Unicode
**********
တကယ်တွဲတာ မတွဲတာက ယောက်ျားလေးတွေ အပိုင်း Ship ဖို့က Fujoushi တွေအပိုင်း
****************************************************************************************
ကျောင်းပျော်လေးတွေ ဖြစ်သော စုံစုံနှင့် ယမုံတို့သည် ကန်တင်းကို စောစီးစွာပင်ရောက်နေကြလေသည်။
ကျောင်းဖွင့်တာ နှစ်ရက်ရှိပြီဖြစ်သဖြင့် ကျောင်းသားတွေလည်း လူစုံတက်စုံ ကျောင်းလာနေကြပြီသောကြောင့် ကျောင်းတွင် ဝန်းရံစရာ အဆင်လေးတွေများ ရှိမလားဆိုတာ စူးစမ်းချင်စိတ်ဖြင့် ကျောင်းကို အစောကြီး ရောက်နေတယ်ဆိုလျှင်လည်း မမှားပေ။
ကျောင်းကန်တင်းကနေ ကျောင်းဂိတ်ပေါက်ဝကို မြင်နေရသော ပြတင်းပေါက်နားတွင် ကျကျနနနေရာယူကာ ထိုင်နေရင်း ကျောင်းထဲကို ဝင်လာကြသော ကျောင်းသား ကျောင်းသူများကို ကြည့်ကြည့်နေကြလျက်။
''ဟေး.. ကမတွေ မောနင်းအေ.. ကျုပ်ကို အရမ်းလွမ်းနေကြတယ်မလား..''
ဆီကြေးမရှိသော ဘီးလှည့်သံလို စီခနဲလောင်ခနဲအသံတစ်သံကို ကြားလိုက်ရပြီး စုံစုံတို့ထိုင်နေသော ၀ိုင်းတွင် ရေမွှေးနံ့ တထောင်းထောင်းက မုန်တိုင်းတိုက်သလို ဝင်ရောက်လာလေတော့သည်။
''လေအိုးမ.. ရေမွှေးနံ့တွေဆိုတာ မွှန်ထနေတာဘဲ..''
ယမုံက နှာခေါင်းကို ရှုံ့ရင်း ပြောကာ တစ်ရှူးစကို ယူပြီး နှာခေါင်းတွင် ပိတ်လိုက်လေသည်။
စုံစုံနှင့် ယမုံတို့ရဲ့ သူငယ်ချင်း ဖြစ်သူ လေအိုးမ (ခေါ်) မြတ်သူကျော်က သူ့ရဲ့ ဆက်တင်ကောက်ကာ ကော်ဖြန်းထားသော ဆံပင် တိုတိုကောက်ကောက်တွေကို ဟန်ပါပါနှင့် သပ်တင်လိုက်ရင်း မိန်းကလေးလုံချည်များထက် ပိုပြီးတော့ ချပ်ကပ်နေအောင် ဝတ်ဆင်ထားသော ပုဆိုး ပန်းနုရောင်ကို ပိုပြီး ချပ်ကပ်အောင် ပြုပြင်လိုက်ရင်း စားပွဲတွင် ဝင်ထိုင်လေသည်။ ထို့နောက် ရုံးပတီသီးကို ဆီဆွတ်ထားသကဲ့သို့ ချွဲပစ်နေသော အသံဖြင့် ပြောလာလေသည်။
''ဟဲ့.. ကမရဲ့ အဲ့တာ မွှန်တာမဟုတ်ဘူး.. မွှေးတာ မွှေးတာ.. ဒီလိုမျိုး အနံ့က ငါ့လို နန်းဆန်တဲ့လူတွေဆီကဘဲ ရတာ.. Victoria Secret က Bombshell ဟဲ့ သိရဲ့လား အောလီမဟုတ်ဘူး.. ''
YOU ARE READING
My Crush Is A Fujoushi
Teen FictionWhat will happen when you have a crush on Fujoushi? Ultimate experiences of being a hardcore Fujoushi.! Cover - @NyaHmwePann Started On - October 2nd 2017