အခန်း ၄၆ - လန်ရှီရောင်နဲ့ ပြန်တွေ့ခြင်း

5.8K 1.2K 51
                                    

ကျိုရှီအန်း ချိုင်ဝေ့အိမ်ရောက်တော့ သူ့တူမလေးနဲ့ တွေ့ရသည်။ ကလေးလေးက ကြမ်းပြင်ပေါ်မှာ ပတ်ပြေးနေသည်၊ အရမ်းသွက်လက်ပြီး ချစ်စရာကောင်းသည်။ သူ့ကိုလည်း အရမ်းခင်သည်။ သူ အိမ်တံခါးဝကနေ ၀င်လာလာချင်း သူ့ဘေးမှာကပ်နေသည်။

ချိုင်ဝေ ပြုံးရင်းနဲ့ ပြောသည်၊ "ထူးဆန်းတယ်။ ငါ့သမီးက သူများတွေနဲ့ သိပ်အရောတ၀င်မရှိဘူး။ သူစိမ်းတွေကို တစ်ခါမှ မကပ်ဖူးဘူး။ မင်းက ပထမဆုံးပဲ။"

ကျိုရှီအန်း ကလေးလေးကို ဖက်ရင်းနဲ့ စိတ်ထိခိုက်ရသည်။ သူမလေး မရီးရဲ့ဗိုက်ထဲမှာရှိတုန်းက သူ ညင်ညင်သာသာ ထိကြည့်ခဲ့ဖူးသည်၊ အဲဒီ့အချိန်တုန်းက ရင်ခုန်စိတ်လှုပ်ရှားရတဲ့ ခိုက်အတန့်လေးကိုတောင် ပြန်သတိရမိသည်။ အခု ကလေးလေး ကြီးလာပြီ။ သူက သေပြီးတော့ ပြန်အသက်ရှင်လာပြီးပြီ၊ သူ့လက်ထဲက ကလေးလေးက လုံးဝသစ်လွင်တဲ့ ဘ၀လေးတစ်ခု။ သူ ခံစားချက်တွေနဲ့ ပြည့်သွားသည်။

အဲဒီ့ည ညစာစားကြတော့ ကျိုရှီအန်း စိတ်လွတ်ကိုယ်လွတ်မနေရဲ။ တကယ်တော့ ချိုင်ဝေနဲ့ သူ့ဇနီးက သူနဲ့ အရင်က အရမ်းရင်းနှီးခဲ့ကြတာဆိုတော့ သူ့အကြောင်း အကုန်သိကြသည်။ နေ့လည်က စကားမှားပြီး ပြောပြီးပြီ။ အခု သူ အရမ်းဂရုစိုက်နေရသည်၊ သူက အရင်ကျိုရှီအန်းပဲဆိုတာ သူတို့တွေ မရိပ်မိအောင်။

ထမင်းစားပြီးတော့ ချိုင်ဝေက သူ့ကိုပြန်လိုက်ပို့ပေးမယ်လို့ ပြောတာကို ငြင်းပြီးတော့ ကျိုရှီအန်း ဘစ်ကားနဲ့ပဲ အိမ်ပြန်လာသည်။

ဆယ်နာရီကျော်လောက် အိမ်ပြန်ရောက်တော့ ချန်ယင်းက သူ့ကို စောင့်နေသေးသည်။ သူ့ကို ဆေးဘက်ဝင် ပစ္စည်းတွေနဲ့ပြုတ်ထားတဲ့ ကြက်စွပ်ပြုတ်ကို သောက်စေချင်သောကြောင့်ဖြစ်သည်။

အခု သူအမြဲတမ်းခံစားရတော့မယ့် သူမရဲ့ မိခင်မေတ္တာက သူပြန်လည်မွေးဖွားပြီးတဲ့နောက်မှာ တန်ဖိုးအထားရဆုံး အကြီးမားဆုံး ချမ်းသာကြွယ်ဝမှုပဲလို့ ကျိုရှီအန်း စဉ်းစားမိသည်။

ယန်မင်ရှုရဲ့ လက်ထောက် ရှောင်ဂျန်း ချိုင်ဝေ့ကို နောက်တစ်နေ့မှာ ဆက်သွယ်သည်။ သူတို့ တစ်ယောက်ကို တစ်ယောက်သိပေမယ့် လူချင်းတော့ မသိကြ၊ ဒါပေမယ့် ရှောင်ချိုင်ကတော့ ချိုင်ဝေ သဘောတူမှာပဲလို့ ထင်သည်။ တကယ်တမ်းဆို လူသစ်တစ်ယောက်အတွက် ယန်မင်ရှုနဲ့ တွဲပြီး ကြော်ငြာရိုက်နိုင်ဖို့ဆိုတာ အရမ်းကောင်းတဲ့ အခွင့်အရေးတစ်ခုဖြစ်သည်။

လူစားထိုး သရုပ်ဆောင် (translation, zawgyi)Where stories live. Discover now