Zawgyi
"ဉာဏ် မျက်တွင်းတွေ ချိုင့်နေတယ်နော်"
ကားတံခါးကို ဆွဲဖွင့်ဖွင့်ချင်း ကိုစစ်က သူ့အား မှတ်ချက်ချသည်။ မည်သို့မျှ အဖြေမပေးဘဲ ကားထဲသို့ ဝင်ထိုင်လိုက်သည်။
မနေ့ညက အကြောင်းကို ပြန်တွေးသည်။ မဟူရာကောင်းကင်က လရောင်မရှိသော်လည်း ကြယ်ပွင့်များဖြင့် မော်ကြွားနေသည်။ ဆိတ်ဖလူးပန်းရနံ့တွေ သင်းနေသည်။ တိတ်ဆိတ်ခြင်း ဝန်းကျင်ခပ်သိမ်းတွင် သူသည် ချစ်သဝဏ်လွှာကို ပုံဖော်ရန် အားသွန်ခွန်စိုက် ကြိုးစားနေခဲ့သည်။ ရွှင်မြူးခြင်း ကြေကွဲခြင်း ကြည်နူးခြင်း နာကျင်ခြင်းများက တလှည့်စီ သူ့ရင်ဘတ်ကို ရိုက်ခက်သည်။ လှိုင်းရိုက်ခံရသော ကမ်းစပ်က သဲအိမ်ပမာ သူ ပြိုလဲသွားချင်ခဲ့သည်။
လက်လွှတ်ပစ်လိုက်ဖို့ ဆုံးဖြတ်ခဲ့သည်။ တပြိုက်နက်ထဲမှာပင် ဆွဲဖမ်းထားချင်ခဲ့သည်။ မိမိကိုယ်ကို ရူးသွားပြီလား ဟု တွေးမိသည်။ အူလိုက်သည်းလိုက် ရယ်ပစ်လိုက်သည်။ ထို့နောက် ရှိုက်ကြီးတငင် ငိုကြွေးခဲ့သည်။ မိမိအား ထိုခံစားချက်ကြီး ပေးသွားသော တစ်ယောက်ယောက်ကို အပြစ်တင်ချင်သည်။ သို့သော် အပြစ်တင်စရာလူမရှိခဲ့။ ထိုအရာအား ယူဆောင်လာသည်က မိမိကိုယ်တိုင်ပင် ဖြစ်သမို့။ သူ လက်လျော့လိုက်သည်။
"ဉာဏ် နေလို့မကောင်းဘူးလား"
လူသေမျက်ဝန်းတို့ဖြင့် ငိုင်နေသော ဉာဏ့်ပုခုံးကို လှုပ်နိုးလိုက်သည်။ မျက်တောင် တဖျက်ဖျက် ခက်လာသည်။
"မဟုတ်ဘူး အိပ်ချင်နေလို့"
ဗလာမျက်ဝန်းတို့ဖြင့် ဆိုသည်။
"ဒါဆိုလည်း အိပ်လိုက်လေ ငါကျောင်းရောက်ရင် နိုးမယ်"
ခေါင်းငြိမ့်ပြသည်။
စောဒက မတပ်ဘဲ စကားကိုသာ နားထောင်သည်မို့ စိတ်အေးရမည့်အစား စိတ်ပူသွားမိသည်။ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်သည် အဘယ်သို့သော စိတ်ခံစားချက်များအား တနင့်တပိုး ထမ်းပိုးထားရပါသနည်း။ သူ စဉ်းစား၍ မရခဲ့ပါ။ ဘက်ပေါင်းစုံမှ ပြည့်စုံကုံလုံသော ဉာဏ့်အား မည့်သည့်အရာက အဆင်မပြေစေပါသနည်။ သူ မတွေးတတ်ခဲ့ပြီ။

YOU ARE READING
Fortune
Romanceအချစ်ဆိုတဲ့အရာကို လူသားတွေဟာ အဓိပ္ပာယ် အမျိုးမျိုး ဖွင့်ဆိုကြတယ်။ကိုယ်ကတော့ အချစ်ဆိုတာ ကိုယ့်ချစ်သူရဲ့ ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှု လို့ဖွင့်ဆိုချင်တယ်။ သူစိတ်ချမ်းသာဖို့ဆိုရင် ကိုယ့်အသက်ကိုပေးဆပ်ဖို့တောင် ဝန်မလေးဘူး။ အခဈြဆိုတဲ့အရာကို လူသားတှဟော အဓိပ်...