#Unicode
ခေါင်းတွေက တဆစ်ဆစ် အမြင်အာရုံတွေက မကြည်မလင် ။ လူမှန်းသူမှန်းမသိသောက်ထားသောအရှိန်တွေကြောင့် ချာချာလည် ။ အနားမှာ ဟိုကောင်လေးမရှိသလို သူလည်း ညကအဝတ်စားတွေအတိုင်းပင် ။ ရှိသမျှအဝတ်အစားတို့ကိုချွတ်ချလိုက်တော့ တကိုယ်လုံးပေါ့ပါးသွားသည် ။ သဘတ်ကို ခါးမှာပတ်လိုက်ပြီး ရေသောက်ရန် အောက်ထပ်ရှိမီးဖိုချောင်သို့ဆင်းလာခဲ့လိုက်သည် ။
အံ့ဩစရာ ကောင်းလွန်းသောမြင်ကွင်းကြောင့် Jeon ခြေလှမ်းတွေကတုံ့ခနဲ ။ Tae Hyung က မီးဖိုချောင်အပေါက်ဝကိုကျောပေးလျက် ဇလုံကြီးထဲတွင်ထမင်းတွေကိုထည့်ကာ အားရပါးရစားနေသည် ။ ပတ်ဝန်းကျင် ကိုပင်သတိမမူမိလောက်အောင်ကို အရသာရှိရှိစားနေခြင်းဖြစ်သည် ။
ဒီလောက်ဖြစ်နေတဲ့အနေအထားမှာတောင် ဒီလိုစားနိုင်သေးသတဲ့ ။ ကိုယ့်မှာတော့ အရူးကြီးလို အရက်တွေသောက် မှောက်ပြဲလဲကွဲ ။ ဒင်းကတော့ အစားအသောက်ပင်မပြတ် ။ အင်းပေါ့လေ အစတည်းကလိမ်ဖို့ဘဲသိပြီး ဘာခံစားချက်မှမရှိတဲ့ကောင်ဘဲ ။ မထူးဆန်းပါဘူး ။
" တောက် ......!!!!!! "
" အဟွတ် အဟွတ် အဟွတ် ......"
တောက်ခေါက်သံကျယ်ကျယ်က ဟိန်းခနဲ ။ Tae Hyung မှာ စားလက်စထမင်းပင်နင်ကာ ရင်ထဲ၌လည်းထိတ်ခနဲ ။ ထမင်းစားခန်းထဲဝင်လာတဲ့ Jeon ရဲ့ ခြေသံကြောင့် Tae Hyung မှာ ဝါးလက်စထမင်းကိုပင်ဆက်မဝါးမိ ။ ထမင်းဇလုံလေးကို ကျစ်ကျစ်ပါအောင်ကိုင်ထားကာ Jeon ခြေသံကိုသာနားစွင့်၏ ။ ခြေသံကအနားကိုရောက်လာလေ ကြက်သီးတွေကထလာလေ ။ ကိုယ့်အရှေ့ကိုရောက်လာပြီဆိုသော အသိကြောင့် Tae Hyung ခမျာအသက်ရှုလေးပါရပ်လာချင်သလို ။
ရေခဲသေတ္တာထဲကရေပုလင်းကို ယူကာ ဖန်ခွက်ထဲထည့်နေသော ရေကျသံကပင် Tae Hyung ရဲ့စိတ်ကိုခြောက်ခြားစေ၏ ။ တိတ်ဆိတ်နေသောအခြေအနေသည် အပ်ကျသံပင်ကြားရလောက်သည်အထိ ။
" ဟို ...... ထ ...... ထ မင်းစား.... စား..... ပါအုန်း "
တုန်တုန်ယင်ယင် Tae Hyung ရဲ့အသံလေးသည် တိတ်ဆိတ်ခြင်းကို ဖြိုခွဲသည် ။ စားလက်စထမင်းဇလုံလေးကို အရှေ့လေးနဲနဲတိုးပေးကာ Jeon ကို ကျွေး၏ ။ ဘာမျှတုန့်ပြန်သံမကြား၍မော့အကြည့် ရင်ဆိုင်လိုက်ရသည့် ခက်ထန်သောမျက်ဝန်းတွေကြောင့် ထမင်းဇလုံလေးအားပြန်ပိုက်ထားလိုက်မိသည် ။