ep-4

14.6K 1.3K 64
                                    

Zawgyi

ယနေ့တိမ်ထူထပ်သည်။ မိုးရွာနိုင်ခြေရှိသည်ဟု ဒေါက်တာ ဦးထွန်းလွင်က ခန့်မှန်းထားသည်။ ဘင်္ဂလားပင်လယ်အော်၏ မုန်တိုင်းအစွန်အဖျားက အလယ်ပိုင်းဒေသထိ ရိုက်ခက်သည်။ ဆောင်းဥတုထဲ အလည်လာသော တိမ်ညိုများက ကောင်းကင်တွင် နေရာအပြည့်ယူကာ စစ်ရေးခင်းနေကြပြီ။ လေနတ်သားသည် ငြိမ်ဝပ်နေပြီး မိုးရိပ်ဆင်သောကောင်းကင်က ရသတစ်မျိုး ပေးစွမ်းနေသည်။

ဒီလိုရာသီဥတုမျိုးမှာ အိပ်ယာထဲကွေးပြီး ကော်ဖီတစ်ခွက် စာအုပ်တစ်အုပ်နှင့် ဇိမ်ယူနေဖို့ကောင်းသည်။ ကျောင်းလာမိခြင်းအဖြစ်ကို နောင်တကြီးစွာရလျက် ပျင်းရိစွာ စာရေးခုံပေါ် တံတောင်ထောက်လျက် မှန်ပြတင်းကို ငေးနေမိသည်။

" သားရေ ဒီနေ့အတန်းဆင်းရင် အိမ်ကိုတန်းပြန်ခဲ့နော် ဖေဖေပြန်ရောက်နေတယ်"

တီခနဲမြည်သော ဖုန်းကို ဖွင့်၍ မိခင်၏စာတိုကို ဖတ်ရှူစဉ် သူသည် မိမိဂေဟာသို့ စူပါမန်းကဲ့သို့ ဝေါခနဲပျံသွားချင်ပါသည်။  ပျင်းရိခြင်းစိတ်များ လွှင့်စင်ကာ အိမ်သို့ပြန်ရေးကိုသာ နာရီကြည့် ရေတွက်နေမိသည်။ (၆) လနီးပါး အဖ၏အရိပ်နှင့် ကွဲကွာရသောကြောင့် သူသည် ဖခင်အား အလွန်အမင်း မြင်တွေ့ချင်လှပြီ။

ကျေးဇူးတင်ပါတယ် ဆရာမ ဝါကျ အဆုံး၌ သူသည် စာရေးခုံပေါ်ရှိမှတ်စုစာအုပ်အသီးသီးကို လေအလျင်နှုန်းဖြင့် ကျောပိုးအိတ်တွင်း ကောက်ထည့်သည်။

" အား .... စာသင်ရတာ ပင်ပန်းလိုက်တာနော် "

ခြူးရတီ၏ ပျင်းကြောဆွဲ ညည်းညူးသံကို အာရုံမထားနိုင်စွာ သူ ဗျာများနေပါ၏။ ပစ္စည်းစုံလင်၏ မစုံလင်၏ ကို တစ်ချက်ကြည့်ပြီးလျှင် ဇစ်ပိတ်၍ ကျောတွင် ပိုးသည်။ ထို့နောက် ခြူးရတီအား ခွဲခွာ နှုတ်ဆက်သည်။

" ခြူး...ငါသွားတော့မယ် "

"ဟမ်...နင်ကဟောပြောပွဲ နားမထောင်တော့ဘူးလား"

"မထောင်တော့ဘူး...ဖေဖေပြန်ရောက်နေလို့ "

" အေးပါ အေးပါ ဖြေးဖြေးမောင်းဦး "

ခေါင်းငြိမ့်ပြပြီး ပြေးထွက်လာခဲ့သည်။ မြန်မာကားဆန်ဆန် ကောရစ်တာ ထောင့်စွန်းဇာတ်လမ်းကလေး ဖြစ်မည်လောဟု စဉ်းစားမိသော်လည်း ဘဝက မအေးအေးဝင် စီစဉ်သည် မဟုတ်ပါ။ သူ ပြေးလွှားသော အနောက်ဘက်ခြမ်း ကောရစ်တာက လူရှင်းနေခဲ့ပြီး စာအုပ်မလွတ်ချ လွယ်အိတ်ချင်းမညှိ ကားချင်းမတိုက်မိဘဲ အိမ်သို့ တည့်တည့်မတ်မတ် ပြန်ရောက်ခဲ့သည်။

Fortune Where stories live. Discover now