[Zawgyi]
31"Ec"
ကားပေါ်မတက်သွားမီ စိမ့်ဟာ သဲလွှာကိုလှည့်ကြည့်လာကာ သဲလွှာအနားတိုးလာ၏။
"ဟုတ်ကဲ့ တီချယ်"
"လျှို့ဝှက်ပေးထားလို့ရမလား"
သဲလွှာကိုတည့်မကြည့်ဘဲ တောင်းဆိုလိုက်ပုံလေးမှာ သိပ်ကိုသိမ်ငယ်နေသလား။ ကျော့ရှင်းယဉ်သာကာမာန်အပြည့်မာနအပြည့်ဖြင့်နေတတ်သည့် စိမ့်ဟာ ယနေ့ သဲလွှာရှေ့ အခြားသူတစ်ယောက်လိုပြောင်းလဲနေသည်။
"စိတ်ချပါတီချယ်"
"ရှက်ရှက်နဲ့ပဲ တီချယ်တောင်းဆိုတာပါ Ecကို
တီချယ်ယုံလို့"သဲလွှာသည်မျက်နှာငယ်လေးဖြင့်စိမ့်ကိုကြည့်ပြီးခေါင်းလေးငြိမ့်ပြနေသည်။
စိမ့်ကို သဲလွှာပဲဆေးခန်းပို့ပေးခဲ့ရ၏။ ဖြစ်ချင်တော့ အနီးစပ်ဆုံးဆေးခန်းသည် သွန်း အထွေထွေရောဂါကုဆေးခန်းဖြစ်နေသလို ထိုဆေးခန်းနာမည်ကြီးတာမို့ သဲလွှာ သွန်းဆီကိုသာအမြန်ပြေးရ၏။
သူမတို့ပြဿနာ သွန်းကိုစိမ့်မပြောပြခဲ့ပါ။ ရင်ထဲတွင်သာထည့်သိမ်းထားရသော အထုပ်အထည်ကြီးကိုထုတ်ဖော်ပြဖို့အတွက်လည်း စိမ့်မလုပ်တတ်။ လုပ်ချင်စိတ်လည်းမရှိ။ စိမ့်ဟာကလေးဘဝတည်းက အနေအေးပြီးလျှို့ဝှက်တတ်သူ။
"ကျေးဇူးပါပဲ Ec"
သဲလွှာသည် စိမ့်ကိုခပ်တွေတွေလေးသာကြည့်နေကာ စိမ့်ကတော့ ကားမောင်းထွက်သွားပြီ။
ယနေ့ကျောင်းပိတ်ရက်ဖြစ်တာမို့ စိမ့် ဆေးရုံသွားရမည်။ ဆေးရုံမှာအချိန်ပိုင်းထိုင်ပေမဲ့ ထိုင်တဲ့အချိန်ပိုင်းလေးမှာပင် လူနာကြပ်သည်။အမရာစိမ့်ဟာ ပညာတွင်သာမက လက်တွေ့ကုသရေးတွင်လည်းနာမည်ရသည်။
ထိုသို့အဖက်ဖက်မှပြည့်စုံနေသည့်တိုင် ရောင်လျှံသွေးနှင့်ပတ်သက်လျှင်တော့စိမ့်ရဲ့နှလုံးသားအတော်အားနည်းသွားတတ်၏။
ဆေးရုံမသွားခင် မနက်ခင်း မေမေကြီးကိုကျန်းမာရေးစစ်ဆေးပေးဖို့သွားရမည်ဖြစ်ရာ စိမ့် သူမကိုယ်သူမသပ်ရပ်အောင်ပြင်ဆင်လိုက်သည်။