ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများ၊ဇာတ်ကောင်များသည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်ပါသည်။ မည်သူတစ်စုံတစ်ဦးကိုမျှမရည်ရွယ်ပါ။ အကြောင်းတစ်စုံတစ်ရာတူညီမှုရှိခဲ့ပါကတိုက်ဆိုင်မှုသာဖြစ်ပါသည်။
[Zawgyi]
1
"ရပ်လိုက်"
အမိန့်ဆန်လှသည့်ခပ်ရှရှစကားသံကြောင့် သရေတာထဲဝင်လာသော လေပြည်နွေး၏ခြေလှမ်းလေးများတွန့်ကနဲ။ ရင်ထဲလည်းထိတ်သွားကာနွေးအသံလာရာကိုမရဲတရဲလေးကြည့်လိုက်မိသည်။
အမျိုးသမီးတစ်ယောက်သည် သရေတာ၏အရှေ့ စတိတ်စင်ပေါ်မှ နွေးကိုစူးရှရှအကြည့်ဖြင့်စိုက်ကြည့်နေလေသည်။ ထိုအမျိုးသမီးကို နွေးကျောင်းတက်လာတဲ့တလျှောက်တွင်မမြင်ဖူးပါ။ သူမနောက်ရှိprojector တွင် slide ပုံအချို့ထိုးထား၏။ဝတ်စားဆင်ယင်ပုံအရရော အနေအထားအရပါ ဆရာမဆိုတာသေချာသည်။ ကြည့်ရတာ ဆရာမအသစ်ပဲဖြစ်ရမည်။
သို့ရာ နွေး tote bag ကလေးကိုခုံပေါ်မတင်သေးဘဲ အိတ်ကလေးပိုက်လျက်သူမကိုမရဲတရဲလေးခေါင်းလေးငုံ့ပြီးလှမ်းနှုတ်ဆက်လိုက်၏။
နွေးတရိုတသေနှုတ်ဆက်သော်ငြားအဆိုပါအမျိုးသမီးကတော့တစ်စက်ကလေးမှပြန်မပြုံးပြ
သည့်အပြင် စတိတ်ပေါ်မှနေ ရှေ့သို့အနည်းငယ်တိုးလာသည်။"မင်း နာရီကြည့်လိုက်"
ခပ်ရှရှအမိန့်သံလေးဟာ နွေး၏နှလုံးခုန်သံကိုမြန်စေပြန်သည်။ နွေးအဆူခံရတော့မှာလား။
အယောက်၂၀၀ကျော်သောကျောင်းသူ/သား များ၏ရှေ့တွင်အဆူခံရတော့မည်ဖြစ်၍ နွေးလိုစာတော်သည့်ဆေးကျောင်းသူတစ်ယောက်အနေဖြင့်တုန်လှုပ်မိမှာအမှန်။ ထိုမျှမက နွေး၏မိဘအသိုင်းအဝိုင်းကြောင့် နွေးကိုဘယ်သူမှဒီလိုမဆက်ဆံဖူးသေး။"ဘယ်အချိန်လဲ"
"၁၀နာရီ တီချယ်"
"ငါ့ lecture ဘယ်အချိန်စမှာလဲ မင်းသိလား"
"၉နာရီပါ"
"၁နာရီတိတိနောက်ကျတယ်"
အဆိုပါအမျိုးသမီး၏အသံဩဇာအတော်ညောင်းသည်။ အသံသည်မချိုသလိုတအားလည်းမစူး။ ခပ်ရှရှကိုမှအသံဝါလေး။ ထွက်သည့်တစ်လုံးချင်းသည်လည်းပီသသည်။ မိုက်ကိုလက်တွင်ကိုင်မထားဘဲ မိုက်အသေးလေးကိုရင်ဖုံးအင်္ကျီလေးတွင်ချိတ်ထားပုံလေးက အခြားသူများထက်တစ်မူထူးနေ၏။