Chapter (30)

27.6K 2.6K 171
                                    

Unicode

**********

'' အဆင်ပြေရဲ့လားမသိဘူး.. ဒီကလေးနဲ့တော့.. ''

လွန်းရတု ပြေးထွက်သွားသည့် အပြင်ဘက်ကို စိတ်မချဟန်ဖြင့် နေဦးထွဋ် မျှော်ကြည့်နေမိကာ ညည်းညူလိုက်မိသည်။ လှေကားပေါ်ကနေ ကြမ်းပြင်ကို ပြုတ်ကျသည့် အရှိန်က နည်းတာမဟုတ်။ ပြေးထွက် သွားတာတောင် ထော့နဲ့ ထော့နဲ့လေး ဖြစ်နေရှာတာ။

တွေးရင်း တွေးရင်း နေဦးထွဋ် စိတ်ပူလာမိပြန်သည်။ လိုက်မလာနဲ့ ပြောထားသည်မို့ ဘာလုပ်လို့ လုပ်ရမယ်မှန်းမသိ။ စိတ်ရှုပ်စွာဖြင့်ပင် ပါးစပ်ထဲက လေပူတွေကိုသာ မှုတ်ထုတ်လိုက်မိသည်။

နေဦးထွဋ် ဖြစ်ပျက်နေသမျှကို မြူခိုးက မြင်သွားဟန် နားလည်ဟန်ဖြင့် ပခုံးကို ပုတ်ကာ အားပေးသည်။

'' အဆင်ပြေမှာပါ.. နှိုင်း ပြန်လာတာကို ခဏစောင့်ကြည့်လိုက်လေ.. ''

နေဦးထွဋ်က မြူခိုးကို ခေါင်းငြိမ့်ပြလိုက်ကာ လွန်းရတု ပစ်ချထားခဲ့သော Pipping Pad လေးနှင့် လွန်းရဲ့ အဖြူရောင် ဦးထုပ်ရှည်လေးကို ကောက်ယူလိုက်ပြီး ကိတ်မုန့်တင်ထားသော တွန်းလှည်းဘေးက စားပွဲလေးပေါ်တွင် ကောက်တင်လိုက်သည်။ စားပွဲပေါ်ကို ရောက်သွားသော လွန်းရဲ့ ဦးထုပ် အဖြူအရှည်လေးကို သေချာ ပြန်ကိုင်ကြည့်နေမိသည်။

လွန်းရတုသည် ထိုဦးထုပ်ရှည်လေး ဆောင်းထားပါက အရမ်းအရမ်းကို ချစ်ဖို့ ကောင်းသည်လေ။ Baker လေး လွန်းရတုရဲ့ ပုံစံလေးကို မျက်လုံးထဲ ပြန်မြင်ယောင်လာကာ နေဦးထွဋ် ပြုံးလိုက်မိသည်။

ဦးထုပ်လေးကိုင်ကြည့်ကာ ပြုံးနေသော နေဦးထွဋ်ရဲ့ အခြေအနေကို ကြည့်ကာ မြူခိုးက သဘောကျဟန်ဖြင့် ပြုံးသည်။

'' ယောက်ျားလေးတစ်ယောက်ရဲ့ အချစ်ကို ရဖို့ ကြိုးစားရတာ မလွယ်ဘူး.. ဟုတ်တယ်မလား ကိုနေ.. ''

အရာအားလုံးကို သဘောပေါက်နေဟန်ဖြင့် မြူခိုးက မေးလာသည်။ မြူခိုးရဲ့ အကြောင်းကို နေဦးထွဋ်က သိထားသဖြင့် နေဦးထွဋ်လည်း မိမိအခြေအနေကို သူနားလည်နေတယ်ဆိုသည့်အကြောင်းကို မအံ့သြမိပေ။

My Crush Is A FujoushiDove le storie prendono vita. Scoprilo ora