အခန်း ၁၉ - ယန်မင်ရှု သ၀န်တိုနေသည်

6K 984 20
                                    

ကျိုရှီအန်း လူမသိသူမသိဖြစ်လောက်အောင် အရက်မမူးတာ တော်တော်ကြာပြီ။ သူနိုးလာချိန်မှာ ကိုယ်လုံးကို တစ်ဖက်လှည့်လိုက်တော့ ဘုန်းခနဲ ကြမ်းပြင်ပေါ် ပြုတ်ကျသွားသည်။ သူမျက်လုံးကို အတင်းဖွင့်ကြည့်လိုက်တော့ ဧည့်ခန်းထဲမှာ ရောက်နေသည်။ စောစောက ဆိုဖာပေါ်မှာ စောင်တစ်ထည်နဲ့ အိပ်နေတာ ဖြစ်သည်။

ကျိုရှီအန်း ဘယ်လိုပြန်လာလဲ မမှတ်မိတော့ပေမယ့် အိမ်ကို ဘေးကင်းကင်းနဲ့တော့ ပြန်ရောက်လာသည်။

"နိုးပြီလား။"

ကျိုရှီအန်း လန့်သွားပြီး ခေါင်းလှည့်ကြည့်လိုက်တော့ ယန်မင်ရှု ထမင်းစားပွဲမှာ ထိုင်နေရင်း သူ့ကို အေးစက်စက်ကြည့်နေတာ တွေ့ရသည်။

ကျိုရှီအန်း တစ်ကိုယ်လုံး နာကျင်နေသည်။ ဆိုဖာပေါ်မှာ တစ်ညလုံး ကြပ်ကြပ်သပ်သပ် အိပ်ခဲ့ရတာကို စဉ်းစားကြည့်ဖို့တောင် ခက်သည်။ "အား၊ ကိုယ့်ခါးနာနေတယ်။" ကျိုရှီအန်း ဆိုဖာပေါ်ကို တွယ်တက်ရင်း မကျေမနပ်ပြောသည်။ "မင်းကိုယ့်ကို ဆိုဖာပေါ်မှာ အိပ်ခိုင်းတယ်။"

ယန်မင်ရှု ဒေါသက မပျောက်သေး။ "ဟွန်း၊ ဒီလောက် မူးပြဲနေတာ၊ အိပ်ရာပေါ်မှာ အိပ်လို့ရမလား။"

အဲ့ဒါက ကိုယ့်အိပ်ရာလေ လို့ ကျိုရှီအန်းတွေးမိသည်။ ဒါပေမယ့် အရက်မူးလာရင် တစ်ဖက်လူအတွက် တော်တော်စိတ်ရှုပ်စရာဖြစ်သည်။ အဲ့ဒါကြောင့် သူအိပ်ရာပေါ်မှာ မအိပ်လိုက်တာ ပိုကောင်းသည်။ ပြီးတော့ အိပ်ရာခင်းလည်း လျှော်စရာ မလိုတော့ဘူးပေါ့။

သူ ပြန်ခွေသွားပြီး မျက်လုံးမှိတ်လိုက်သည်။ သူ့ခေါင်း တော်တော်လေးနေသည်။ သူ နည်းနည်းလေးတောင် မလှုပ်ချင်။

ယန်မင်ရှု ဖန်ရေခွက်ကို ဖန်စားပွဲပေါ် ဆောင့်ချလိုက်ပြီး အသံမြှင့်ပြောသည်။ "ခင်ဗျားအိမ်ကို ဘယ်လိုပြန်ရောက်လာလဲ ကိုယ့်ကိုကိုယ် ပြန်မမေးတော့ဘူးလား။"

"အမ်၊ ကိုယ်ဘယ်လိုပြန်ရောက်လာတာလဲ။ ဘယ်သူပြန်လိုက်ပို့ပေးတာလဲ။" သူက ချိုင်ဝေ ပြန်လိုက်ပို့ပေးတယ်လို့ ထင်နေတာ။

"ငယ်ငယ် ချောချောကောင်လေး။" ယန်မင်ရှု သူ့ဘေး ဆိုဖာပေါ်မှာ ၀င်ထိုင်ပြီး ထေ့ငေါ့ပြောသည်။ "ခင်ဗျားက တော်တော် စန်းပွင့်တာပဲ။ မနေ့ညက ကျွန်တော်သာ မရှိဘူးဆိုရင် ခင်ဗျားသူနဲ့ အိပ်ပြီးလောက်ပြီ။"

လူစားထိုး သရုပ်ဆောင် (translation, zawgyi)Where stories live. Discover now