ep-18

12.8K 1.2K 144
                                    

Zawgyi

"ကိုစစ်"

နတ်ဆိုးအပြုံးနှင့် သူ့နာမအား ရီဝေဝေ ခေါ်လာသော ဉာဏ်ကြောင့် ကြက်သီးဖြန်းဖြန်းထမိသွားသည်။

နှုတ်ခမ်းတဖက်ကို အပေါ်သို့ တွန့်ကွေးကာ ပြုံးပြနေသော ဉာဏ့်အပြုံးတို့သည် မြန်မာကားထဲမှ လူကြမ်းကြီးတွေ၏အပြုံးကဲ့သို့ပင် ကြောက်လန့်ဖွယ်ကောင်းလှသည်။

"သုတဉာဏ် ... ဘာလုပ်တာလဲ ဆင်းစမ်း"

ခြောက်ခြားစပြုနေသော မျက်နှာထားကို ခပ်တည်တည်အနေအထားပြုပြင်ကာ အသံပြတ်ပြတ်ဖြင့် သူမေးလိုက်တော့ ဉာဏ်က ခေါင်းကို ခပ်လေးလေးခါပြသည်။

ရီဝေဝေအကြည့်တွေ ခပ်ထေ့ထေ့ အပြုံးတွေအောက် လက်မောင်းတလျှောက် ကြက်သီးဖုလေးတွေ ထလာပြီဖြစ်ကြောင်း သူ ခံစားမိလိုက်သည်။

ထို့နောက် ဉာဏ့်လက်ချောင်းများသည် သူ့မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီတိုင်းကို လက်ထိပ်လေးများဖြင့် ခပ်ဖွဖွထိတွေ့လာသည်။ မျက်နှာပြင်ပေါ်ပြေးလွှားလှုပ်ရှားနေသော လက်ချောင်းလေးတို့၏ ရွေ့လျားမှုသည် ပုရွတ်ဆိတ်တတ်နေသကဲ့သို့ ယားကျိကျိနိုင်လှသည်။

လေအေးပေးစက် တပ်ဆင်ထားပါသော်လည်း အခန်းအတွင်းအပူချိန်သည် မည်မျှမြင့်မားသည်မသိ၊ ခန္ဓာကိုယ်က ပူစပ်ပူလောင် ဖြစ်လာသည်။

အနေရခက်သည့် ထိုအခြေအနေကြီးမှ လွတ်မြောက်ရန် ကိုယ်အပေါ်ပိုင်းကို အတင်းထကြည့်၍ ကြိုးစားအားထုတ်ပါသော်လည်းမရ။ ခွေးပေါက်က သူ့ခါးပေါ်မှ တတ်ခွကာ နေရာယူထားသည်။

သူသည် အားနွဲ့သော မိန်းမသားတစ်ယောက် မဟုတ်သည့်အတွက် လက်ဖြင့် တွန်းထိုးကာ ဖယ်ရှား၍ ရသော်လည်း ဉာဏ်ကုတင်ပေါ်မှပြုတ်ကျကာ ကြမ်းပြင်နှင့်နောက်စေ့ တသားတည်း ဖြစ်သွားမည်ကို စိုးရိမ်ရသေးသည်။

ဉာဏ်ကို ကိုယ်ပေါ်မှ ဘယ်လိုနည်းလမ်းဖြင့် ဖယ်ထုတ်ရမည်လဲဟု စဉ်းစားနေစဉ်မှာပင် ကိုယ်တော်လေးက သူ့ကိုကြည့်ပြီး မျက်ရည်များ တာတမံကျိုးသလို ကျဆင်းလာလေသည်။

Fortune Where stories live. Discover now