Unicode
အချစ်တွေကအပြစ်ဖြစ်ခဲ့လေသလား
[Season.2]Chapter.12
နုခြယ်အိမ်ပြန်လာစဥ်မှာ သူမတို့ခြံထဲမှခြားနားရဲ့ကားကိုမြင်လိုက်ရ၍ သူမကားကိုခြံထဲမောင်းဝင်ခဲ့ပြီး ခြားနားရဲ့ကားနောက်မှာသူမကားကိုကပ်ရပ်လိုက်၏။
သူမကားပေါ်ကဆင်းပြီးအိမ်ထဲဝင်ခဲ့တော့ ဧည့်ခန်းထဲမှာမိန့်မိန့်ကြီးထိုင်နေတဲ့ဘုန်းသွေးကိုမြင်လိုက်ရချိန်မှာ သူမရင်ထဲဆောင့်ခုန်သွားရလေသည်။
''ရှင်...ဘာလာလုပ်တာလဲ''
သူကထိုင်ရာမှလိုက်ပြီး ဘောင်းဘီအိတ်ကပ်နှစ်ဖက်ထဲလက်ထည့်ကာ...
''ကျွန်တော်ကဘာလာလုပ်ရမှာလဲ သူဌေးလေးကမမလေးဆီလာတာ''
''ဪ...ဟို...နာမည်ကဘုန်းသွေးနော်''
''......''
''ကျွန်မကငွေသားနုခြယ်ပါ''
''သိပြီးသားပါ''
သူမဘာဆက်ပြောလို့ပြောရမှန်းမသိ။
စကားပြောတာတုံးတိကြီးနဲ့ခပ်ပြတ်ပြတ်ကြီး။ချေမိုးနေတာပဲ။
အပေါ်ထပ်မှာရှိနေတဲ့ခြားနားကတော့ အိပ်ပျော်နေသောမွေ့မျက်နှာလေးအားတစိမ့်စိမ့်ကြည့်ရင်း ကြည့်လေကြည့်လေကြည့်မဝနိုင်ဖြစ်နေလေ၏။
သူမလက်ကလေးကိုနမ်းလိုက် နဖူးလေးနဲ့ပါးလေးကိုနမ်းလိုက် ဆံနွယ်လေးတွေကိုဆွဲယူနမ်းလိုက်နဲ့အသည်းတယားယားဖြင့်ချစ်မဝနိုင်ဖြစ်နေရလေသည်။
အပြစ်ကင်းစွာအိပ်ပျော်နေသောသူမမျက်နှာလေးကသူ့ရင်ထဲမှာတရစ်ပြီးတစ်ရစ်စွဲထင်နေပြီး နောက်ဘဝတွေရောက်တိုင်းမှာလည်းသူမကိုမေ့မှာမဟုတ်တာသေချာတယ်။
''ဟင့်!...ကိုကို''
သူမနှုတ်ခမ်းပါးလေးဆီမှနာမ်စားကြောင့်သူလှုပ်လှုပ်ရှားရှားဖြစ်သွားတုန်း သူမမျက်ဝန်းထောင့်မှမျက်ရည်လေးတွေစီးကျလာ၍ သူကပြာကယာဖြင့်သူမအားဆွဲထူကာ လူကကုတင်မှာဝင်ထိုင်ပြီး သူမကိုယ်လေးအားသူ့ရင်ဘတ်မှာမှီစေလိုက်လေသည်။
''အဟင့် ဟင့်''
''ဘာဖြစ်လို့လဲမွေ့ရယ်''
သူမကိုကြည့်ရတာဝမ်းနည်းစရာအိပ်မက်တစ်ခုကိုမက်နေပုံပင်။