(Zawgyi)
လေညင်းသံတို့ကို အထင်းသားကြားရလောက်အောင်သာ လှုပ်ရှားနေတဲ့ ပတ်ဝန်းကျင်က အနေရခက်စွာ တိတ်ဆိတ်လွန်းနေတယ် ... နေရောင်ခပ်ဖျဖျကျရောက်နေတဲ့ လမ်းကိုငေးကြည့်နေတဲ့ မျက်ဝန်းတွေမှာလည်း အကြောင်းပြချက်ထွေထွေထူးထူးရှိမနေ ...ယှဉ်ယှက်ထားတဲ့ လက်ချောင်းတွေကို ပိုမိုတင်းကြပ်စေလိုက်ပြီး လက်မထိပ်နှစ်ခုကို ခပ်ဖွဖွထိတို့ကာ အနေရခတ်နေတဲ့ ဒီအခြေအနေမှာ အသားကျအောင် လှုပ်ရှားမှူခပ်သေးသေးလေးတစ်ခုပြုလုပ်ပေးနေမိတယ် ...
ကျောင်းပန်းခြံရဲ့ ခုံလျားတစ်ခုပေါ်မှာ သူနဲ့ကျွန်တော် ခပ်ခွာခွာထိုင်နေကာ ဒီလိုမလှုပ်မယှက်လုပ်နေတာ အချိန်တော်တော်လေးကိုကြာနေပြီ ... ကျွန်တော့်ဆီရောက်လာတည်းက ဖြူလျော်နေတဲ့ မျက်နှာနဲ့ ကျွန်တော့်ကိုဆွဲကိုင်လိုက်တဲ့ လက်အသားတွေက ပူနေတာ သိပေမယ့် ကျွန်တော် သူ့အခြေအနေကိုမမေးမိ ...
မျက်လုံးထဲရိပ်ကနဲ လှုပ်ရှားမှုတစ်ခုကိုမြင်လိုက်တော့ ... ကျွန်တော့်ခန္ဓာကိုယ် ရုတ်တရတ်မို့ တောင့်တင်းသွားပြီး ကိုယ်တစ်ခုလုံးက ကျုံ့ဝင်သွားသလိုပင် ... ပြန်လည်တည်ငြိမ်သွားသလိုရှိတာကြောင့် တစ်ဖက်ကို မရဲတရဲလှည့်ကြည့်လိုက်တော့ ရုတ်ချည်း ရင်ဆိုင်လိုက်ရတဲ့ မျက်ဝန်းတစ်စုံက ရီမှိုင်းစွာ ကြည့်နေတယ် ... မျက်နှာအကြောတွေပူထူသွားပေမယ့်လည်း ကျွန်တော် ဆက်ကြည့်နေဖို့မကြိုးစားမိ ! တစ်ဖက်ကိုလှည့်လိုက်တဲ့ ကျွန်တော့်မျက်နှာပေါ်မှာ ဥပေက္ခာဆိုတာကို သူ ခံစားမိလိုက်ရင် သိပ်ကောင်းမယ် ...
အနားကိုတိုးကပ်လာတဲ့ အရိပ်တစ်ခုကို နေရောင်ခပ်ဖျဖျကျနေတဲ့ မြေပြင်ပေါ်ကနေတဆင့်မြင်နေရတယ် ... ပိုကပ်ကပ်လာတဲ့ တဖက်ကကိုယ်သင်းရနံ့တစ်ခုက နီးကပ်စွာ ...
တံတွေးတစ်ချက်မျိုချလိုက်မိပြီး ဘေးနားမှာ နေရာအနည်းငယ်ကျန်နေသေးတဲ့ဘက်ကို မသိမသာ တိုးသွားလိုက်တယ် ... ဒါပေမယ့် နီးကပ်လာတဲ့ သူ့အနားမှာ ကျွန်တော်မနေချင် ... အသက်ရှူရတာကျဉ်းကျပ်တယ် ... အရမ်းမွန်းကျပ်တယ် သူ့အနားမှာနေရတာ ...ဆတ်ကနဲ မတ်တပ်ရပ်လိုက်မိတဲ့ ကျွန်တော့်ကို ပြန်ဆွဲချလိုက်တဲ့ လက်တစ်စုံကလည်း လျင်မြန်စွာရှိနေပြန်တယ် ... ရုတ်တရတ်မို့ လန့်လွန်းလို့ အော်မိတော့မလိုဖြစ်သွားပေမယ့်လည်း ပါးစပ်ကိုတော့ သေချာထိန်းလိုက်နိုင်ပေမယ့် ထိုင်ခုံပေါ်ကိုတော့ အသားကျစွာ ပြန်ထိုင်ကျသွားပြန်တယ် ... ဒါတင်မလုံလောက်သေး ... ဘယ်ဘက်ပခုံးတစ်ဖက်ဆီက လေးလံမှုတစ်ခုနဲ့အတူ နွေးထွေးမှုတစ်ခုကို တပြိုင်နက်တည်း ခံစားလိုက်ရတဲ့အချိန် အကြောင်းမဲ့ လက်သီးတွေကိုဆုပ်မိသားဖြစ်သွားတယ် ...
KAMU SEDANG MEMBACA
Reject
Fiksi Remajaplz reject my valueless love and then leave my heart in the silent and dark place...