Unicode
နံနက်ခင်းနိုးထခြင်းသည် ချစ်ရသူနှင့်အတူဆိုသည့်အသိစိတ်က တကယ်ကို ပီတိဖြစ်စေသည်။
" ပြုံးပြုံးကြီးလုပ်မနေနဲ့ ထတော့ "
ကိုယ် ကြည်နူးလို့မှ မဝသေး လူကောင်သေး၍ ရာဇသံပြင်းသော ကိုယ်တော်လေးက တချက်လွှတ်အမိန့်ဖြင့် စေခိုင်းတော့ အိပ်ရာထဲ ဆက်၍ နှပ်ချင်သော်လည်း မနှပ်ဖြစ်တော့။ အကယ်၍ သူသာ ဆက်အိပ်ကြည့်ပါက သာယာနာပျော်ဖွယ်ကောင်းသော ဆဲဆိုသံလေးများသည် စက်သေနတ်ပစ်သကဲ့သို့ အစဉ်မပြတ် ထွက်ပေါ်လာပေဦးမည် ဖြစ်သည်။
တရုတ်ဖြစ် စောင်အထူကြီးကို မခေါက်ခင် ပျင်းကြောဆန့်နေသော သူ့ကို မျက်စောင်း အရင်ထိုးသည်။ သူ အပျင်းတစ်မနေရဲတော့ဘဲ ရေချိုးခန်းထဲသို့ ခြေသုတ်တင်ပြေးရတော့သည်။
စစ်ရိပ်နောင်တို့လည်း ယောက်ျားရမှ အပိုးကိုကျိုးနေရတော့တယ်။
ကိုယ့်အတွေးကို သဘောကျကြီး ရယ်မိစဉ် တဖက်တံခါးဝမှ အသံစာစာလေးက ထွက်ပေါ်လာသည်။
" မြန်မြန်ရေချိုးပြီး အောက်ထပ်ဆင်းခဲ့တော့ "
တချက်လွှတ် အမိန့်အရ ကြည်နူးမှုကို ရုတ်သိမ်း၍ မနက်ခင်းကိစ္စအဝဝတို့ကို ဆောင်ကြဉ်းရသည်။
အောက်ထပ်ဆင်းတော့ မနက်စာသည်အဆင်သင့် ဖြစ်လို့နေပြီ။ ဉာဏ်ကို လှမ်းကြည့်လိုက်တော့ ဘေစင်ဘေးတွင် ဟင်းသီးဟင်းရွက်များ ဆေးကြောနေသည်ကို တွေ့ရသည်။
" ကိုယ့်ဘေဘီလေး ပင်ပန်းနေပြီ "
ကျောမှသိုင်းဖက်ကာ စိတ်မကောင်းစွာ စကားဆိုမိသည်။ အိမ်အကူတစ်ယောက်လောက် ခေါ်ပါလို့ပြောလည်းမရ။ လက်ထပ်ပြီး ကတည်းက အိမ်မှုကိစ္စအဝဝကို သူသာလျှင်ဆောင်ရွက်ချင်သည်။ အပြင်လူတွေက မယုံရဘူး။ သူတို့နှစ်ယောက်ထဲနေမှာကို ဘာလို့ အိမ်အကူခေါ်ဦးမှာလဲ။ အလကား ပိုက်ဆံကုန်တယ်။ စသည့် အထောက်အထားတို့ဖြင့် ငြင်းပယ်ခဲ့သည်။ လက်မထက်ခင်ကတည်းက သူတို့အိမ်ကအိမ်အကူအဒေါ်ကြီးဆီကနေ ဟင်းချက်ပညာအစုစုကို တတ်ရောက်သင်ကြားခဲ့သည်။
တကယ်တမ်းတော့ အိမ်ထောင်တာဝန် ထိမ်းသိမ်းရသည်မှာ လွယ်သည်မဟုတ်။ လွယ်မယောင်နှင့် ခက်သည်။ တိမ်မယောင်နှင့် နက်သည်။ ဒါကို သူ ဉာဏ်နေမကောင်းသော အချိန်မှ သိလိုက်ရခြင်းပင်။

YOU ARE READING
Fortune
Romanceအချစ်ဆိုတဲ့အရာကို လူသားတွေဟာ အဓိပ္ပာယ် အမျိုးမျိုး ဖွင့်ဆိုကြတယ်။ကိုယ်ကတော့ အချစ်ဆိုတာ ကိုယ့်ချစ်သူရဲ့ ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှု လို့ဖွင့်ဆိုချင်တယ်။ သူစိတ်ချမ်းသာဖို့ဆိုရင် ကိုယ့်အသက်ကိုပေးဆပ်ဖို့တောင် ဝန်မလေးဘူး။ အခဈြဆိုတဲ့အရာကို လူသားတှဟော အဓိပ်...