[Zawgyi]
44ဟူး....
စိမ့် လက်ကိုင်အိတ်လေးကိုစားပွဲပေါ်တောင်မတင်
နိုင်ဘဲခုတင်ပေါ်ချကာသူမလည်းခြေပစ်လက်ပစ်
ထိုင်ချလိုက်မိသည်။သက်ပြင်းတစ်ချက်သည် လွန်ခဲ့သောမိနစ်ပိုင်းခန့်အချိန်ကိုပြန်တွေးမိသည်နှင့် အလိုလိုရောကပ်လာ၏။
လေပြည်နွေးနှလုံးဖောက်လို့တဲ့လား။ ထိုသတင်းကိုကြားကြားချင်း သွေးဟာစိမ့်ကိုခွင့်တောင်မတောင်းနိုင်ဘဲ ပြာယာခတ်ပြီး ထပြေးသွားလေသည်။
ပုံမှန်လို့ဆိုလို့ရတဲ့အပြုအမူဆိုပေမဲ့ စိမ့် နက်နက်နဲနဲတွေးကြည့်တော့ ရင်ထဲတဆစ်ဆစ်။ စိမ့်ဘက်ကိုတစ်ချက်လေးမှတောင်မကြည့်ဘဲချက်ချင်းပြေးထွက်သွားပုံအရ သွေးအတွက်စိမ့်ဟာပထမဆုံးရွေးချယ်မှုမဟုတ်ဘူးလို့သွယ်ဝိုက်ပြလိုက်ဟန်။
စိမ့် တွေးတောပူပန်နေမိပါသည်။"သူ့ညီမကိုငါ့ထက်ပိုချစ်မှာပဲ"
ခပ်ပြုံးပြုံးရေရွတ်လိုက်သောစကားလေးပေမဲ့ ရင်ဘက်ထဲအောင့်သက်နေ၏။ ထိုအတွေးသည်တွေးသင့်မသင့်စိမ့်မစဉ်းစားနိုင်။ စိမ့်အတွေးထဲလွှမ်းနေသည်မှာ ရောင်လျှံသွေးဟာ အနာဂတ်မှာစိမ့်နဲ့သူမညီမရွေးချယ်ရတော့မယ်ဆိုလျှင် စိမ့်ကိုရွေးချယ်ပါ့မလား။ စိမ့်ကြောက်သည်။ ထားခံခဲ့ရမှာ ဆုံးရှုံးရမှာ ရွေးချယ်မခံရမှာစိမ့်ကြောက်သည်။
အကြောက်တရားတို့လွှမ်းလာသည်နှင့်အမျှ စိမ့်ဟာပူလောင်လာ၏။ ပူလောင်ခြင်းကိုလျှော့ချဖို့ရန် စိမ့်နည်းလမ်းရှာရမည်။
"ကိလေသာအပူတွေ သံယောဇဉ်ဆိုတာရစ်ပတ်တတ်တယ် အပူမီးတွေပဲ"
တစ်ကိုယ်တည်းတရားသဘောကိုရှုမှတ်ရင်းအမရာစိမ့်ဟာသက်ပြင်းတွေအထပ်ထပ်ချပြန်သည်။ မောင်နှင့်ဆက်ယှက်ပြီးချိန်မှစလို့ စိမ့်မှာပူလိုက်ရတဲ့အပူတွေမနည်းတော့ပါ။ သို့သော်လည်းထိုသံယောဇဉ်မီးအပူတွေကိုစိမ့်ကိုယ်တိုင်ကိုကမက်မောနေမိသည်။ စိမ့်လွှတ်မချနိုင်ပါ။
စိမ့်ဟာခုတင်ပေါ်ထိုင်ရင်းနံရံကိုစိုက်ကြည့်နေလျက်မှ အချိန်ကိုသတိရသွားပုံ။