EP-2

17.1K 1K 5
                                    

Unicode.....

အပူပြင်းသောနွေရာသီတွင် ပန်းခြံတစ်နေရာအတွင်း အများပြည်သူ ထိုင်ရန်ပြုလုပ်ထားသော ထိုင်ခုံတန်းလေးပေါ်တွင် အလုပ်လျှောက်လွှာစာရွက်ပေါ် ရေးလိုက်ဖျက်လိုက်နှင့် အလုပ်ရှုပ်နေသော ဆံပင်ကောက်ကောက်မျက်မှန်အဝိုင်းလေးတပ်ထားသော ကောင်လေးတစ်ယောက်မှာ ဇာတိမှသူငယ်ချင်း၏ အကူအညီဖြင့် ကုမ္ပဏီတစ်ခု၏ အလုပ်ခေါ်စာလျှောက်လွှာအား ဖြည့်စွက်ရေးနေ၏။  ဖြူဖွေးဥဥအသားအရေမှာ နေပူရှိန်ကြောင့်  အသားမှာနီစပ်စပ်နှင့် ဝတ်ထားသောအင်္ကျီမှာလည်း ချွေးစိုနေသည်။

"နီသော်!...ရေးလို့မပြီးသေးဘူးလား"

ဖြူဖွေးဥဥကောင်လေး၏သူငယ်ချင်းဖြစ်သူ သက်ဝေမှာ အအေးဝယ်ပြီး ပြန်လာချိန်ထိ ဖောင်တစ်ခုနှင့် အလုပ်ရှုပ်နေသူကို အော်မေးနေသည်။

"ပြီးတော့မှာပါ...ငါကကျောင်းမပြီးသေးတော့ ပညာအရည်အချင်းကို မထည့်ပဲထားရင်ကောင်းမလားစဉ်းစားနေတာ..."

" ကျောင်းပြီးပြီလို့သာရေးလိုက် မဟုတ်ရင်အင်တာဗျူးမှာအရစ်ခံနေရမယ်"

သက်ဝေပြောသလိုသာ ရေးလိုက်ပြီး အလုပ်ကမလျှောက်လို့မရ၊ အချိန်ပိုင်းအလုပ်များသာရှိသည်။ မန္တလေးကိုရောက်ခါစမို့လို့သာ မဟုတ်လို့ကတော့ deli; manပါလုပ်ချင်၏။ နေပူပြီးပင်ပန်းပေမယ့်လို့ ဝင်ငွေပိုရတဲ့အလုပ်ပင်။နီသော်၏အလုပ်မှာ ရေရေရာရာမရှိ။ အချိန်ပိုင်းနှင့် ရသမျှအလုပ်အကုန်လုပ်သည်။ ငွေဝင်သော်ငြားလည်း ရေရှည်အတွက်မကောင်းပေ။ကျန်းမာရေးမကောင်းသည့်အခါ၊ ရာသီဥတုအခြေနေအကောင်းသည့်အခါများတွင် စားဝတ်နေရေးအခက်ခဲကြုံရလိမ့်မည်။

အိမ်မှ ညီငယ်နှင့် ညီမငယ်လေး၏တက္ကသိုလ်နေထိုင်စားသောက်စရိတ်ကလည်း မသေးလှပေ။ ကော့သောင်း၌ တက္ကသိုလ်မရှိသေးတော့ အဆောင်ငှားကာ ထားဝယ်မြို့က တက္ကသိုလ်ကိုသာ အားကိုးနေရသည်။  ကိုယ့်အောက်ကမောင်နှမနှစ်ယောက်ကိုကိုယ့်လို ကျောင်းနားတာတွေမဖြစ်စေချင်ပါ။ အပူပင်မရှိချောချောမွေ့မွေ့သာနေစေချင်သည်။ ခုလိုတွေလုပ်ပေးနေလို့ မွေးစားသားဆိုတဲ့ နေရာကပျောက်မသွား။  မိဘနှစ်ပါးလုံး၏ကျန်းမာရေး၊ ဆေးဖိုးဝါးခပင်ရှိသေးသည်။ ကော့သောင်းမြို့မှာ ကုန်စုံဆိုင်လေးဖွင့်ထားပေမယ့် အမေ့ဆေးဖိုးအတွက်မတတ်နိုင်။

မန္တလေးမြို့ရောက်ပြီးမကြာခင် အိမ်မှ 'အမေ့အတွက်ဆေးတွေဝယ်ရတော့မယ်အစ်ကို 'ဟုစာတစ်ကြောင်းဖြင့် ညီမဖြစ်သူမှပို့ခဲ့သည်။ အစ်ကို ဆိုသည့် စကားလုံးကိုကြည့်ပြီး ပြုံးမိသေးသည်။ အလိုရှိမှ အစ်ကို ဟုထည့်ခေါ်တာကိုပင် နီသော်မှာ ကျေနပ်နေသည်။ ကင်ဆာဆေးတွေဖြစ်တော့ သိတဲ့အတိုင်းပင် တစ်ထောင်ဖိုးသုံးလုံးရသည်မဟုတ် အနည်းဆုံးသောင်းချီပေးရတာချည်းသာ။

ကော့သောင်းမှာ ခရီးသည်တွေကို ဂိုက်လုပ်ပေးရင်ပင်အဆင်ပြေသည်။ ကျွန်းတွေကိုသွားသည့် boat မောင်းလျှင် တစ်ခေါက်လျှင်အနည်းဆုံးသုံးလေးသောင်းရ၏။  ကော့သောင်းမှာ မနေပဲ မန္တလေးလာတာလဲမေးရင် ကိုယ့်မှာအဖြေ တစ်ခုသာရှိ၏။

တစ်ယောက်သောသူကြောင့်ပင်။ သူ့ကိုတွေ့ချင်၍သာ။ သူများကောင်းကောင်းမွန်မွန်အသက်ရှင်နေရဲ့လား၊ သူ့ကိုယ့်ကိုမြင်ရင် မှတ်မိပါဦးမလား။သူ့အတိတ်ကို မှတ်မိပြီးပြီး ကိုယ့်ကိုမေ့သွားရင်တောင်.......  သူ့မျက်နှာလေးမြင်ရရင်ကို ကျေနပ်မိမယ် ထင်၏။

လွန်ခဲ့တဲ့၂ရက်က သက်ဝေရဲ့အသိတစ်ယောက် အကူအညီတောင်းထားသော အလုပ်အတွက်လိုအပ်သည်များကိုဝယ်ခြမ်းနေသည်။ ဈေးဝယ်နေ၍ ညနေပင်စောင်းသွားသည်။ထို့နောက် မနက်ဖြန်တွင် မင်္ဂလာပွဲပြုလုပ်မည့်နေရာနှင့် ခပ်လှမ်းလှမ်းရှိသည့် ဟိုတယ်သို့ LuoJia 110ဆိုင်ကယ်လေးဖြင့် မောင်းနှင်လာလိုက်သည်။

ဟိုတယ်၏ကားပါကင်နေရာတွင် ဆိုင်ကယ်ထားပြီး ဓာတ်လှေကားသို့သွားလိုက်သည်။ တံခါးအဝင်ရုတ်တရက် လူတစ်ယောက်ကိုအရှိန်မပါတပါ တိုက်မိသွား၏။ ထိုသူဘက်မှလဲ အလောတကြီးထွက်လာဟန်နှင့် နီသော်လည်းအိတ်များနှင့်မနိုင်မနင်းဖြစ်နေကာ ဖုန်းပါပြောနေရင်းဖြင့် ဝင်လာသောကြောင့် တိုက်မိကာ ကျသွားသောအိတ်များကောက်နေ၍ တိုက်မိသူကိုမကြည့်မိသေးပေ။ ကောက်နေရင်းပင် အလုပ်အပ်ထားသူနှင့် မပြီးပြတ်၍ ဖုန်းပြောလက်စကို ဖြတ်ရန် လုပ်နေကာ  ရင်ဘတ်ချင်းတိုက်မိသွားသူကို သတိမထားမိသေးပေ။

သူရိန်လင်း ထိုဘားမှ ကားပါကင်သို့ဓာတ်လှေကားဖြင့်ဆင်းလိုက်ပြီး ဟိုတယ်အပြင်ဘက်နားအထွက် ကောင်လေးတစ်ယောက်နှင့် ဝင်တိုက်မိ၏။

"အား..." အလန့်တကြားဖြင့်အော်လိုက်ပြီး လက်ထဲမှအထုပ်များ ပြုတ်ကြကုန်သည်။

သူရိန်လင်းမှ "sorry" ဟုသာပြောလိုက်ပြီး ထိုကောင်လေး၏အထုပ်များကို ပြန်ကောက်ပေးရန် ပြင်လိုက်သည်။ အထုပ်တစ်ခုမှ အမျိုးသမီးသုံး ရင်သားစီလီကွန် ၊ဒေါက်ဖိနပ် ၊ဆံပင်တုနဲ့တခြားအသုံးအဆောင်ပစ္စည်းများ မြင်လိုက်မိပြီး 'ဒီကောင်လေးက အပေါ်ထပ်ဘားက အဆိုရှင်လား'စဉ်းစားနေစဉ် ကောင်လေး၏အသံကြောင့် သတိပြန်ဝင်လာသည်။

"အစ်ကို...ရတယ်ခင်ဗျ...ပေး...ပေး"ဆိုကာ သူရိန်လင်းလက်ထဲရောက်နေသော စီလီကွန်အတုအား အားနာနေဟန်ဖြင့် ပြန်ယူလိုက်ပြီး ပေးနေတဲ့လူကိုမကြည့်။ ဘာတွေအရေးကြီးနေသည် မသိတဖုန်းကိုအသည်းအသန် ပြောနေပြန်သေးသည်။

"အစ်မနန်းမိုခမ်း...ဘာမှမဖြစ်ဘူး လူတစ်ယောက်နဲ့တိုက်မိတာ ရတယ်...မင်္ဂလာဆောင်ကမနက်ဖြန်မလား..."

"..."

"ကျွန်တော့်ဘဏ်အကောင့်ပို့လိုက်မယ် အဲ့ထဲသာထည့်ပေးလိုက်ပါ..."

"..."

"ရတယ်လေ...အဲ့အချိန်အစားဝင်ပြီး သရုပ်ဆောင်ပေးရမှာမလား"

"အဲ့လိုဆို အစ်မသတို့သားရဲ့ပုံပို့ပေးဦးလေ မဟုတ်ရင် တစ်ခြားပွဲကသတိုးသားနဲ့မှားလို့ ပြေးပေါက်ပိတ်နေမှာ"

"..."

"ဘာ!...မသိဘူး...မတွေ့ဖူးဘူး...ဟုတ်ရဲ့လားဗျာ ကိုယ့်သတို့သားကို မတွေ့ဖူးတာ မနက်ဖြန်တောင်မင်္ဂလာပဲဆောင်တော့မယ်"  နီသော် ဖုန်းပြောရင်း အံ့သြနေလျက်  နန်းမို မ်းကို စကားထပ်ပြောမလို့လုပ်တုန်း သူအပ်တဲ့အလုပ်ပဲ ခိုင်းတာလုပ်ရုံပေါ့ဟုတာတွေးမိ၍ ထပ်မမေးလိုက်တော့ချေ။

"..."

သူရိန်လင်းမှာ ထိုကောင်လေးနဲ့တိုက်မိတဲ့နေရာမှမသွားနိုင်သေးဘဲ နန်းမိုခမ်း နာမည်ကြောင့် စဉ်းစားနေသည်။

'မိုးထက် ခိုးလာတဲ့အမျိုးသမီးများလား'

ကောင်လေးရဲ့ဆံပင်ကောက်ကောက်၊ မျက်မှန်ဝိုင်းလေးနဲ့အံ့သြသံ စဉ်းစားဟန်တွေ နှုတ်ခမ်းနီရောင်သမ်းလေးနဲ့ စကားပြောဟန်တွေကြည့်ပြီး မဆီမဆိုင် မှင်သက်ကာရပ်နေမိသည်။ ဘယ်ဘက်အခြမ်းရင်အုံကလည်း ဒီနေ့မှ ရုတ်တရက်ထကာ ပိုခုန်နေသလိုပင်။ ကိုယ်မသိသော တစ်ယောက်ယောက်ကို သတိရချင်သလိုဖြစ်နေသည်။ မိုးထက်တို့နှင်တွေ့တုန်းကအထိ ထိုရင်ဘတ်မှာအကောင်း။ ဟိုတစ်ယောက်လည်းဖုန်းပြောနေတာမပြီးသေး။

"အဘိုးကြီးအသက်၆၀ကျော်လောက်...ဟုတ်လား..."

နီသော်မှာ' အောင်းမယ်လေး 'ဟုသာစိတ်ထဲ၌ တလိုက်သည်။ပြောနေရင်းသူ့နှာခေါင်းထဲတိုးလာသည့် ကိုယ်သင်းနံ့ကြောင့် ဖုန်းပြောခြင်းကိုလက်စသတ်လိုက်သည်။

"..."

"ဟုတ်...မနက်ဖြန်အတွက်ဝတ်စုံကယူလာပြီ...သြော် ဟုတ်ဟုတ် ...အဲ့လိုဆိုဒါပဲလေ"ဖုန်းပြောပြီးမှသတိရကာ သူ့ရှေမှတိုက်မိသူကိုကြည့်မိသွားသည်။ ပါးစပ်မှလည်းယောင်ယမ်းကာ "ကို...ကိုလင်း" ဟုတစ်ယောက်သောသူ၏ နာမည်ကိုထွက်သွားသည်။

"ကိုလင်းမလား နီ ရှာနေတာ၊နေကောင်းရဲ့လားဗျာ ကျန်မာရေးကောင်းသွားပြီလား၊ အစားကောပုံမှန်စားရဲ့လား စိတ်ပူနေတာ... "

စကားကိုအသက်မရှုစတမ်းပြောပြီး မျက်ရည်များဒလဟောကျနေသော အနှီကောင်လေးကိုကြည့်ကာ စိတ်ထဲ၌ တစ်ခုခုကို အလိုမကျသလိုပင်။ ရုတ်တရက်  သူရိန်လင်းခေါင်းထဲတစ်ဆစ်ဆစ်နှင့် ကိုက်လာ၍ သူ၏ခဲရောင်တောက်တောက်ကားလေးရှိရာသို့ပြေးထွက်ကာ အိမ်သို့မောင်းနှင်တော့သည်။

နီသော်လည်း သူရိန်၏နောက်သို့ပြေးလိုက်သော်လည်း ခြေတံရှည်ကြီးဖြင့်ပြေးထွက်သွားသူနောက်မမှီလိုက်ပေ။

ရပြီ...ဒီလောက်ဆိုလုံလောက်ပြီ၊ နီ့ ကိုမမှတ်မိပေမယ်လို့ ဒီလိုကျန်းမာစွာရှိနေရင်ကိုကျေနပ်ပြီ။ဒီကိစ္စပြီးရင် နီ လည်းကော့သောင်းကိုပြန်တော့မယ် ကိုလင်း။ ကိုလင်းမျက်နှာမြင်ရဖို့လာခဲ့တာပါ။ တွေ့ရမယ်လို့မမျှော်လင့်ထားပေမယ့်...

မျက်ရည်များစွာဖြင့် ရေရွတ်နေသည်။
ခဲရောင်ကားလေးမောင်းနှင်သွားသူသည်လည်း တစ်စုံတစ်ခုကိုမကျေနပ်သလို ကားစီယာတိုင်အား တစ်ဘုန်းဘုန်းနှင့် ရိုက်နေလေသည်။ ဖုန်းနံပါတ်တစ်ခုကိုနှိပ်ကာ ပြောပြီး အကြောင်းအရာတစ်ခုကိုသိချင်လိုစိတ်များပြင်းပြနေ၍ သူ့အဖွားဒေါ်သောင်းရှိရာ အိမ်သို့မောင်းလာခဲ့လိုက်သည်။

" ပွမ်...ပွမ်...ပွမ်..."

အိမ်ရှေ့ရောက်သည်နှင့် ကားဟွန်းကို တရစပ်တီးလိုက်သည်။

LOVE BIRD (Completed) Onde histórias criam vida. Descubra agora