နွေရာသီကျောင်းပိတ်ရက်တွေ ကုန်ဆုံးလေတော့ ကျောင်းသားများအားလုံး ကျောင်းတက်နေကြရပြီ။မှိုင်းညို့အတွက်ကတော့ ဆယ်တန်းအောင်စာရင်းကို စောင့်နေရုံသာဖြစ်သည်။နေ့ခင်းဘက်များတွင် နောက်ဖေးကွပ်ပျစ်မှာသာ အချိန်ကုန်လေ့ရှိသည်။ စာအုပ် တစ်အုပ်အုပ်ကို ဖတ်မည်၊ ဖုန်းဂိမ်းဆော့မည်၊ သီချင်းနားထောင်ရင်း အနားယူမည်၊ သို့မဟုတ်လျှင် အိပ်စက်အနားယူမည်ဖြစ်သည်။ ယနေ့တော့ မှိုင်းညို့ဟာ အနားယူရင်း ပေါ်မလာတာ တစ်ပတ်ကျော်ပြီဖြစ်တဲ့ ထိုသူ့အကြောင်းကို တွေးတောနေမိခြင်းဖြစ်သည်။
ပုံမှန်ဆိုလျှင် သုံးရက်ခြားတစ်ခါ လာတတ်သည့် ထိုသူသည် မိမိအိမ်သို့ ရောက်မလာသည်မှာတစ်ပတ်ကျော်လေပြီ။ ဒီတစ်ပတ်ကျော်လုံး မှိုင်းညို့အတွက် နှောက်ယှက်မည့်သူမရှိတာမို့ အတော်ကို စိတ်အေးချမ်းလှသည်။ မမနှင်းပန်းကို လိုက်နေတာမို့ မအားလပ်ဘူး ထင်ပါတယ်။ တစ်ပတ်အတွင်းမှာကို မမနှင်းပန်းတို့အိမ်ရှေ့မှာ ဂစ်တာတီးပြီးသီချင်းသွားဆိုတာ ၃ ရက်ရှိပြီဖြစ်သည်။မနက်ကမှ ထက်နိုင်ပြောလို့သိရခြင်း။
ပထမတစ်ရက်က ထက်နိုင်ရော သူ့အဖေရော အိမ်တွင်မရှိသည့်အချိန်ဖြစ်သည်။ ဒုတိယရက်တွင်လည်း သူ့အဖေရော သူရောအိမ်မှာမရှိကြပေ။ တတိယရက်တွင်တော့ မိသားစု စုံစုံလင်လင်ရှိနေသည့် အချိန်ဖြစ်လို့ ထက်နိုင်အဖေက လောက်လေးဂွနဲ့ပစ်လို့ တရောတောပါး ပြေးကြသည်ဆိုပဲ။ နည်းတောင်နည်းသေးတယ်၊ တစ်ခါတည်း သူတို့ရွာသူကြီးဆီတိုင်လိုက်ရမှာ၊ အဲဒါမှထိပ်တုံးစာမိမှာ။
ကိုယ့်အိမ်ကို မလာလေ ကောင်းလေပဲ၊ ဒီတစ်ခါလာရင်တော့ မှတ်လောက်သားလောက်အောင်ကို ပညာပြလိုက်မယ်။"အဒေါ်ရေ အဒေါ်တို့အတွက် ဆူးပုတ်ရွက်တွေပါလာတယ်၊ နွယ်ရှာရွက်ရောပဲ"
မှိုင်းညို့ ကြုံးဝါးလို့တောင် မပြီးသေးဘူး ထိုသူက ရောက်လာလေပြီ။ ထိုသူ သူ့အနားရောက်မလာခင် အိပ်ချင်ယောင်ဆောင်ထားလိုက်သည်။
" ကျေးဇူးပဲခန့်ညားရေ၊ ဒီနေ့တော့ ဟင်းရွက်တွေများနေပြီမို့၊ နောက်နေ့မှပဲ ချက်စားရတော့မယ်"
YOU ARE READING
အချစ်ရပ်ဝန်းမှ ရုန်းမထွက်နိုင်ခြင်း
De Todoချစ်မိသွားပြီဆိုမှတော့ ဆက်ချစ်ရုံမှအပ ဘာများတတ်နိုင်ဦးမှာလဲ