ပိုင်ချန် အဲဒီလူငယ်လေးကို မသိသလို မူလပိုင်ရှင်ရဲ့ မှတ်ဉာဏ်ထဲမှာလည်း သူနဲ့ ပတ်သတ်တဲ့ မှတ်ဉာဏ်ကို ရှာမတွေ့ခဲ့ပေ။
အဲဒါကြောင့် ပိုင်ချန် သူ့ကို မျက်လုံး မှေးကာ ကြည့်လိုက်ပြီး သူ့ကို ကျော်သွားဖို့ လုပ်လိုက်သည်။
ကိုယ်နဲ့ မဆိုင်တဲ့လူတွေ ကို ဂရုစိုက်စရာ မလိုဘူး။
ကျန်းဟိုင်ရင် တစ်ယောက် ပိုင်ချန် သူ့ကို ရှောင်သွားတာ တွေ့လိုက်ရတော့ နည်းနည်း လန့်သွားခဲ့သည်။ သူ ရှက်သွားတာကြောင့် ရှက်ပြုံး ပြုံးလိုက်မိသည်။ သူ့ရဲ့ လက်ကို မြှောက်လိုက်တဲ့ အချိန်က စပြီး အခုအချိန်အထိ သူတစ်ယောက်တည်း ငတုံး တစ်ယောက်လို ဖြစ်နေကြောင်း တွေးလိုက်မိသည်။
ဘာမှမဖြစ်ခဲ့သလိုမျိုး ဟန်ဖို့လိုက်ပြီး လက်ကို ချလိုက်သည်။ အဲဒီနောက်မှာတော့ ကြင်နာတတ်တဲ့ အပြုံးမျိုး ပြုံးပြပြီး ပိုင်ချန်ရဲ့ အရှေ့မှာ ရပ်ကာ ပြောလိုက်သည်။
"ငါ မင်းကို ခြောက်သလို ဖြစ်သွားလား?"
သူက ပိုင်ချန်ရဲ့ နူးညံ့သိမ်မွေ့နေတဲ့ မျက်နှာလေး ကို ကြည့်လိုက်ပြီး သူ့ရဲ့ လုပ်ရပ်တွေ က လူမိုက်တစ်ယောက်နဲ့ တူနေတယ်လို့ ခံစားလိုက်ရသည်။
"မင်းကို မိတ်ဆက်ဖို့ မေ့သွားတယ်၊ တွေ့ရတာ ဝမ်းသာပါတယ်"
သူ ပိုင်ချန် ကို လက်ဆန့်ပေးလိုက်ပြီး ပြောလိုက်သည်။
"ငါ့နာမည် က ကျန်းဟိုင်ရင် ပါ။ ငါ့အဖေ က ကျန်းကျန့်ဟွာလေ။ ငါ့အဖေ က မင်းကို ပြောပြထားတယ် မဟုတ်ဘူးလား?"
ပိုင်ချန် ခဏလောက် တွေးကြည့်လိုက်သည်။ သူ ပြောတာ မှန်တဲ့ပုံပဲ။
ကျန်းဟိုင်ရင် က ဆက်ရှင်းပြလိုက်သည်။
"မင်း က စာမေးပွဲ သွားဖြေမှာ မဟုတ်လား? မင်းနဲ့ တစ်ရွယ်တည်း ရှိလောက်မယ့် ငါတို့ရဲ့ ညီလေး၊ ညီမလေးတွေလည်း စာမေးပွဲ ဝင်ဖြေကြမှာလေ။ အဲဒါကြောင့် ငါ့အဖေ က မင်းကို လာကြိုခိုင်းလိုက်တာ"
ကျန်းဟိုင်ရင် ဘယ်သူလဲဆိုတာ အတည်ပြုပြီးသွားပေမယ့် သူ့ရဲ့ လက်တစ်ဖက် က လေထဲမှာ ရှိနေတုန်းပဲ ဖြစ်သည်။ ပိုင်ချန် အဲဒါကို လျစ်လျူရှုထားလို့ မဖြစ်တာကြောင့် လက်ကို ဆန့်ထုတ်လိုက်ပြီး လက်ဆွဲ နှုတ်ဆက်လိုက်သည်။
YOU ARE READING
သူက အရမ်း ချွဲလွန်းတယ် (Book 2)
Romanceသူက အရမ်း ချွဲလွန်းတယ် ပိုင်ချန် book 2ပါရှင့်