Chapter (12)

29.8K 2.8K 331
                                    

Unicode

**********

''ဟဲ့.. ဟိုမှာ ရှင်း မလား.. ''

သော်တာက အမွှာမောင်ဖြစ်သူ သုတကို လက်ညှိုးထိုးကာ ပြောလေတော့ သုတကလည်း သော်တာ လက်ညှိုးထိုးပြရာကို ကြည့်လိုက်မိလေသည်။

ရှင်းခန့်မောင်တစ်ယောက် ကန်တင်းနားမှ ကျောင်းဆောင်ဘက်တွေဆီသို့ ငိုက်စိုက်ငိုက်စိုက်ဖြင့် ခြေလှမ်းကို တစ်နာရီ တစ်လှမ်းနှုန်းလှမ်းကာ လမ်းလျှောက်လာသည်ကိုတွေ့လိုက်ရလေသည်။

အမြဲတမ်း သန့်ရှင်းသပ်ရပ်စွာ Smart ကျနေတတ်ကာ Active ဖြစ်နေတတ်သည့် ရှင်းခန့်မောင်ပုံစံနှင့် လုံးဝဆန့်ကျင်ဘက် အသွင်သဏ္ဍာန်ကို မြင်လိုက်ရသဖြင့် အမွှာနှစ်ယောက်လုံး အံ့သြသွားမိလေတော့သည်။

ဆံပင်တွေက စာကလေးသိုက်လို ရှုပ်ပွကာ ပြန့်ကားနေလျက်၊ ကျောပိုးအိတ်ကိုတောင် သေချာမလွယ်နိုင်ဘဲ မြေကြီးပေါ်ကို တရွတ်တိုက်ကိုင်ထားလျက်၊ ထို့အပြင် လမ်းလျှောက်နေသော်ငြား ရှေ့တည့်တည့်ကို မကြည့် ခေါင်းကိုမော့ကာ ကောင်းကင်ပေါ်က နေမင်းကြီးကို ကြည့်ရင်း လျှောက်နေတော့တာ။

မသိရင် ဦးနှောက် အထုတ်ခံထားရလို့ အသိစိတ်ကင်းမဲ့နေတဲ့ လူတစ်ယောက်က လူတွေ ကြားထဲ လျှောက်သွားနေသလိုမျိုး။

မနက်က အတန်းထဲကို စောစောလာမယ်ဆိုပြီးတော့ အခုထက်ထိပေါ်မလာ၊ ဖုန်းလည်း မကိုင်သဖြင့် ကန်တင်းမှာများ ရှိနေမလားဆိုပြီးတော့ ဆင်းလာခဲ့ကြတာဖြစ်သည်။

ဒီလိုပုံစံမျိုးနဲ့ ရှင်းခန့်မောင်ကို မြင်လိုက်ရတော့ လန့်သွားမိသည်မှာ အမှန်။

ရှင်းခန့်မောင်ကတော့ နေကသိုဏ်းရှူကာ လမ်းလျှောက်နေသဖြင့် သူ့အနားကို စိုးရိမ်တကြီး လျှောက်လာကြသော အမွှာနှစ်ယောက်ကို မမြင်သေး။

သူ့ရှေ့မှာ နှစ်ယောက်သား ပိတ်ရပ်လိုက်တာတောင်မှ သတိမဝင်သေးပေ။

''ဟဲ့အကောင် လမ်းလျှောက်ရင်း အသက်ထွက်နေတာလား.. ''

စိတ်မရှည်တော့သော သော်တာက အော်လည်း အော်..၊ ရှင်းခန့်မောင်ရဲ့ လက်မောင်းကို ဖြန်းခနဲ ရိုက်ချလိုက်မှာသာ ဓာတ်လိုက်သလို တုန်ယင်သွားပြီးတော့ ပြန်သတိဝင်လာကာ သူ့ရှေ့တွင် ရောက်နေပြီဖြစ်သော သုတနှင့် သော်တာကို ပြူးတူးပြဲတဲ ကြည့်လေတော့သည်။

My Crush Is A FujoushiDonde viven las historias. Descúbrelo ahora