တာ။ သိပ်လှသလို၊ သဘောထားလည်းသိပ်ကောင်းတဲ့၊ လူပျိုတိုင်းကြိုက်ရတဲ့ မမနှင်းပန်းဘက်က အခုလိုပြောတာကို ရင်မခုန်ဘူးဟုဆိုသူရှိမည်မဟုတ်ပေ။
YOU ARE READING
အချစ်ရပ်ဝန်းမှ ရုန်းမထွက်နိုင်ခြင်း
De Todoချစ်မိသွားပြီဆိုမှတော့ ဆက်ချစ်ရုံမှအပ ဘာများတတ်နိုင်ဦးမှာလဲ