"ကိုမှိုင်းညို့ ထမင်းစားခဲ့ပြီးပြီလား၊ ညီမတို့နဲ့အတူ ဝင်စားလေ"
"အစ်ကိုစားခဲ့ပြီးပြီညီမ"
မှိုင်းညို့ရှေ့တွင် မတ်တတ်ရပ်ရင်း ထမင်းစားခေါ်နေ့သည့် ကိုခန့်ညီမလေး။သူ့ကို အနည်းငယ်သိသည့်တိုင် ကိုခန့်ညီမမှန်းတော့ မသိခဲ့။သည်အိမ်ကို အမြဲလိုလို အဝင်အထွက်ရှိပေမဲ့ ကိုခန့်မှာညီမတစ်ယောက်ရှိတာကိုသာ သိထား၏။ဘယ်သူဘယ်ဝါရယ်ဆိုပြီး မစပ်စုမိ။နာမည်ကိုလည်း အစောက မိတ်ဆက်ပေးလို့သာ သိရသည်။နာမည်က နှင်းရွှေစင်၊နာမည်လေးက သဘောကျဖို့ကောင်းသလို လူလေးကလည်း ချစ်စရာလေးဖြစ်သည်။သီတင်းကျွတ်ကျောင်းပိတ်ရက်မို့ ပြန်လာတာဖြစ်ပေလိမ့်မည်။ကျောင်းက ၉တန်းတက်နေတာဆိုတော့ မှိုင်းညို့ထက် ၂တန်းငယ်သည်။အသက်ကတော့ ၃နှစ်လောက်ကွာလိမ့်မည်။
"ကိုမှိုင်းညို့ ညီမတို့နဲ့တူတူ လိုက်မယ်မလား"
ညစာစားပြီးသွားပြီထင်သည်။ချက်ချင်း မှိုင်းညို့နားသို့ရောက်လာကာ အသံစာစာလေးနှင့်မေးလာသည်။
"ဘယ်ကိုလဲ"
"မီးထွန်းပွဲကိုလေ လိုက်မယ်မလား။ကိုခန့်ရောပါတယ်လေ"
နှင်းရွှေစင်ပြောမှ သတိရသွားသည်။မှိုင်းညို့ထမင်းစားနေတုန်း ကိုခန့်က သူ့ရွာမီးထွန်းပွဲလာကြည့်ဟုဆိုကာ အတင်းခေါ်လာခြင်းဖြစ်သည်။မလိုက်ချင်ကြောင်း ပြောသည့်တိုင် ကိုခန့်က အမေ့အားတပ်ကူခေါ်၍ အတင်းခေါ်တော့သည်။အမေကလည်း ဇွတ်အတင်းလိုက်ခိုင်းနေတာမို့ မလိုက်ချင်ဘဲ လိုက်ခဲ့ရသည်။
"မှိုင်းညို့က နင်နဲ့လိုက်မှာမဟုတ်ဘူး၊ ငါ့နဲ့အတူ ဘုရားဝန်းဘက်သွားမှာ"
အနောက်မှ ရောက်လာသော ကိုခန့်က ဝင်ပြောခြင်းဖြစ်သည်။
"သမီးလည်း ဘုရားဝန်းဘက်သွားမှာပဲလေ"
"နင်က အလှည့်နဲ့မှလိုက်မှာမလား၊ သွားတော့သွား မိုက်နဲ့အော်ခေါ်နေပြီ"
"သွားမှာပါ သွားမှာပါ၊ တကယ်ပဲ သူများကို ဇွတ်အတင်းနှင်နေတော့တာပဲ၊ ကိုမှိုင်းညို့ ဘုရားဝန်းထဲကျရင် တွေ့မယ်နော်"
YOU ARE READING
အချစ်ရပ်ဝန်းမှ ရုန်းမထွက်နိုင်ခြင်း
De Todoချစ်မိသွားပြီဆိုမှတော့ ဆက်ချစ်ရုံမှအပ ဘာများတတ်နိုင်ဦးမှာလဲ