EP-5

12K 850 8
                                    

Unicode....

" ဒူ...ဒူ...ဒူ "

ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းတုန်ခါမှုကြောင့် ပိုင်စိုးသည် ဖုန်းကိုထုတ်ကာ ဖုန်းမှန်ပြင်ကိုကြည့်လိုက်ကာ   မျက်နှာရှုံ့မဲ့လျက် ကိုင်လိုက်သည်။ တစ်ပြိုင်နက်ထဲ  စူးစူးဆာဆာအသံက ထွက်လာသည်။

" ဟယ်လို...ကိုကိုစိုး ထွေးကို ချစ်သေးရဲ့လား ပစ်ထားတာကြာပြီနော်...ဟင့်...ဖေဖေ့မွေးနေ့ပါတီပြီးကတည်းက စာမလာအကြောင်းမကြား... ဘာလဲ မယားကြီးက ကိုစိုးကို တအားတွေအလိုလိုက်နေလို့လား စားပြီးနားမလည်လာမလုပ်နဲ့ "

မိုးခမ်း၏ညီမ နန်းအေးထွေးသည် ပိုင်စိုးရဲ့ဆော်ကြည်တဲ့ တော်ကီကောင်းမှုကြောင့်  ၁၀တန်းအောင်ကတည်းကပင် ချစ်သူရည်းစားဖြစ်နေကြ၏။ အေးထွေးသည် ချောမောယဉ်ကျေးလှသောမိန်းမပျိုလေးပင်။  အသက်ပြည့်ပြီးနောက် ဘယ်အချိန် ဘယ်အခါတည်းက ချောင်းနေမှန်းမသိသော ပိုင်စိုး၏ အသုံးတော်ခံဖြစ်သွားရှာသည်။ အေးထွေးသည် ပိုင်စိုးနှင့်မတွေ့တာကြာပြီဖြစ်၍ ဖုန်းဆက်လိုက်ခြင်းဖြစ်သည်။

" ထွေးရာ ကိုယ်မအားသေးလို့ပါ မမူယာရဲ့အဖွားဆေးရုံတက်နေရလို့ကူစောင့်ပေးနေတာ ကိုယ့်သဲရဲ့...အား!!!! "

ဖုန်းပြောရင်းပိုင်စိုး၏ နောက်ကျောတွင် အုန်းခနဲမြည်အောင်ရိုက်ခံလိုက်ရသည်။

" နင့်မယားတွေနဲ့ဖုန်းပြောမနေနဲ့ဦး ဒေါ်သောင်းမသေခင် အမွေတွေရအောင်လုပ်ဦး၊ အသုံးမကျတဲ့မြေးလက်ထဲရောက်သွားမှ အားလုံးလမ်းဘေးရောက်ကုန်မယ် "

အများကသိထားသည့် Myint group မန်နေဂျာချုပ်ပိုင်စိုး၏ယောက္ခမက ဆေးရုံလူနာစောင့်ရတာတစ်မျိုး၊ ဘေးနားကနေ လာနားငြီးနေတာကတစ်မျိုးနှင့် သူ့ရှေတွင်အီစီကလီလုပ်နေသောကြောင့် လက်ဝါးစာကျွေး လိုက်၏။ ပိုင်စိုးသည် ဒေါ်မော်အေးလက်ဝါးစာမိပြီးနောက် ဆေးရုံပန်းခြံတစ်နေရာတွင် အေးဆေးဖုန်းပြောနေလိုက်သည်။ မူယာမြင့်သည်လည်း ပိုင်စိုးကိုမနိုင်၍လွတ်ထားရသည်။ သူသုံးရန်ပိုက်ဆံ တောင်းသလောက်ပေးဖို့ရန်သာ အရေးကြီးသည်။  မယားငယ်တွေ ရှိလို့ဗိုက်ကြီးလာလျှင်လည်း ကိုယ့်ကိစ္စကိုယ်ရှင်းရန် မူယာမြင့်မှတစ်ခါတည်းပြောထား၏။

နေ့လည်ခင်းအချိန်တွင် သူရိန်လင်းသည် မိုးထက်နှင့်သူအမျိုးသမီးကို နေ့လည်စာအတူစားရန် ဖုန်းဆက်လိုက်ပြီး မိုးထက်လည်း သူ့ဇနီးမိုခမ်းကို နေ့လည်စာသွားစားရန်ပြောကာ သူရိန်ရှိရှာ အခန်းကိုလာခဲ့ကြသည်။ မိုခမ်း သူရိန်လင်းရဲ့အခန်းကိုသွားကြရင်း သူရိန့်အကြောင်း မိုးထက်ကို မေးမြန်းစပ်စုနေသည်။

" ကိုသူရိန်က သူ့မိန်းမနဲ့ ဟန်းနီးမွန်းထွက်လာတာလား"
မိုးထက်သည် ရုတ်တရက် ခေါင်းငြိမ့်ပြလိုက်ပြီး  မိန်းမ မဟုတ်သည်ကို ပြန်ပြောလိုက်သည်။

" မိန်းမ မဟုတ်ဘူး... သူ့ယောင်္ကျားနဲ့ လာတာတဲ့ "

" ဟိုနေ့က ကိုသူရိန် ကောင်မလေးတစ်ယောက်နဲ့လက်ထပ်တာမဟုတ်ဘူးလား ...မိတ်ကပ်ဆရာတောင် ခမ်း ခေါ်ပေးလိုက်သေးတယ်လေ " မိုခမ်းသည် မိုးထက်၏ သူ့ယောင်္ကျား ဆိုသောစကားကြောင့် မျက်လုံးမိတ်တုတ်မိတ်တုတ်ပုံစံဖြင့် အံ့အားသင့်ကာ ပြောလိုက်သည်။

"အကြောင်းစုံကို သူနဲ့တွေ့မှပြောမယ်တဲ့လေ "

နန်းမိုခမ်းလည်း ဆက်မပြောတော့ပဲ နေလိုက်သည်။ မိုးထက် နှင့် သူရိန်လင်းတို့မှာ  မိသားစုဝင်ကဲ့သို့ အတွင်းသိ အစင်းသိ ရင်းနှီးသည်မှာပြောစရာမလိုပေ။  မိုခမ်း မိုးထက်နဲ့ခိုးပြေးသည့်နေ့က ညပါတီတွင်တွေ့ခဲ့သည့် သူရိန်လင်းကို မြင်မြင်ခြင်း စိတ်ဝင်စားမိသေးသည်။ သူရိန်သောက်မည့်ဝိုင်ခွက်ထဲတွင် မသိမသာ ရမက်ထန်ဆေး အနည်းငယ်ခတ်လိုက်ရာ သူရိန်ကံကောင်းသွား၍သာ  သူသောက်မည့်ခွက်ကို သုတဦး  ယူကာသောက်လိုက်မိသည်။

မိုးထက် ခေါင်းတရမ်းရမ်းနှင့်  သူ့စကားသူ သူရိန်လင်းအကြောင်း တွေးကြည့်ရာ...
' မိန်းမရှုပ်သည့်လူစားမဟုတ်။ ယောက်ျားလေးတွေကိုကောကြိုက်နေတာလား။ မဖြစ်နိုင်တာ... '

မိုခမ်း သူ မသွားခဲ့သောသူ့မင်္ဂလာဆောင်သည့်နေ့တွင် ကိုမိုးထက်၏ မိတ်ဆွေတစ်ယောက်လက်ထပ်ပွဲကို လိုက်သွားခဲ့သည်။ကိုမိုးထက်က  အရေးကြီးမိတ်ဆွေဟု ဆိုသည်ပင်။ အသက်ကြီးကြီးပုံစံကြောင့် သတို့သမီးကိုတောင် ကိုယ်ချင်းစာသနားမိသေးသည်။ ထိုအကြောင်းကို သတိရကာ မိမိကို ခါးဖက်ပြီး လမ်းလျှောက်နေသူ ကိုမိုးထက်ကိုမေးလိုက်ပြန်သည်။

" ကိုမိုး... ဟိုနေ့ကသွားခဲ့တဲ့ မင်္ဂလာပွဲက ကိုသုတနဲ့ ကိုသူရိန်တို့ထက် အရေးကြီးတဲ့စီးပွားဘက်လား...အဲ့တုန်းက  သတို့သမီးရုပ်ရည်က ခမ်းနဲ့တောင်ဆင်နေသလိုပဲ "

မိုးထက် ထိုအမေးကို အားရပါးရယ်လိုက်ပြီးနောက်...

" ဘယ်ကလာ စီးပွားဘက်လဲ ခမ်းရဲ့ အဲ့ဒါသူရိန်လင်းလေ... သတို့သမီးစိတ်ပျက်အောင် အဲ့လိုအသက်ကြီးကြီးပုံစံ သူလုပ်ထားတာတဲ့လေ၊ ပြီးတော့သူက အဲ့မင်္ဂလာပွဲကို စိတ်ဝင်စားတာမဟုတ်ဘူး သူ့အဖွားကြောင့်သာ လက်ခံလိုက်တာ၊ သူ့စိတ်နဲ့ ကြာကြာပေါင်းသင်းမယ့် ပုံမပေါ်ပါဘူး၊ အခုလည်း ကောင်လေးတစ်ယောက်နဲ့ဆိုတော့ ဟိုကောင်မလေးနဲ့ ဘာဖြစ်ခဲ့လဲမသိ...သူရိန်က ရွဲ့တဲ့နေရာမှာ နှစ်ယောက်မရှိဘူးရယ် "

မိုခမ်း အဲ့နေ့တွင် တွေ့ခဲ့သော မိမိ၏မိဘနှစ်ပါးနှင့် အိမ်သားများကိုမြင်ပြီး ချောင်ကျသောဝိုင်းတွင်သာထိုင်ရန် မိုးထက်နှင့်သုတဦးတို့ကို အဖော်ညှိကာ  ဧည့်သည်မလာသောဝိုင်းတွင်ထိုင်ကြသည်။  ' အဖိုးကြီးနဲ့လက်မထပ်နိုင်ဘူးဆိုပြီး'  မင်္ဂလာပွဲမှ လွတ်ပြီးပြီးရောဆိုပြီး မိုးထက်နဲ့အတူ ပျော်ပါးကာ အတူနေလိုက်ကြသည်။  နန်းမိုခမ်း မိုးထက်လက်ကိုတွဲကာ လမ်းလျှောက်လာရင်း  သူရိန်လင်းရဲ့မင်္ဂလာပွဲသို့ တက်ရောက်သော အိမ်သားများ၏ ဝတ်ပုံစားပုံတို့ကို စဥ်းစားကြည့်မိရာ တစ်စုံတစ်ခုကို  တွေးရာမှ အဖြေတွေ့လာသလို ကျဉ်းမြောင်းနေသောမျက်လုံးများ ရုတ်တရက် ကျယ်လာပြီး အသံပင်ထွက်ကာပြောမိသွားသည်။

" အဲ့နေ့က နီသော်လား!..."

ကိုမိုးထက်သူ့အား 'ဘာဖြစ်လို့လဲ' ဟူသဘောဖြင့်ကြည့်ခဲ့သောကြောင့် သူ၏အတွေးကိုရပ်လိုက်သည်။
သူရိန်လင်း၏ အခန်းရှေ့ကို ရောက်လာပြီဖြစ်၍ တံခါးပေါက်ဝနားက ထိုင်ခုံတွင်စောင့်နေလိုက်ကြသည်။

မကြာခင်မီ အခန်းအတွင်းမှ သူရိန်သည် တစ်ယောက်သောသူကိုပခုံးဖက် ရင်ခွင်ထဲထည့်သွင်းထားသလိုလုပ်ကာ ထွက်လာသည်။ တံခါးဖွင့်သံကြောင့် မိုခမ်း သူရိန်လင်းနှင့် လွန်ခဲ့သောရက်ကသူမြင်ခဲ့ဖူးသော အသားဖြူဖြူ ဆံပင်ကောက်လေးနဲ့ကောင်လေးတစ်ယောက် နီသော် ကိုမြင်ရာ  နီသော်လည်း မိုခမ်းကို မြင်ကာ အခန်းပြင်ကို မထွက်နိုင် မှိုင်ထွေကာ ငုတ်တုတ်မေ့သည့်လူလို ရပ်နေလေ၏။ သူတစ်ပါးအပေါ်တွင်အားနာတတ်သော နီသော်၏ ပင်ကိုစိတ်ထားလေးကြောင့် မိုခမ်း၏အခက်ခဲအားကူညီပေးလိုက်ခြင်းဖြစ်သည်။ မိမိ၏ပိုက်ဆံအခက်အခဲကြောင့်ဆိုပေမယ့်လို့ သူတစ်ပါးအခက်ခဲဖြစ်လျှင်ကူညီချင်သော နီသော့်စိတ်ထားလေးကပိုသည်ပင်။

'လွတ်သွားတဲ့ ငါးကပိုကြီးတယ်....ဆိုတာ လူတွေအလကားပြောကြသည် မဟုတ်ကို မိုခမ်း ယုံသွားသည်။ မိုခမ်းသည် လက်ထပ်ရမည့်သတို့သားကို စုံစမ်းမှုမပြုဘဲ ကိုယ့်ချစ်သူနောက်လိုက်သွားမိသည့် ကိုယ့်ကိုကိုယ်သာ အပြစ်တင်လိုက်တော့သည်။ မိမိ၏ ညံ့ဖျင်းမှုကြောင့်ပင်။ သို့သော် မိမိမှာ တက်စအရွယ် ခန္ဓာကိုယ်ဖွံ့ထွား လှပသည့် ညီမလေးရှိသေးသည်မဟုတ်လား။ မည်သည့်ပုရိသယောင်္ကျားမှ မိန်းကလေးတစ်ယောက်ရဲ့ ရှိရင်းစွဲပစ္စည်းများနဲ့ စွဲဆောင်မှုဒဏ်ကိုခံနိုင်မည်နည်း။ မိမိမရတော့ ညီမအတွက်။ ကိုသူရိန်ဆိုတာလည်း သူ့အဖွားစကားကိုဆို တစ်သွေမတိမ်းနားထောင်သည်မလား။ ' မိုခမ်းသည် ကိုယ့်အတွေးနဲ့ကိုယ် မျက်နှာတွင်ဖုံးဖိမရအောင် ဘေးကလက်တွဲထားသောမိုးထက်မသိအောင် ခပ်တိုးတိုးရယ်ကာ တွေးနေ၏။

လေးယောက်သား သဲဖြူပြင်ကြီးကိုဖြတ်ပြီး လမ်းလျှောက်လာသည့်တစ်လျှောက်လုံး စကားမပြောကြချေ။  သူရိန်လင်း ထွက်ပြေးသွားတော့မည့် လူလိုဖြစ်နေသောမျက်နှာဖြင့် နီသော့်လက်ကို လွတ်ထွက်သွားမည်စိုးကာကျစ်ကျစ်ပါအာင်ဆုပ်ကိုင်ထားပြီး  သူရိန်တို့အခန်းကထွက် မလာခင်တည်းက အခန်းရှေ့မှာမြင်ရသော မိုးထက်အမျိုးသမီးကြောင့်ဆိုတာ နီသော့် မျက်နှာရိပ်မျက်နှာကဲကို သူရိန် အကဲမခပ်ရင်တောင် တွေးလို့ရသည်။ မိုးထက်တို့အတွဲလည်း လက်တွဲကာသွားနေကြသည်။

သဲဖြူဖြူပေါ် အနည်းငယ်လျှောက်ပြီးသော် သူရိန်ကြိုတင်စီစဉ်ထားသော အရိပ်ရ၍ အုန်းပင်တန်းနှင့်ရှုခင်းလှသော ဟိုတယ်၏ဘန်ဂလိုသို့ရောက်လာကြသည်။ သူရိန်လင်းနှင့်နီသော် ၊ မိုးထက်နှင့်သူ့ဇနီး မိုခမ်းတို့ အတွဲကိုယ်စီ ၄ယောက်မျက်နှာချင်းဆိုင်၍ စားပွဲတွင် ပင်လယ်စာများ သောက်စရာဝိုင်တချို့ကို တည်ခင်းထားပြီး သူရိန်လင်း၏ရှေ့တွင်သာ အသီးဆလပ် တစ်ပွဲက သီးသန့်ထူးခြားစွာရှိနေလေသည်။ နီသော် သူရိန်ရှေ့က ပန်းကန်ကိုကြည့်ကာပြုံးမိသည်။

' အကြိုက်ကအခုထိမပြောင်းသေးဘူးကိုး ' ကိုယ့်အတွေးကိုပျော်နေမိသည်။  မိုးထက်နှင့် သူရိန်လင်းတို့နှစ်ဦးသား တစ်ပြုံးပြုံးနှင့်စကားပြောရင်း ဝိုင်သောက်နေကြသည်။ နီသော်မှာတော့ မိမိကိုမျက်ထောက်နီဖြင့်ကြည့်ပြီး သူ့အရှေ့တွင်ထိုင်နေသော နန်းမိုခမ်းကို အားနာနေသာအကြည့်ဖြင့် ပြုံးကာနှုတ်ဆက်ပြီး စကားစလိုက်သည်။

"မခမ်း လက်ထပ်မယ့်သူကလေ..ကိုသူရိန်လင်း ဆိုတာမသိဘူးလား..."

နီသော် မိုခမ်းကိုမေးရာတွင် ကိုလင်း ဆိုသည့် သူသီးသန့်ခေါ်သောနာမည်ကို မသုံးပေ။ ယခင်ကတည်းက ပတ်သက်နေသည့်ကိုယ်ရေးကိုယ်တာကို တစ်ခြားသူများ မသိစေလို၍ပင်။

မိုခမ်း နီသော်၏ စကားကြောင့် စောစောက အတွေးများပင်ပျောက်သွားသည်။
'အစောတည်းကသိရင် ဒီလို ခန့်ညားတဲ့သူမျိုးကို ခိုးခိုးကြည့်နေရမှာ မဟုတ်ဘူး...နင်လည်း သူ့ဘေးမှာ ဒီလိုထိုင်နေရမှာမဟုတ်ဘူး ' စိတ်ထဲကသာပြောနေလိုက်သည်။

ပြန်မဖြေခင် အရှက်ပြေ ဘေးမှ ရေထည့်ထားသောဖန်ခွက်ကြည်ကြည်ကို ကိုင်ကာ တစ်ငုံသောက်လိုက်ပြီးမှ စိတ်ထဲမပါသော စကားများ ခပ်ပြုံးပြုံးနှင့် ဟန်ဆောင်ကာ မိုးထက်အား ချစ်ရည်အရွှန်းစားအကြည့်ဖြင့် ကြည့်ကာ ပြန်ပြောလိုက်သည်။

"ကိုမိုးနဲ့က ချစ်သူတွေလေ... သူနဲ့မခွဲနိုင်လို့ပါ "
တစ်ယောက်သောသူ၏ နှုတ်ခမ်းမှာ မဲ့ပြုံးနေလေသည်။

မိုခမ်းသာ သူလက်ထပ်မည့်လူသည် ရွှေမြေ သတ္ထုတူးဖော်ရေးကဆက်ခံသူ သူဌေးလောင်းဆိုတာသိရင် မိုးထက်ကို လာခိုးခိုင်းမည်လည်းမဟုတ်ပေ။  ရွှေမြေgroupက သတ္ထုတူးဖော်ရေးလုပ်ငန်းတင်မဟုတ်၊ များစွာသောလုပ်ငန်းများလည်းရှိ၏။ အိမ်ကတဇွတ်ထိုးစီစဉ်နေသောကြောင့် လွတ်ရာလမ်းရှာပြီး    သူရိန်လင်းထက် စီးပွားရေးလုပ်ငန်းနိမ့်သည့်  မိုးထက်ကို ခိုးပြေးရန်  စီစဥ်လိုက်ရသည်။   သို့ကြောင့်ပင် နီသော်ကို ငွေပေး၍ ဟန်ဆောင်ခိုင်းရခြင်းဖြစ်သည်။  သင်းက ပွဲပြီးတာကို ပြန်မသွားသေးဘဲ သူရိန့်ဘေးနားကပ်နေသေးသည်။ ဟန်းနီးမွန်းပါလိုက်ခဲ့ရပြန်သည်။ ရုတ်တရက် နီသော်၏ ဇာတိကိုသတိရကာ သူရိန် မန္တလေးသို့ပြန်လျှင်လိုက်မသွားစေရန်  နီသော်၏ မွေးစားမိဘအကြောင်းစကားစကာ ဟန့်တားရန် ကြိုးစားလေသည်။

"နီသော့်ဇာတိက ကော့သောင်းမြို့ကလို့ကြားတယ်... မိဘတွေက ကျန်းမာရေးမကောင်းဘူးဆို...ဘာလို့ ဒီမှာမနေပဲ မန္တလေးမှာလာနေတာ... ဟေ့ ပြောလို့မပြီးသေးဘူးလေ"

မိုခမ်း၏ စကားမဆုံးသေးခင် သူရိန်လင်း နီသော်၏ လက်ကိုဆွဲကာ အမြန်ထွက်ခဲ့တော့သည်။   ဟိုတယ်ခန်းသို့ပြန်သွားပြီး အင်္ကျီများကို သိမ်းဆည်းထုပ်ပိုးကာ မော်တော်ဘုတ်စီးပြီးကော့သောင်းမြို့ကိုလာခဲ့လေသည်။ မိုးထက်ကို sorry တစ်ကြောင်းသာ မက်ဆေ့ပို့လိုက်၏။

သူရိန်၏ ခေါင်းထဲတွင် ကောင်လေးနှစ်ယောက် တစ်ဦးကိုတစ်ဦးဖက်ကာ တက်မက်စွာနမ်းရှိုက်နေသော ပုံရိပ်က တရိပ်ရိပ်တက်လာ၍ အတွေးထဲက ပေါ်လာသည့် နေရာကိုသွားခြင်းသာ။ ဘာကြောင့်ပင် နီသော်၏ လက်ကိုဆွဲထွက်လာသည်ကိုမသိပေ။

LOVE BIRD (Completed) Where stories live. Discover now