ep-1

35.7K 1.6K 60
                                    


Zawgyi

     "မန္တလေးနည်းပညာတက္ကသိုလ်"

တောင်တန်းအသွယ်သွယ်ကို နောက်ခံပြုလျက် ကျောင်း၏နာမတော်အား ရွှေရောင်အနားကွပ်ထားသည်။ ကျောင်းပရဝုဏ်သို့ ခြေချသည်နှင့် သုတဉာဏ်သည် ဒေသစိမ်းဖြစ်သည်မို့ အနည်းငယ် စိတ်လှုပ်ရှားမိသည်။ ဘီးကို ဖြည်းဖြည်းချင်း လှိမ့်ဝင်လာပြီး မိမိကျင်လည်ရမည့် ကာလဒေသအား ရှူစားရသည်။  သစ်တောကြိုးဝိုင်းတွင်း ရောက်ရှိသကဲ့သို့သစ်ပင်များမှလွဲ၍ ဝန်းကျင်သည် ဗလာနတ္ထိ။ တောင်တန်းခြံရံသော မြို့စွန်မြို့ဖျား၌ တည်ရသည်ကို ကျေနပ်နိုင်ရော့မထင်။ တောကြီးမျက်မဲသဖွယ် မျက်စိတဆုံး အစိမ်းရောင်လွင်ပြင်သာ တည်၏။

noise pollution ကင်းစင်သော ဤနေရာကို ရွေးချယ်ထားသော ပညာရေးဋ္ဌာနကို စိတ်ချင်ချင်ဖြင့် ကျေးဇူးလှမ်းတင်ရသေးသည်။ သူတို့ခများ ကျောင်းသားတွေ စိတ်အေးလက်အေး ပညာသင်ကြားဖို့အတွက် လူသူကင်းဝေးသောဤအရပ်၌ တသီးတသန့် လာဆောက်ပေးထားရသည် မဟုတ်ပါလား။

ကားကို အဓိပတိလမ်းမကြီးအတိုင်း မောင်းလာပြီး ဘေးဘီကိုလည်းကြည့်ရသေးသည်။ မိမိထက် ကျောင်းပါးဝ(၂)နှစ်တင်းတင်း ပြည့်ပြီးသော အကိုတစ်ယောက်ဆီမှ သတင်းရသည်က မိန်းအဆောက်အအုံသည် လမ်းသွယ်လေးတခုမှဝင်ရမည်ဖြစ်ကြောင်း။

လမ်းမြောင်တစ်သွယ် ကွေ့ချိုးမှ ဆိုက်မည့် အပြာရောင်ခြယ်သုံးထပ်ဆောင်က မိမိရှာဖွေရာ ဌာနေပင် ဖြစ်လိမ့်မည်။ မိမိ၏ စီးတော်ယဉ်ကို မြနန္ဒာဟု ကမ္ဗည်းထိုးသောလမ်းသွယ်ထဲ ချိုးဝင်လိုက်ပြီး ဘေးသို့ချရပ်လိုက်သည်။ မိမိ၏ ခြေဖဝါးသည် ဘိလပ်မြေနှင့်သဲ အချိုးတူပေါင်းစပ်သောကျောက်ခင်းလမ်းသို့ ခြေချစဉ်မှာပင် ပင်မအဆောက်အဦးမှ အသံပေါင်းစုံက နားစည်မခံသာစွာ လျှံတက်လာပါ၏။ ကျောင်းရင်ပြင်တွင် တူညီသော ဖြူပြာဝတ်စုံများသည် ပျားပိတုန်းများသဖွယ် အလုပ်များနေကြသည်။

သုတသည် မာတာမိခင်က အမှာတော်ပါးသည့်အတိုင်း မိမိအားစောင့်နေမည့် အကိုတစ်ယောက်ကို ရှာပုံတော်ဖွင့်ရမည်မို့ ထိုပျားအုပ်ထဲသို့ ရောနှောဝင်ရသည်။  အရပ်မျက်နှာလေးတန်းစလုံး၌ ပျားကောင်များကဲ့သို့ တူညီသည့်အဆင်းသာ ရှုရသည်ကြောင့် လူမှုကွန်ယက်တွင်တင်ထားသည့် ဓာတ်ပုံတစ်ချို့ကိုသာ မြင်ဖူးသည်မို့ လူပျောက်ရှာရသည်က လွယ်မယောင်နှင့်ခက်၏။ အိမ်မှ မထွက်ခင်တွင် မေမေက ထိုသူ့ဖုန်းနံပါတ်ကိုပေးခဲ့သည်။ သို့သော်ငြား လူတစ်ယောက်ကို ရှာဖွေရန် မခက်ကြောင်း မေမေအား သက်သေပြချင်၍ ခေါင်းခါခဲ့မိသည်။ မိခင်၏ စကားအား သွေဖီခဲ့သော သူသည် လက်ရှိတွင်မူ ပျားအုံကြား၌ ချွေးပြန်နေရပါ၏။

Fortune Where stories live. Discover now