[Zawgyi]
11ယနေ့သွေးစိတ်ကြည်လင်နေပါသည်။ နွေးသည် မနေ့ညနေကျောင်းမှပြန်ရောက်တော့အတော်လေးရွှင်လန်းနေတာသွေးတွေ့ရ၏။
မေးကြည့်တော့ စိမ့်ကသူ့ကိုစိတ်မဆိုးတော့ဘဲကောင်းကောင်းဆက်ဆံတယ်လို့ပြောသည်။ စိမ့်အကြောင်းပြောနေတုန်း နွေးမျက်လုံးတွေအတော်လေးအရောင်တောက်နေတာသွေးသတိထားမိလိုက်ပါသည်။
ညီမလေးစိတ်ချမ်းသာတော့ သွေးပျော်တယ်ဆိုပေမဲ့ စိမ့်အပေါ်နွေးတအားခင်မင်နေတာကိုတော့ သွေးသဘောမကျချင်ပါ။ သွေး၏အတ္တစိတ်သည်လည်းစိမ့်ကိုလွှမ်းခြုံချင်နေပြီထင်၏။ စိမ့်နှင့်ပတ်သက်လျှင် သွေးအနည်းငယ်အတ္တကြီးချင်လာပြီ။
"နွေးသဘောကျမယ်ဆိုလည်းကျချင်စရာ အသေးလေးကမတရားလှတာကိုး"
ထိုအတွေးကိုတွေးပြီးသွေးပြုံးလိုက်မိသည်။ အသေးလေးဆိုတဲ့နာမ်စားကိုသွေးပါးစပ်ကဘယ်လိုထွက်လာပါလိမ့်။ အမရာစိမ့်နဲ့ထိုနာမည်တော်တော်တော့လိုက်ပါသည်။ သေးသေးလေးနဲ့ကိုမှဘယ်လိုလှလို့လှနေမှန်းကိုမသိ။
"ဆေးထည့်ပေးနေတာတောင်တအားလှတာ စာသင်ရင်လည်းတော်တော်လှမယ်ထင်တယ်"
သွေးတို့ငယ်ငယ်ကလည်းဆရာမလှလှလေးတွေစာသင်ရင်ငေးခဲ့ရတာမဟုတ်လား။ စာထက်ဆရာမဘာဝတ်တယ်ဘယ်လိုနေတယ်ကိုပိုအာရုံစိုက်မိသည်။ ဒါဟာအထူးအဆန်းတော့မဟုတ်။ ထို့ကြောင့် နွေး၏စိမ့်အပေါ်ချစ်ခင်မှုကိုသွေးအထင်အမြင်မလွဲမိပါ။
သွေးသွားပြောပြီးနောက်နေ့ ညီမလေးကိုစိမ့်ကကောင်းကောင်းဆက်ဆံပေးတယ်ဆိုတော့ သွေးပီတိဖြစ်သလိုလို။ သွေးတစ်ယောက်ပြုံးဖြဲဖြဲဖြစ်နေ၏။
"မမသွေး ဒီမနက်တအားပြုံးနေတယ်နော်"
ဒီး၏အသံကြောင့်သွေးသည်သူမအတွေးအားလုံးကိုဖျောက်လိုက်ကာ ကားဘေးမှန်ဘောင်ကိုတံတောင်ဖြင့်ထောက်လိုက်သည်။ ကားမောင်းနေတဲ့တလျှောက် ဒီး အကဲခတ်နေမိတာ။ သွေးကသာမန်ထက်ကိုပိုပြုံးနေပြီး ထိုအပြုံးများသည် ဒေါက်တာအမရာစိမ့်ကိုတွေ့ပြီးချိန်မှဖြစ်ပေါ်လာသောအပြုံးများဖြစ်သည်။