ep-15

11.8K 1.2K 188
                                    

Zawgyi

ထိုင်ရမည်မကြံသေး ကားပေါ်မှာ ပိုက်ဆံအိတ် မေ့ကျန်နေခဲ့သောကြောင့် တစ်ခါ တပ်ခေါက်ရပြန်၏။ ကန်တင်းမှာ ပါကင်နေရာ သီးသန့်လုပ်ပေးထားပါသော်လည်း ထိုနေရာသည်လည်း ကားနှစ်စီး ရှောင်တိမ်းရန်ပင် မလူးသာမလွန်သာ။

လူကျချိန်ဖြစ်သည်ကြောင့် အလုအယက် ပါကင်ထိုးရမည်ကို စိတ်မရှည်တတ်သော သူသည် canteenနှင့် လက်တကမ်းတွင်ရှိသော ဌာနဝန်းအတွင်းရှိ သစ်ပင်ကြီးများအောက်တွင်သာ လွယ်လင့်တကူ ကားရပ်လေ့ရှိသည်။

ကားပေါ်မှ ဆင်းလျှင် ပိုက်ဆံအိတ်ကို တပါတည်း ယူလာလေ့ရှိသော်ငြား ယနေ့တွင်မူ မေမေ့ထံမှ ဖုန်းဝင်လာသဖြင့် လောကြီးစွာ ထွက်လာခဲ့မိသည်။
မွန်းတည့်နေတွင် မဝေးလှသော်လည်း အရမ်းကြီးနီးကပ်မနေသော ထိုဝန်းအတွင်းသို့ လမ်းလျောက်လာခဲ့ရသည်။
ကန်တင်းနှင့် ဌာနဝန်းကြား သစ်ပင်ကြီးများ ရှိသော်လည်း ပူပြင်းသောနေရောင်ကို အထိအရောက် ကာကွယ်မပေးနိုင်ပေ။ အတန်းဆင်းချိန်ဖြစ်နေသောကြောင့် စက်ဘီး၊ ဆိုင်ကယ်များကိုလည်း မျက်စိလျင်လျင် ရှောင်နေရသေးသည်။

ဌာနဝန်းကို ဦးခိုက်လျှင်ဖြင့် တော်တော်လေးကို မောပန်းနေခဲ့ပြီ။

ဤနေရာတွင် မမျှော်လင့်ထားသော မြင်ကွင်းတစ်ခုက သူ့ရင်ဝကို စောင့်ကန် ဆီးကြိုနေ၏။

စာအိတ်ကို သူ့ကားပေါ်သို့ ကြိုးစားပမ်းစား ကပ်နေကြသော ခြူးရတီနှင့် သုတဉာဏ် ။ သူလုံးဝ မျှော်လင့်မထားသူနှစ်ယောက်။

"မင်းတို့နှစ်ယောက် ဘာလုပ်နေကြတာလဲ"

"ကို ... ကိုစစ်"

လေသံတင်းတင်း မေးမိလိုက်တော့ ဉာဏ်သည် သူ့အား ကြောက်လန့်တကြီး ကြည့်လာကား နှုတ်မှလည်း သူ့နာမည်အား အထစ်ထစ် ရွတ်ဆိုလေ၏ ။

သူခိုးလူမိသွားသလို ပုံစံမျိုး။

သူ့ရှေ့တွင် လက်နှစ်ဖက်ကို ဆန့်ဆန့်ချထားပြီး ခေါင်းငုံ့နေသော လူသားသည်ကာ အပြစ်သားတယောက်သဖွယ်။

"ငါ ဘာလုပ်နေတာလဲလို့မေးနေတယ်လေ"

"ဟို .. ညီမတို့က ..."

Fortune Where stories live. Discover now