ရုပ်ရှင်ထဲမှာ တစ်မိနစ်ကျော်လောက်သာ ပါမည့်အခန်းကို နှစ်နာရီကျော်ကြာအောင် ရိုက်လိုက်ရသည်။ ဒါရိုက်တာက ပြည်တွင်းမှာ အရမ်းနာမည်ကြီးသော ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး ဒေါသထွက်လွယ်သူဖြစ်သည်။ သူအလုပ်လုပ်ရင် ဘယ်သူ့မျက်နှာမှ မထောက်။ အသက်နှစ်ဆယ်ကျော် မိန်းကလေးတစ်ယောက်ကိုတောင် ငိုရတဲ့အထိ ဆူတတ်သည်။ ဒီတစ်ခေါက်က ကျိုရှီအန်း သူနဲ့ တတိယအကြိမ်မြောက် အလုပ်တွဲလုပ်ခြင်းဖြစ်သည်။ သူ့ဒေါသ အကြောင်းကို သိနေပြီ။ သူ့ကို ဘယ်နကြိမ်ပဲ ပြန်လုပ်ခိုင်းခိုင်း ကျိုရှီအန်း စိတ်မဆိုးတော့။ အရမ်းစိတ်ရှည်လွန်းလို့တော့မဟုတ်။ သူ့ဘက်က တင်းပြရင် အဘိုးကြီးက ပိုတင်းသွားမယ်ဆိုတာ သိသောကြောင့်ဖြစ်သည်။ အဲ့လိုသာဆို သူတို့အိမ်ပြန်ရတော့မှာမဟုတ်။
ရိုက်ကူးရေးပြီးသွားတော့ ကျိုရှီအန်း တစ်ကိုယ်လုံး ချွေးတွေရွှဲနေပြီဖြစ်သည်။ အဘိုးကြီးက သူ့ကို အရမ်းသဘောကျသွားသည်။ သူ့နာမည်ကိုတောင် မှတ်မိသွားပြီး ရူတင်ပြီးတော့ သူ့ကို စကားလာပြောသည်။ "ဒီကားထဲမှာ ဇာတ်ကောင်တစ်နေရာစာ ရှိသေးတယ်။ မင်း အချိန်စီစဉ်လို့ရတယ်ဆို အားချန်ကို သွားပြောလိုက်။ အခန်းအများကြီးတော့ မဟုတ်ဘူး။ တစ်ကားလုံးမှာမှ နာရီဝက်လောက်ပဲပါမှာ။ ဒါပေမယ့် သရုပ်ဆောင်ကြေးကိုတော့ ကျေနပ်လောက်အောင်ပေးမယ်။"
ကျိုရှီအန်း အပြုံးနဲ့ ပြန်ပြောသည်။ "ကျွန်တော့်ကို ဒီလိုကိစ္စမျိုးအထိပါ ပြောပေးလို့ ကျေးဇူးပါ ခင်ဗျာ။ အချိန်လည်း သေချာပေါက် စီစဉ်နိုင်ပါတယ်။ အဲ့ဒါဆို ကျွန်တော် အကိုချန်ကို သွားပြောလိုက်တော့မယ်။ နောက်လည်း ဒီလိုအလုပ်မျိုးရှိရင် ကျွန်တော့်ကို သတိရပေးပါခင်ဗျာ။"
အဘိုးကြီးက အရယ်အပြုံးမရှိဘဲ ခေါင်းငြိမ့်သည်။ ဒါပေမယ့် သူ နှစ်နာရီလုံးလုံး ဒေါသမထွက်သေးဘူး ဆိုတဲ့အချက်နဲ့ပင် ကျိုရှီအန်းရဲ့ သရုပ်ဆောင်မှုကို သူတော်တော်သဘောကျတယ်ဆိုတာ ပြနေသည်။
"ဟေ့၊ ၀မ်ယုတုန် ရောက်ပြီ။"
အကုန်လုံး တံခါးဆီ လှမ်းကြည့်လိုက်ကြသည်။ ၀မ်ယုတုန်က လက်ထောက်နှစ်ယောက်နှင့်အတူ လမ်းလျှောက်ဝင်လာသည်။ သူက ကုဒ်အင်္ကျီဝတ်ထားကာ နေကာမျက်မှန် တပ်ထားသည်။ တစ်ကိုယ်လုံး သူများထက်ထူးခြားကာ ချောမော ခန့်ငြားနေသည်။ ၀င်လာလာချင်းပင် လူတိုင်းရဲ့အာရုံကို ဖမ်းစားထားနိုင်သည်။
YOU ARE READING
လူစားထိုး သရုပ်ဆောင် (translation, zawgyi)
Romance(Unicode နဲ့ version လည်းရှိပါတယ်။ Profile က Works မှာ ဝင်ရှာကြည့်လို့ရပါတယ်။) ကျိုရှီအန်း ဒုတိယအကြိမ် ရှင်သန်ခွင့်ရခြင်းဟာ ဘုရားသခင်က သူ့ကိုပိုချစ်လို့ပဲလား၊ သူ့ကို နှိပ်စက်လို့မ၀သေးလို့ဘဲလား မသိ။ အရင်ဘ၀တုန်းက သူက big star ၀မ်ယုတုန်ရဲ့ လူစားထိုး စတ...