အိပ်တော့မည်ဆုံးဖြတ်ချက်နှင့် အလုပ်ကိုလက်စသတ်ကာ အိပ်ယာထဲရောက်နေသည်ကပင် နာရီဝက်မကတော့ ။ ဖြည်းဖြည်းချင်းအိပ်ပျော်သွားမည်ထင်သော်လည်း ထူးထူးဆန်းဆန်းလန်းဆန်းနေခဲ့သည် ။လှဲလျောင်းအနားယူလိုက်သောကြောင့်လားမသိ ။
အခန်းတွင်း တချို့တကွက်ဖြာကျနေသော လရောင်ငွေရည်ကလည်းအာရုံကိုဖမ်းစားနေခဲ့သေးသည် ။
မထူးသည့်အတူတူ အိပ်ယာကထလာခဲ့တော့၏ ။ သူအိပ်ဖြစ်မည်မထင်တော့ ။ကြမ်းတွင်ခြေထောက်သိမ်းကာ အေးအေးလူလူထိုင်လျက် ညအလှကိုသာခံစားနေလိုက်တော့သည် ။
ပြတင်းမှမြင်ရသောလရောင်က ပို၍ပင်ပြည့်ပြည့်ဝဝလှနေခဲ့ပြန်သည် ။တိမ်ညိုတစွန်းတစကပ်ညိနေသော်လည်း လအလင်းကမမှိန် ။ အလှလည်းမလျော့. . ။ ပန်းချီကားတစ်ချပ်လို မဟာဆန်နေလေ၏ ။
'' ကလေးမျက်လုံးတွေရဲ့အရောင်က ကြယ်တို့ လတို့ရဲ့အရောင်လိုပဲ သိပ်လှပြီး သိပ်အေးချမ်းတယ် ''
လသာသောညမှာအတူရှိသည့်အခါတိုင်း ကိုကိုဖွဲ့ဆိုလေ့ရှိသည့်စကား ။ကိုယ့်ငါးချဉ်ပဲကိုယ်ချဉ်လှချည့်ရယ်လို့ ကိုကို့ ကိုသူရယ်မောပစ်ခဲ့သေးသည် ။ ပြန်တွေးရင် အမှတ်တရတွေဖြစ်ရသည် ။
ပါးအပ်ကာနားထောင်ခဲ့ဖူးသည့် ကိုကို့ရင်ခုန်သံတို့ကလည်းအမှတ်ရစရာ ။ အို. . ကိုကို့နှာဖျားမှာတိုးဝှေ့သည့် ဝင်သက်ထွက်သက်လေငွေ့နွေးကိုပင်လွမ်းပါသည်ဟုဆိုလျှင်. . ။
ကြံ့ကြံ့ခံရမည်ဟုအားတင်းသည့်ကြားက အဖန်ဖန်တိုက်ခတ်သည့်အလွမ်းမုန်တိုင်းထန်ကြား. . အခြေမခိုင်နိုင်တော့သည့်အခါ . မှီတွယ်ဖူးသည့်ရင်ခွင်ကို ယောင်ယမ်းတမ်းတမိတတ်သည့်အတွက်လည်း ပေးစရာဆင်ခြေမရှိပါ. .။
လွမ်းပါသည် ။ တမ်းတပါသည် ။ မျက်နှာမြင်ခွင့်မရလျင်တောင် အသံလေးပဲဖြစ်ဖြစ်. . ။
ကိုကိုသာသိလျင်မည်သို့ဆိုလေမည်လဲ ။ လှောင်အိမ်မှလွတ်လိုပါသည်ဟု ရုန်းကန်ထွက်ပြေးခဲ့ပြီးမှ ထိုလှောင်အိမ်ကိုလွမ်းပါသည်ဆိုလျင် . . ။
လရိပ်ကိုမြင်သည့်အခါများ ကိုကိုသူ့ကိုတကြိမ်လောက် သတိရပေးလေမလား မျှော်မှန်းမိသေးသည် ။ အလွမ်းနဲ့မဟုတ်ပဲ နာကြည်းခြင်းနဲ့သာအမှတ်ရမည်ထင်သည် ။
ВЫ ЧИТАЕТЕ
နှလုံးသားရဲ့ချောက်ကမ်းပါး ||completed||
Фанфикшнပြန်မတက်နိုင်တဲ့ချောက်ထဲ ကျွန်တော်တို့နှစ်ယောက် တယောက်ကိုတယောက်ဆွဲချနစ်မြှုပ်စေခဲ့တယ်
