"ဘာကိစ္စရှိလို့လဲ"
"ငါက ကိစ္စရှိမှလာရမှာလားကွ"
ကောင်းထက်က မှိုင်းညို့အားမကျေမနပ်ပြန်ပြောလာသည်။
"မဟုတ်ပါဘူး မင်းကလည်း"
"လာပါ..ငါကစတာပါကွာ။မင်းအသံကဘယ်လိုဖြစ်နေတာလဲ"
မှိုင်းညို့အသံ အနည်းငယ်တုန်နေတာ ကောင်းထက် သတိထားမိသွားသည်ထင်ပါ၏။ကောင်းထက်က သူ့ပုခုံးပေါ် လက်တင်ပြီးဆွဲခေါ်သွားတာမို့ ကောင်းထက်ဦးတည်ရာသို့ လိုက်ခဲ့ရသည်။
"ဘာမှမဖြစ်ပါဘူး။ ပုံမှန်ပါပဲ"
"မင့်ပုံမှန်အသံက နည်းနည်းပျော့နေသလိုပဲ။ဒါ့ထက်မာနေမှ ပုံမှန်တာပါကွာ။ ထားပါ..လာရင်းကိစ္စပဲပြောရအောင်"
နှစ်ယောက်သား အိမ်နောက်ဖေးကွပ်ပျစ်ပေါ်တွင် ထိုင်မိကြသည်။ကောင်းထက်ရဲ့ လာရင်းကိစ္စသည် မောင့်ကိစ္စဖြစ်မနေဖို့တော့ မျှော်လင့်ရသည်။
"မနက်က ငါ ကိုခန့်တို့အိမ်ရောက်ခဲ့တယ်။ ကိုခန့်က အိမ်မှာရှိမနေဘူးကွ။ အရီးတို့ကို ဘယ်သွားလဲ မေးတော့လည်း မသိဘူးတဲ့။အိပ်ယာထဲမှာ အိပ်နေတုန်းလို့ထင်နေကြတာ။ငါကတက်ရှာပြီး မရှိဘူးပြောတော့ သူတို့တောင်အံ့သြနေသေးတာ။ ငါလည်း ဒီအတိုင်း ဟိုနားဒီနားသွားတယ်ထင်ပြီး တန်းလျားမှာ ထိုင်စောင့်နေတာပေါ့ကွာ။ခဏနေတော့ ဆန်းအောင်ဆိုတဲ့ကောင်က အပြေးတစ်ပိုင်းရောက်လာပါရော"
"မင်းစကားက လိုရင်းကိုရော ရောက်ဦးမှာလား"
မှိုင်းညို့စကားဖြတ်ပြီး ဝင်ပြောလိုက်သည်။ မောင်နှင့် ပတ်သတ်နေလို့သာ ငြိမ်ပြီး နားထောင်နေတာကို အကောင်းမှတ်နေလားမသိ။သူမှဝင်မပြောရင် လိုရင်းကို ရောက်မည်မထင်။
"လိုရင်းပဲ ပြောနေတာပဲလေ"
"မင်းလိုရင်းက တော်တော်နားညီးနေပြီ"
"အေးပါကွာ လိုရင်းပဲပြောတော့မယ်၊ ကိုခန့် မိန်းမယူရတော့မယ်"
"ဟမ်...မိန်းမယူတော့မယ်"
ကောင်းထက်ရဲ့ လိုရင်းစကားဟာ မှိုင်းညို့အတွက်တော့ အလွန်တရာလျင်မြန်လှသည့် မျှားတစ်စင်း ထိမှန်သွားသည့်နှယ် နှလုံးသားတစ်ခုလုံး နာကျင်သွားရသည်။
YOU ARE READING
အချစ်ရပ်ဝန်းမှ ရုန်းမထွက်နိုင်ခြင်း
Randomချစ်မိသွားပြီဆိုမှတော့ ဆက်ချစ်ရုံမှအပ ဘာများတတ်နိုင်ဦးမှာလဲ