အခန်း ၅၇ - အသည်းအသန် ငွေလိုအပ်ခြင်း

4.8K 1.1K 47
                                    

ကျိုရှီအန်း သူ့ကျောက်ကပ်ကို လှူလို့ရမလားဆိုတာ ဆေးရုံကို နောက်တစ်ခေါက်လာစစ်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးပြီး စီစဉ်လိုက်သည်။ ချန်ယင်းကိုတော့ ဒီအကြောင်း လျို့ဝှက်ထားသည်။ ပထမအချက်က သူ့မှာ ခွဲစိတ်မှုလုပ်ဖို့ ပိုက်ဆံမရှိ၊ ဒုတိယအချက်က သူကျောက်ကပ်လှူမှာကို ချန်ယင်းလက်မခံနိုင်မှာ စိုးရိမ်သည်။

ဒါပေမယ့် ဘာပဲဖြစ်ဖြစ် သူကြိုးစားရမည်၊ အနည်းဆုံးတော့ သူမကို ကယ်တင်နိုင်ဖို့ အခွင့်အရေးတစ်ခု ပိုရှိလာမည်။

သူ့ကျောက်ကပ်တစ်လုံး ဖြတ်ရမှာကို ကျိုရှီအန်း နည်းနည်းကြောက်ပေမယ့် သူ နောက်မတွန့်။ ဒီခန္ဓာကိုယ်က သူ့အပိုင်မဟုတ်၊ ကျိုရှီအန်းလို့ခေါ်တဲ့ လူငယ်လေးပိုင်တဲ့ ခန္ဓာကိုယ်ဖြစ်သည်။ သူက သေပြီးသားလူဖြစ်သည်။ သူ ကံကောင်းလို့ ၀ိဥာဉ်က ဒီခန္ဓာကိုယ်ထဲမှာနေခွင့်ရပြီး အသက်ဆက်နိုင်ခဲ့တာဖြစ်သည်။ ဒီခန္ဓာကိုယ်တစ်ခုလုံး၊ ဘ၀တစ်ခုလုံးတောင်မှ ချန်ယင်းဆီက မွေးဖွားခဲ့တာဖြစ်သည်။ သူက ချန်ယင်းရဲ့ အနီးစပ်ဆုံး သွေးသားရင်းဖြစ်သည်။ သူ ကိုယ်လွတ်ရုန်းသွားလို့မဖြစ်၊ တစ်ကိုယ်ကောင်းဆန်လို့ မဖြစ်။

အဲဒီနေ့ သူတို့နှစ်ယောက် အိမ်ပြန်ရောက်တော့ အိမ်ခန်းကျဉ်းလေးထဲက လေထုက မိုးတိမ်တွေလို လေးလံနေသည်။ ကျိုရှီအန်း မီးဖိုချောင်ထဲဝင်ပြီး ခေါက်ဆွဲပူပူနှစ်ပွဲ မြန်မြန်ပြုတ်သည်။

သူ့ဟင်းချက်လက်ရာက အရင်ကတည်းက ကောင်းသည်။ ဒါပေမယ့် ပြန်မွေးဖွားပြီးတဲ့နောက် ဒီလို အသေးအဖွဲကိစ္စတွေကို ချန်ယင်းပဲ လုပ်လေ့ရှိသည်၊ သူ့ကို အိမ်မှုကိစ္စတွေ တစ်ခုမှ မလုပ်ခိုင်းခဲ့။ ဒီခေါင်းမာတဲ့ အမျိုးသမီးက ကျိုရှီအန်းအတွက် အမေတစ်ယောက် လုပ်နိုင်သမျှအရာအားလုံးကို အကောင်းဆုံး လုပ်ပေးခဲ့သည်။

သူ့အမေသာ သက်ရှိထင်ရှားရှိခဲ့ရင် ဒီလိုပဲနေမှာပဲလို့ ကျိုရှီအန်း မကြာခဏတွေးမိသည်။

ကျိုရှီအန်း သူမကို အကြာကြီးချော့ပြောတော့မှ သူမ ခေါက်ဆွဲပန်းကန်တစ်ဝက်ကို စက်ရုပ်တစ်ရုပ်လို စားသည်။

လူစားထိုး သရုပ်ဆောင် (translation, zawgyi)Where stories live. Discover now