ep-5

14.2K 1.4K 61
                                    

Zawgyi

မည်မျှငြင်းဆန်နေစေကာမူ နောက်ဆုံးတွင် သူသည် မွေးသမိခင်၏ ရာဇသံကြောင့် အခန်းထဲမှ ထွက်ရပေသည်။ ဧည့်ဆောင်ခန်းသို့ ခြေချလိုက်စဉ်မှာပင် သူ အံသြမှင်သက်သွားရသည်။

မေမေပြောသည့် ငယ်စဉ်ဘဝက သူ အလွန်ခင်တွယ်ခဲ့သော ကစားဖော်က ဆိုဖာပေါ်တွင် မေမေ့အား ရယ်ပြုံးပြနေသော အချိုးမပြေသည့်လူကြီး စစ်ရိပ်နောင်ပေလား။

" သား .... ဘာငေးနေတာလဲ။ လာလေ "

စစ်ရိပ်နောင်၏ မျက်ဆံနက်များသည် မေမေဆီမှ သူ့ထံသို့ ဖြေးဖြေးချင်း ရွေ့လျားလာသည်။ သူ့မျက်နှာအား မြင်တွေ့စဉ် အလိုမကျဟန် ဖြစ်သော်ငြား ထိန်းချုပ်လိုက်ပုံရသည်။ သူသည် မျက်နှာလွဲလျက် ဧည့်ခန်းထောင့်စွန်းက ခုံတွင် ဝင်ထိုင်လိုက်ပါသည်။ မေမေက သူ၏အချိုးမပြေမှုအား မျက်လုံးများဖြင့် ဆူပူနေသော်ငြား မသိချင်ယောင်ဆောင်လိုက်သည်။

" ဒါ .. အေးရဲ့သားလေးလား။ ထွားလာလိုက်တာနော်။ ဘယ်နှတန်းရောက်နေပြီလဲ။ ကြည့်ပါဦး သူ့အဖေနဲ့ တစ်ပုံစံထဲပဲ "

စစ်ရိပ်နောင် မိခင်ဟု ယူဆရသော ဥပဓိရုပ်ကောင်းသည့် အန်တီကြီးက သူ့အားကြည့်ပြီး ဆိုလာသည်။ သူသည် မကောင်းတတ်စွာ သွားဖြဲပြလိုက်ရပါသည်။

" ဟုတ်တယ် မလဲ့။ သားက စက်မှုတက္ကသိုလ် ဒုတိယနှစ်ရောက်နေပြီလေ "

" တို့သားလည်း စက်မှုတက္ကသိုလ်မှာပဲလေ။ Civil မေဂျာယူထားတာ "

" ဟယ် သားလည်း Civil ပဲ မလဲ့ရေ "

" သားနောင်က ညီလေးကို မမှတ်မိဘူးလား "

သူသည် ကျောက်ရုပ်ကြီးကဲ့သို့ ထိုင်နေသော စစ်ရိပ်နောင်အား မျက်လုံးပင့်ကြည့်လိုက်သည်။ သူသည်လည်း မိမိအား ကြည့်နေသဖြင့် ကပျာကယာ မျက်နှာပြန်လွဲရသည်။

" တွေ့တော့တွေ့မိပါတယ်။ ဒါပေမဲ့ သေချာသတိမထားမိဘူး "

" အေးပေါ့လေ။ မတွေ့တာ တော်တော်ကြာပြီပဲ မလဲ့ရယ်။ ကျွန်မတောင် သားနောင်ကို မြင်ရင် မှတ်မိမှာမဟုတ်ဘူး "

မေမေက ဝင်ပြောသည်။ သူကဖြင့် နှာခေါင်းရှုံ့လိုက်မိပါ၏။ မိမိနှင့်သူ တွေ့ဆုံတိုင်း တစ်ခုခုအဆင်မပြေမှုတွေ ကြုံနေရတာကို သတိမထားမိဘူးဟု ပြောရဲသေးသည်။ အရင်ကဖြင့် သူ့ကိုတွေ့တိုင်း စားမတတ်ဝါးမတတ် မီးဝင်းဝင်းတောက် မျက်လုံးများဖြင့် ကြည့်နေပြီး ပလောင်းပလဲနှင့် အမြင်ကပ်စရာကောင်းသည်။

Fortune Where stories live. Discover now