ခပ်သြသြအသံလုံးကြီးကြီးဖြင့် သီဆိုနေသည့်သီချင်းသံက လူအုပ်ကိုကျော်ကာ ငြိမ့်ငြိမ့်ငြောင်းငြောင်းပြန့်လွင့်နေသည် ။
ညို့ငင်ဖြားယောင်းမှုတစ်စုံတရာကို ကျော်လွန်ဖြတ်တောက်နိုင်ခြင်းမရှိသလို အာရုံအလုံးစုံက သီချင်းသံမှာသာတွယ်ငြိလျက် ။
ချဖူးသည့်မှတ်ချက်ကိုသာ ထပ်တစ်ကြိမ်ဝန်ခံမိသည် ။ ဒီကောင်လေးက သီချင်းဆိုဖို့သာပိုပြီးသင့်တော်တဲ့လူမျိုး. . ။
တိတ်တဆိတ်နောက်လျိုဆုတ်ခွာရန်ပြင်သော်လည်း သူခြေတလှမ်းနောက်ကျခဲ့သည်ထင်၏ ။ ကျဲပါးသွားသောလူစုကြားက သူ့ဆီအကြည့်တစ်စုံက ဆိုက်ဆိုက်မြိုက်မြိုက်ကျရောက်လာသည် ။
မျက်အိမ်ကျယ်ကျယ် မတုန်တလှုပ်အကြည့်ကို အနည်းငယ်အချိုးမကျဖြစ်နေနိုင်သည့် အပြုံးဖြင့်နှုတ်ဆက်သလိုပြုံးပြမိသည် ။ ထင်ထားသည့်အတိုင်း တုံ့ပြန်အပြုံးကိုမရ ။ လူကသာ ဂစ်တာအိတ်ကိုဆွဲလျက်သူ့အနားသို့ရောက်လာသည် ။
'' ဘာလုပ်နေတာလဲ. . ''
ရုတ်တရက် လူကြီးဆီမှာအဆူခံရတော့မည့် မဟုတ်တာခိုးလုပ်မိသောကလေးငယ်လို သူခံစားလိုက်မိရသည် ။
'' ဖြတ်သွားရင်း. . သီချင်းသံကြားလို့. . ''
အဖြေစကားကပင် ဆင်ခြေဆန်နေသလို. . သူအနည်းငယ်မကြည်မလင်ဖြစ်သွား၏ ။ သို့သော် ဦးနှင့်အောင်မျက်မှောင်ကျုံ့သူကDo Kyung Soo . . ။
'' ဟင်း ခင်ဗျားမူးနေတာပဲ. . ''
ကိုယ်ကိုနောက်သို့ယို့ကာ နှာခေါင်းရှုံ့ရေရွတ်လေ၏ ။ လွယ်ထားသော ဂစ်တာအိတ်ကို စလွယ်သိုင်းဖြစ်အောင်ပြောင်းလွယ်နေသည်ကိုကြည့်နေမိရင်း တစုံတရာ အထွန့်တက်ဖို့စဉ်းစားနေဆဲ . . ။
'' လာ ခင်ဗျားကိုကျွန်တော်အိမ်ပြန်လိုက်ပို့မယ် ''
နူးညံ့ပူနွေးသောအတွေ့ကသူ့လက်ဖဝါးဆီထိတွေ့သည် ။ ဆွဲခေါ်ရာကိုအလိုအလျောက်ပါသွားမိပြီးမှ အသိဝင်၏ ။
'' ဟေ့. . ဟေ့. . နေပါဦး လိုက်ပို့စရာထိမလိုပါဘူး ငါကိုယ့်ဘာသာပြန်နိုင်ပါတယ် ''
ESTÁS LEYENDO
နှလုံးသားရဲ့ချောက်ကမ်းပါး ||completed||
Fanficပြန်မတက်နိုင်တဲ့ချောက်ထဲ ကျွန်တော်တို့နှစ်ယောက် တယောက်ကိုတယောက်ဆွဲချနစ်မြှုပ်စေခဲ့တယ်