အခန်း ၁ - နိုးထခြင်း

59.1K 1.7K 15
                                    

ကျိုရှီအန်းသူ့မျက်လုံးတွေကို ဖွင့်ဖို့ကြိုးစားသည်။ ဒါပေမယ့် မျက်လုံးများက ခြောက်သွေ့ကာ အလင်းရောင်က အရမ်းစူးနေသောကြောင့် မှေးမှေးလေးသာ ဖွင့်နိုင်သည်။ မျက်လုံးထဲ မြင်နေရသမျှက အဖြူရောင်တွေသာဖြစ်သည်။ ဖြူလွန်းသဖြင့် တစ်နေရာလုံး လူကင်းစင်နေတယ်လို့တောင် ထင်ရသည်။ အသိစိတ်များ ဖြည်းဖြည်းချင်း ခေါင်းထဲပြန်ရောက်လာသည်။ သူမစိမ်းလှသော ပိုးသတ်ဆေးနံ့ကို ရလိုက်သည်။ သူ ဆေးရုံပေါ်ရောက်နေတာ သိသွားပြီး အံ့သြသွားသည်။

အသက်ရှင်နေတာလား။ ဒီလောက်အမြင့်ကြီးပေါ်က ကျတာတောင်မှ အသက်ရှင်နေသေးတာလား။

သူက အရမ်းကောင်းတဲ့လူမို့လို့ ဘုရားသခင်က လက်မခံသေးဘဲ ကမ္ဘာပေါ်မှာ အသက်ဆက်ရှင်ခွင့် ပေးလိုက်တာလား။ ဘာကြောင့်ပဲဖြစ်ဖြစ် အသက်ဆက်ရှင်ခွင့်ရတာ ကောင်းတဲ့အရာပဲ။ သူခြေထောက်တွေ လက်တွေကော ကျိုးသွားသေးလားမသိ။ သူ့လက်ကိုကော ခြေထောက်ကိုပါ ခံစားလို့မရဘဲ ဖြစ်နေသည်။ သူလန့်သွားကာ ဇောချွေးများထွက်လာသည်။ အသက်ရှင်တာတော့ ကောင်းပါရဲ့၊ ဒါပေမယ့် မသန်မစွမ်းဖြစ်သွားမယ်ဆို သေတာက ပိုမကောင်းဘူးလား။

"ကျိုရှီအန်း၊ ကျိုရှီအန်း သတိရလာပြီလား။" အမျိုးသမီးကြီးတစ်ဦး၏ အသံကို ရုတ်တရက် ကြားလိုက်ရသည်။ သူမအသံက ကြေကွဲဝမ်းနည်းမှုတွေနဲ့ ငိုသံပေါက်နေသည်။

ကျိုရှီအန်း ခေါင်းကို ကြိုးစားပြီး လှည့်ကြည့်လိုက်သည်။ အသက်ငါးဆယ်ခန့် ပိန်ပိန်ပါးပါးနှင့် ကြည့်ကောင်းသော အမျိုးသမီးတစ်ယောက်ဖြစ်သည်။ သူမက သူ့နာမည်ခေါ်နေပေမယ့် ကျိုရှီအန်း သူမကို မသိ။ အဲ့ဒါ ဘယ်သူလဲ။

"ကျိုရှီအန်း..." အမျိုးသမီးက ငိုရှိုက်ကာ တံခါးဆီပြေးသွားကာ သူနာပြုတစ်ယောက်ကို ဆွဲပြီး ၀မ်းသာအားရပြောသည်။ "ငါ့သားလေးနိုးလာပြီ။ ကျမသားလေး သတိရလာပြီ။ ဆရာဝန်ခေါ်ပေးပါ။"

သား။ ဘယ်သူက အန်တီ့သားလဲ။ ကျိုရှီအန်းပါးစပ်ဖွင့်ကာ လှမ်းပြောချင်သည်။ ဒါပေမယ့် သူ့လည်ချောင်းတွေက မီးစနဲ့ တို့ထားလို နာကျင်နေသည်။ သူအကြာကြီး ခက်ခက်ခဲခဲကြိုးစားပေမယ့် အသံထွက်မလာ။

လူစားထိုး သရုပ်ဆောင် (translation, zawgyi)Where stories live. Discover now