[Zawgyi]
23နံနက်စောစော၆နာရီခန့်သာရှိသေးချိန် သမီးဖြစ်သူဟာဘုရားခန်းရှေ့မှာ အရုဏ်ဆွမ်းကပ်နေသဖြင့် ဒေါ်သက်ထားဝေ ပြုံးပြီးကြည့်နေမိပါသည်။
စိမ့်သည် သဘက်လေးပုခုံးပေါ်တင်ကာ သက်ဝင်
ယုံကြည်စွာဖြင့်တလေးတစားဆွမ်းတော်ကပ်မေတ္တာပို့ဆုတောင်းပေးနေလေသည်။ အသံတော့သိပ်
မထွက်ပါ။ ခပ်တိုးတိုးလေးဂါရဝပြုနေပုံလေး၊စိမ့်ကိုမြင်ရတာသိပ်အေးချမ်းလွန်း၏။ဒီလောက်လှတဲ့သမီးလေးကိုမွေးထားတဲ့ကိုယ့်ကိုကိုယ်တောင်ကြံဖန်ဂုဏ်ယူနေမိပါသည်။
တစ်ခဏအကြာစိမ့်သည် နောက်ကိုလှည့်ကြည့်လာပြီး သူမမိခင်ကိုတွေ့သွား၏။
"မေမေ အစောကြီးနိုးနေတာလား"
"အင်း စိမ့် အရုဏ်ဆွမ်းစကပ်တည်းက"
ဒေါ်သက်ထားဝေ၏အဖြေကိုတုံ့ပြန်သည့်အနေဖြင့်
စိမ့်ဟာပြုံးလေသည်။"စိမ့် ဒီနေ့စောနိုးလို့ ထချက်ပြုတ်လိုက်တာ"
ဒေါ်သက်ထားဝေသည်စိမ့်ကိုခေါင်းလေးငြိမ့်ပြကာစိုက်ကြည့်နေ၍ စိမ့်မျက်ခုံးလေးပင့်မိပါသည်။
"စိမ့် မေမေ့သမီးကလှလိုက်တာ"
မပြင်မဆင်ထားသည့်ပုံစံကိုမေမေကလှတယ်လို့ချီးကျူးနေရာ စိမ့်၏ပါးမို့မို့လေး၂ဖက်သည်အလိုလိုဖောင်းတက်လာလေသည်။ ပြုံးလိုက်ရယ်လိုက်လျှင် ပါးသေးသေးဖောင်းဖောင်းလေးတွေမို့တက်လာပုံဟာ ချစ်မွှေးပါလွန်းပါသည်။
"စိမ့် ဘာမှမပြင်ရသေးဘူး"
"မပြင်တာကိုကလှနေတာ သမီးလေးအိမ်ထောင်မပြုတော့ဘူးလားဟင်"
မေမေ့ထိုအမေးကတော့စိမ့်ရဲ့အပြုံးလေးကိုသိမ်လျော့စေသည်။ စိမ့်ဘဝ၏တစ်ဦးတည်းသော ဖူးစာဖက်သည် မောင်ဆိုသည့် ရောင်လျှံသွေးဟုသာစိမ့်သတ်မှတ်ပြီးသားဖြစ်၏။ မေမေ့ကိုထုတ်ပြောဖို့ရန်တော့စိမ့်တကယ်ကိုတွန့်ဆုတ်နေရသည်။
"စိမ့် အိမ်ထောင်မပြုချင်လို့ပါ"
စိမ့်၏မရိုးနိုင်သည့်အဖြေကြောင့် ဒေါ်သက်ထားဝေ သက်ပြင်းခိုးချပြန်၏။