EP-12

7K 502 14
                                    

unicode....

နီသော်နှင့်သက်ဝေ ဒဏ်ရာများစွာနှင့် သူရိန့်ကိုဆေးရုံပို့ပေးပြီး  ပြန်မည်အလုပ်တွင် ဆေးရုံဝန်ထမ်းများရဲ့မသင်္ကာသလို အကြည့်နဲ့ကြည့်ခံရသေးသည်။ ဆေးရုံမှတိုင်ကြားမှုကြောင့် ရဲများလည်းရောက်လာကာ နီသော်တို့အား စစ်လားဆေးလား မသင်္ကာစွာမေးမြန်းခံရသေး၏။ သက်ဝေလည်း ဒေါသထွက်နေကာ တောက်တစ်ခေါက်ခေါက် ဖြစ်နေ၏။ နီသော်မှာတော့ ထိုဒဏ်ရာနှင့်လူကိုသာ စိုးရိမ်နေ၏။

"နီသော်  ကိစ္စပြီးရင် ပြန်ရအောင် ဒီဆေးရုံကိုဘယ်တော့ခြေဦးမလှည့် ရအောင်...စေတနာနဲ့ကူညီတာကွာ...ငါတို့ရုပ်ကလူသတ်မယ့်ရုပ်ပေါက်နေလို့လား ...တကယ်လို့ လူသတ်ရင်တောင် ဆေးရုံပို့ပေးမနေဘူး။ တစ်ခါထဲပင်လယ်ထဲပစ်ချထားလိုက်မှာ။ "

သက်ဝေတစ်ယောက် ဒေါသကြီးစွာ ခါးကြီးထောက်လျက် စစ်ဆေးနေသောရဲ၏မျက်နှာကိုကြည့်ကာ နီသော့်အားပြောနေသည်။  ပြီးနောက်  နှစ်ယောက်သား  ဆေးရုံစောင့်ပါလုပ်ရသေးသည်။

"လူနာရှင်တို့ လူနာရဲ့နာမည်နဲ့ အသက်ကို ဖောင်ထဲဖြည့်ပေးပါပြီးရင် ဒီစာရွက်ပြပြီးဆေးကောင်တာမှာငွေရှင်းပြီးဆေးထုတ်လို့ရပါပြီ"

"ဘာ!... ငွေရှင်းပြီးဆေးထုတ်ဟုတ်လား" ငွေကြေးချွေတာသူဖြစ်သောကြောင့် နှစ်ယောက်သား ပြိုင်တူအော်မိခြင်းသာ။

အသက်၃၀ကျော်လောက် သူနာပြုတစ်ဦး စာရွက်တစ်ထပ်လိုက်ပေးကာ ပြောပြီး ထွက်သွားလေ၏။

"နီသော် ဟိုလူမေ့မလဲခင်က နာမည်ပြောသေးတယ်မလား ဘာတဲ့လဲ မှတ်မိသေးလား"

သက်ဝေမျက်မှောက်ကျုံ့ကာ စဉ်းစားသလိုပုံနှင့် နီသော်အားမေး၏။ နီသော် မဆိုင်းမတွချက်ချင်းဖြေလိုက်၏။

"သူရိန်လင်း"

"မှတ်မိနေလိုက်တာ၊ မသင်္ကာဘူးနော်နီသော်"
သက်ဝေနီသော်အားမျက်စောင်းထိုးကာ ရန်တွေ့သံဖြင့်ပြောလိုက်သည်။

"ဒါပေမယ့် ငါ့အိမ်မှာတော့မထားနိုင်ဘူး မနက်ဖြန်အိမ်ငှားလာကြည့်မှာ " နီသော် သက်ဝေအပြောကိုသိသည်ဟူသောသဖြင့် မျက်စောင်းနှင့်ကြည့်ပေးလိုက်သည်။

နီသော်နဲ့သက်ဝေနှစ်ယောက်သား သူရိန်လင်း၏ဆေးရုံစရိတ်များကိုရှင်းပြီးနောက် သူရိန်လင်းကိုပါ နီသော်၏အိမ်သို့ခေါ်လာရလေသည်။ မခေါ်၍မရပေ။ အတိတ်မေ့နေကာ သူ့အား နီသော်တို့ဝိုင်းနှိပ်စက်သည်ဟုဆိုကာ အော်ကြီးဟစ်ကျယ်လုပ်နေ၏။ သက်ဝေ ဒေါသထွက်ကာ သတ်ပစ်မည်လုပ်နေ၍ နီသော်နေသည့်အခန်းလေးသို့ ဒေါ်ဆွေသိန်းဆူပူတာခံကာ ခေါ်လာရသည်။

"အေး စားဖို့သောက်ဖို့တောင် အနိုင်နိုင်ဖြစ်နေတာ လာပြန်ပြီနောက်ထပ်ခြေနှစ်ချောင်းက...အေးပေါ့လေ နင်က ပိုက်ဆံရှာနေတဲ့သူဆိုတော့ နင်ထင်ရာလုပ်တာပေါ့ "

"အဲ့လိုမဟုတ်ပါဘူးအမေရာ"နီသော် တရိုတသေပင်ပြန်ဖြေသည်။

ဒေါ်ဆွေသိန်း အိမ်ရှေ့ဈေးဆိုင်တွင် ထိုင်လျက် နီသော့်အခန်းဘက်သို့ ခုနစ်သံချီကာအော်ပြောနေ၏။

နီသော်တို့နေသည့်အိမ်က လက်လုပ်လက်စားရပ်ကွက်တွင် ပေ၃၀ပတ်လည်ဖြစ်ကာ အိမ်ရှေ့နေရာ ကျဉ်းကျဉ်းတွင် ယခင်ကအိမ်ကိုရောင်းပြီး ရသောငွေတချို့ကို ကုန်စုံဆိုင်အသေးလေးဖွင့်ထားသည်။ အိမ်ရဲ့ထမင်းတစ်နပ်စာအတွက်တော့ဖူလုံ၏။ ကျောင်းနေအရွယ်အမွှာနှစ်ယောက်အပါဝင် ရေ ၊မီးမီတာခ တို့အားနီသော်၏ လုပ်အားခရသောငွေဖြင့်သာသုံးသည်။ ဦးထော်မိုးသည် အသဲခြောက်ရောဂါဖြစ်နေသော်လည်း မနက်အိပ်ယာထသည်နှင့်အရက်ဆိုင်သို့သွားမြဲပင်။

" နီသော်...မင်းအသိဉာဏ်မရှိဘူးလား...အန်...အိမ်မှာသမီးပျိုလေးရှိတာ ဘယ်ကလာမှန်းမသိတဲ့လူကို အိမ်ခေါ်တင်ရသလား။ "

ဦးထော်မိုး အရက်မူးကာပြန်လာပြီး ဒေါ်ဆွေသိန်း၏ ဆီးကြိုတိုင်တန်းမှုကြောင့် နီသော်နေသော အိမ်နောက်ဖေးကအခန်းငယ်လေးဆီကို ဒယိမ်းဒယိုင်သွားကာ အာလေးလျှာလေးသံဖြင့် လက်ညိုးငေါက်ငေါက်ထိုးကာ အော်ပြောနေသည်။

"မင်းဒီကောင်ကိုခေါ်ထားမယ်ဆိုရင် မင်းပါအိမ်ပေါ်က တစ်ခါထဲဆင်း၊  မဆင်းနိုင်ရင် သူ့ကိုမောင်းထုတ်လိုက် "

ဦးထော်မိုး၏စကားကြားပြီး နီသော်ဘေးတွင်ကျုံ့ကျုံ့လေးထိုင်နေသော သူရိန်လင်းစိတ်မကောင်းပေ။ ဆေးရုံမှာ  သူမသိတဲ့သူများနှင့် ထားခဲ့မည်ကိုစိုး၍ အော်ခဲ့မိသည်ကိုတွေးရင်းပင် အားနာလာသည်။ ကိုယ့်နာမည်တောင်ကိုယ်မမှတ်မိ။ သူ့ဘေးက ဆံပင်ကောက်ကောက်လုံးလုံးလေးနဲ့ကောင်လေးက သူမေ့လဲသွားတဲ့အချိန်ကရှိနေ၍ ဆေးရုံတင်ပေးထားကာ တစ်ချိန်လုံးဆေးရုံစောင့်ပေးပြီး ဆေးရုံစရိတ်ပါရှင်းပေးသည်က ကျေးဇူးများလှပြီ။  ခုလိုအိမ်ပေါ်ခေါ်တင်လာသည်က ပို၍ပင် အားနာစရာဖြစ်ရသည်။  သူရိန်မှာ  အသားဖြူဖြူကောင်လေး နီသော့်ကို ရင်းနှီးသလိုခံစားနေရသည်မှာတော့ အမှန်ပင်။

သို့သော် မှတ်ဉာဏ်မေ့နေသည်ဆိုသော်လည်း လူအကဲဖြတ်စွမ်းရည်ကတော့ ပုံမှန်အလုပ်လုပ်လျက်ပင်။

'သူ့ကို့ ဒီကောင်လေးအိမ်ထဲသို့ခေါ်လာသောကြောင့် မိဘဖြစ်သူက မသိတဲ့သူကိုအိမ်ပေါ်ခေါ်တင်ရကောင်းလားဟု ဆူပူကြိမ်မောင်းတာကိုလက်ခံပါသည်။ မိဘတော့မိဘပဲ ။ဒါပေမယ့် မိဘတော့မဟုတ်ဘူး။ဒီကလေး မွေးစားခံရတာလား။ '
သူရိန်လင်း အတွေးကြောင့် မျက်ခုံးတစ်ဖက်ပင့်သွားရ၏။

......................

"ဟယ်လိုမေ...သားဒီနေ့ပြန်လာပြီလို့ ညနေပိုင်းလောက်ရောက်မယ်..."

"အေးကွယ် သား ဖြေးဖြေးသာလာပါ မော်အေးကတော့ သားလာမယ်ဆိုပြီးဟင်းတွေ ခုကတည်းကချက်နေတယ်... သားရဲ့တူလေးလည်းဒီနေ့ အမေ့ဆီလာမယ်တဲ့လေ "

ဒေါ်သောင်း မြေးသူရိန်လင်းနှင့် သားငယ် ဦးမြင့်သူတို့ကို တွေ့ရမည်ဖြစ်၍ နေမကောင်းဖြစ်တာတောင် ပျောက်ချင်သလိုဖြစ်ကာ ယခင်နေ့များထက် ပျော်ရွှင်နေသည်။  သူရိန်လင်းနှင့် ယခုချိန်ထိမျက်မုန်းကျိုးနေသေးသည့် နီသော်လည်းပါလာမည်ကို သိကာ မျက်နှာပျက်နေသည်။ လွန်ခဲ့တဲ့လက နီသော်နဲ့သူရိန် နှစ်ဦးသား လာတောင်းပန်သော်လည်း သူရိန်ကိုသာမျက်နှာသာပေး၏။ ဗိုက်ကြီးနေသော်လည်း သဘောမတူ၊ ယောက်ျားတန်မဲ့  ကိုယ်ဝန်ဆောင် သည်ကို  မျိုးရိုးဂုဏ်သိက္ခာကျသည်ဟု ရှုံ့ချသေး၏။ ဒေါ်သောင်း လောကနိယာမကို လွန်ဆန်၍မရသော အသက်အရွယ်သည် အိုမင်းလာပြီဖြစ်ရာ ကျန်မာရေးချို့ယွင်းလာသော်လည်း ချမ်းသာကြွယ်ဝမှုဒဏ်ကြောင့် မျက်လုံးထဲတွင် အထက်စီးဆန်သောမောက်မာမှုကအထင်းသား ပေါ်လျက်။ သူမြေးသူရိန်လင်းဘေးတွင် ကပ်ကပ်ပါလာသော နီသော်ကို သဘောမကျပေ။ သူ့မြေးဘေးမှထွက်သွားစေရန်လည်း ကြံရ၏။

"အမေ...မနက်စာစားရအောင်"ဟု ဒေါ်မော်အေးမှ ဒေါ်သောင်း၏အခန်းတံခါးဖွင့်ပြီး အပြုံးလေးနှင့် ပြောလေ၏။ ဒေါ်မော်အေး ယောက္ခဒေါ်သောင်းအားဝှီးချဲပေါ် အိမ်အကူသန္တာကို ကူတွဲစေပြီး ဒေါ်သောင်း၏နောက်ကျောမှ မျက်နှာရှုံ့မဲ့ကာ ထမင်းစားခန်းသို့ တွန်းသွားလေသည်။ ထို့နောက် ဒေါ်မော်အေးမှ ဒေါ်သောင်းဖို့ သီးသန့်ချက်ထားသော ဟင်းများကို ချပေးလေသည်။ မူယာမြင့်သည်လည်း မနက်စာစားရန်ဝင်ထိုင်ပြီး အမေဖြစ်သူနဲ့ တစ်ကျိပ်တစ်ဉာဏ်တည်းကြောင့် အကြံအစည်အားသိကာ ဟင်းခွက်များကို တစ်စက်ကလေးမှပင် မနှိုက်မြည်းပေ။ သားအမိနှစ်ယောက်သား အဓိပ္ပါယ်ပါသော အကြည့်များဖြင့် ကြည့်ကြပြီး အချင်းချင်း ခပ်မဲ့မံ့ပြုံးပြနေကြ၏။ ထမင်းစား စားပွဲဘေးတွင် ယပ်တောင်ကိုင်ကာ ဒေါ်သောင်းအတွက်လိုရာများလုပ်ပေးရန် မတ်တပ်ရပ်နေသော ထမင်းချက်ဒေါ်ရှိန်းသည် ထိုသားအမိနှစ်ယောက်ကို ကြည့်ကာ နားမလည်ပေ။

ဒေါ်သောင်းမှ သူစားနေသည့်ဟင်းခွက်မှ ဟင်းများလာမနှိုက်၍ မူယာမြင့်တို့အားထည့်စားရန် ပြောလည်းပြော လက်မှလည်း ဟင်းဖတ်များကိုထည့်ပေးလေသည်။

"သမီးမူယာမြင့် ထည့်စားလေ ထမင်းပန်းကန်ထဲမှာ ဘာဟင်းမှလည်းမရှိဘူး တစ်ပန်းကန်ကြီးပဲ ရော့"ဟုဆိုကာ ကြက်သားနဲ့ဘူသီး သပြွန်းဟင်းကို ခပ်ထည့်ပေးလိုက်သည်။

မူယာမြင့်စိတ်ပျက်စွာ အသည်းသန်ငြင်းလျက် ဒေါ်သောင်းမမြင်အောင် ဟင်းထည့်ပေးသော ထမင်းပန်းကန်ကို သွန်ပစ်ကာ ထမင်းဝိုင်းမှထသွားလေသည်။

"မကြိုက်ဘူး မေသောင်းရဲ့ ဒီလိုချက်ထားတာကို မစားတတ်ဘူး "  အကြောင်းပြချက်ပေးကာထသွားလေသည်။ ဒေါ်သောင်း ဆက်မပြောတော့ဘဲ ပန်းကန်ထဲမှထမင်းများကို ကြိုးစားကာဝါးနေလေ၏။

"မော်အေး ညည်းသမက် ပိုင်စိုးကောရုံးသွားပြီလား...မသွားသေးရင် တစ်ခါတည်းလာစားဖို့ပြောလိုက် "

"ပိုင်စိုးကကုမ္ပဏီကို ရှယ်ယာရှင်အစည်းဝေးပွဲရှိလို့တဲ့ စောစောသွားတယ် "

"ပိုင်စိုး အိမ်မှာရှိရင်တောင် ငါ့ကိုလာမနှုတ်ဆက်ဘူး ထားပါ...ကိုယ့်မိန်းမကိုရော ဂရုစိုက်ရဲ့လား ညည်းမေးကြည့်ဦး ... အချိန်လွန်မှ မတော်သရော်သတင်းတွေမကြားချင်ဘူး "

ဒေါ်သောင်းသည် မူယာမြင့်ဖောက်ပြန်နေသည့်မှတမ်းဗီဒီယိုကိုမြင်ပြီးနောက် ထိုကိစ္စအားရည်ညွှန်းပြောခြင်းဖြစ်သည်။ဒေါ်မော်အေး ဒေါ်သောင်းရဲ့စကားများကြားပြီးနောက် မျက်စိမျက်နှာပျက်သွားသည်။သူ့သမီး ယောက်ျားတစ်ယောက်နှင့်အတူနေသည့်ကိစ္စကို မလုံကာ မျက်လုံးအိမ်က ခပ်စိတ်စိတ်ရွေ့လျားလျက် သူကိုယ်တိုင် သိသိလျက်နှင့်လွှတ်ထားခြင်းပင်။ ပိုဆိုးသွားသည်က ဒေါ်သောင်း မူယာမြင့်အကြောင်းသိသွားသည်ပင်။  ပိုင်စိုးနဲ့ မူယာမြင့်ဆိုတာ သူ့ရဲ့သားသမီးအရင်းပင်။ အရင်ယောက်ျား အေးစိုးနဲ့ မွေးထားသော ကလေးများပင်။ ဒီကိစ္စအား မည်သူမှမသိပေ။ သို့သော် သူရိန်လင်း မင်္ဂလာဆောင်နေ့မနက်က သူရိန်၏ 'မူယာမြင့်က ကျွန်တော့ဦးလေးရဲ့သမီးအရင်းလား' ဟု ကျားမာန်စီးပုံဖြင့် ပြောသွားသည်ကို မျက်လုံးထဲကမထွက်ပေ။ ထို့နေ့မှစပြီး ဒေါ်မော်အေးမှာ သူ့အကုသိုလ်နဲ့သူ စိတ်အေးချမ်းသာပင်မနေရပေ။ သူ၏အတွေးများဒေါ်သောင်း၏စကားကြောင့် ပျောက်ရှသွားရသည်။

"မရှိန်း ဒီနေ့ဟင်းတွေဖွယ်ဖွယ်ရာရာ အစပ်ဟပ်တည့်အောင် ပြင်ဆင်ထားပါဦး...ပြီးတော့ညည်းအစ်ကို မြင့်သူ ဒီနေ့အိမ်ပြန်ရောက်မှာ ဒေါ်ရှိန်းလက်ရာစားချင်လို့တဲ့" ဒေါ်သောင်းသည် မိသားစုလိုဖြစ်နေသော ထမင်းချက်ဒေါ်ရှိန်းအား  မှာ၏။

"ဟုတ် မမသောင်း။ ကျုပ်စီစဉ်ထားပါ့မယ်"

ထိုစဉ်ဒေါ်မော်အေးမှ ဒေါ်ရှိန်းမျက်နှာကို အလိုမကျမျက်လုံးများဖြင့် ကိုယ့်နေရာကိုနေဟူသဘောဖြင့် တည့်တည့်ကြည့်လျက် ဒေါ်သောင်းဘက်သို့လှည့်ကာ ဒေါ်ရှိန်းအားကြည့်လိုမဟုတ်ဟန်ဆောင်ပြုံးလေးဖြင့် ပြောသည်။

"အမေသားဖို့ ကျွန်မစီစဉ်ထားပါတယ် ဒေါ်ရှိန်းတို့ ဘာမှလုပ်စရာမလိုပါဘူးရယ်"

ဒေါ်သောင်း မည်သည့်စကားမျှမဆို စားနေရင်းခေါင်းသာ ဆတ်ဆတ်ငြိမ့်ပြသည်။ စားပြီးနောက် ဆေးသောက်ကာ အခန်းထဲသို့ပြန်ဝင်နားလေသည်။ ဒေါ်မော်အေးသည်လည်း သူ နေ့စဉ်နှင့်အမျှ အဆိပ်ခပ်ကာ ကျွေးရင်း  အဆိပ်ခပ်သည်ကို မည်သူမျှမရိပ်မိသောကြောင့်  ဝမ်းသာလျက်နေ၏။ ကုန်နေပြီဖြစ်သော ဆေးကို ခုချိန်ထိ အဆက်သွယ်ပင်မပြတ်သေးသော အေးစိုးထံမှာ၏။ 

"အမယ်လေး!"
ဒေါ်မော်အေး အလန့်တကြား ဖုန်းပြောလက်စကို မြန်မြန်ချကာ နောက်သို့လှည့်ကြည့်လိုက်သည်။

"သေနာရဲ့ အသံလေးဘာလေးပေးပါဦးလားဟဲ့ "

ပိုင်စိုး မထီမဲ့ပြုံးပြီး ဒေါ်မော်အေးအားကြည့်ကာ ခပ်ဂျစ်ဂျစ်ပုံဖြင့် ပြောလေသည်။

"ဘာမဟုတ်တွေလုပ်နေလို့ ဒီလောက်လန့်နေရတာလဲ....လုပ်နေရင်လည်း မမိအောင်လုပ်"

"မရှည်စမ်းနဲ့ ကိုယ့်နေရာကိုနေ  မင်းအစည်းဝေးရှိတယ်ဆို ပြီးပြီလား "

"မပြီးသေးပါဘူး  ဒီနေ့အိမ်ကို VIPလာမှာဆိုတော့  ကြည့်ချင်လို့ စောစောပြန်လာတာ "

"ကလင် ကလင် ကလင်...." အိမ်၏အထိုင်ဖုန်းမြည်လာရာ  ပိုင်စိုး သူနှင့်နီးကာ ကိုင်လိုက်၏။ တစ်ဖက်က တဆာဆာနဲ့ကြားနေကြ အသံကြောင့် ပိုင်စိုး လန့်ကာ မျက်ခုံးတစ်ဖက်ပင့်တက်သွား၏။

"ဟယ်လို မေသောင်းအိမ်ကလား သမီးအေးထွေးပါ မမလည်းပါတယ် ခဏနေရင်ရောက်တော့မယ်နော် "

ပိုင်စိုး 'ဟယ်လို' လို့ပြန်ထူးမယ် ပါးစပ်ပြင်ကာရှိသေး တစ်ဖက်က ပြောချင်ရာပြောပြီး ဖုန်ချသွားသည်။

"ညီမလေး ဘာတဲ့တုန်း" မိုခမ်း၏ အမေးကြောင့် အေးထွေးရယ်ပြကာ...

"အယ်...ထွေးလည်း ပြောချင်ရာပြောပြီးဖုန်းချလိုက်တာ ဒီဖုန်းနံပါတ်က မေသောင်းအိမ်ဖုန်းမလား မေသောင်းဖုန်းမကိုင်လို့ နောက်တစ်ခုကိုဆက်လိုက်တာ "

အေးထွေးသူ့ဖုန်းအား မိုခမ်းကို ထိုးပြကာ အူမြူးစွာပြောလေ၏။ အေးထွေးကျန်တာဘာမှမသိ။ သူသိသည်က သူ့ချစ်သူ ပိုင်စိုးကိုသာသိသည်။ ပိုင်စိုးကြောင့် မေသောင်းအိမ်သို့လိုက်လာခြင်းပင်။ ရောက်ခါနီးလေ ချစ်သူနဲ့တွေ့ရမည်ကနီးလေးလာကို တွေးကာ ပျော်နေသည်။  သည်ကိစ္စကိုမသိသော နန်းမိုခမ်းက သူနောင်တရစွာဖြင့် မင်္ဂလာမဆောင်ခဲ့ရသည့် သူရိန်လင်းနှင့် အောင်သွယ်ပေးနေသည်။

"အငယ်မ ခြေလှမ်းတွေပျက်မနေနဲ့နော် "
မိုခမ်း အူမြူးနေသော အေးထွေးကိုကြည့်ကာ မျက်စောင်းခဲလျက် ရာဇသံပေးလေ၏။ ဘေးမှကားမောင်းနေသော မိုးထက်လည်း မိုခမ်းတို့ညီအစ်မနှစ်ယောက်အားကြည့်ကာ သက်ပြင်းတချချဖြစ်နေသည်။  မိုးထက်မဆီမဆိုင် တွေးရာ သူရိန်လင်းကို အရင်လတွေက ဒေါ်သောင်းအိမ်သွားတာ မခေါ်လို့ သွားပြီးရန်ရှာရာ ယခုဝဋ်လည်နေသည်ဟု မှတ်လိုက်သည်။

မိုးထက်မောင်းလာသော ကားအနက်ရောင်လေးသည် ဒေါ်သောင်း၏ ခြံကျယ်ဝန်းကျယ် အိမ်ကြီးသို့ရောက်လာကြ၏။

မိုခမ်းသည် ကားပေါ်မှဆင်းဆင်းချင်း ယောက်ျားမိုးထက်ကိုပင် မစောင့်နိုင် မျက်နှာလိုမျက်နှာရ ဒေါ်သောင်းအခန်းရှိရာသို့ သွားနှင့်၏။ ထို့နောက်ဒေါ်သောင်းနှင့်တွေ့ကာ သူအကြံစည်အား အကောင်ထည်ဖော်ရန်ကြိုးစားလေသည်။ မိုးထက်လည်း အခန်းထဲသို့ဝင်လာကာ ဒေါ်သောင်းအားနှုတ်ဆက်သည်။

"အဖွားသောင်း... သားမိုးထက်ရယ်  နေကောင်းတယ်မို့လား..."
မိုးထက်  ပွေ့ဖက်ကာ မတွေ့တာကြာသည့် လူနှယ် ပြောကြသည်။  သူရိန်လင်း၊ မိုးထက်ဦးနှင့် သုတဦး တို့မှာငယ်စဉ်တည်းက ယခုချိန်ထိ ငယ်ရင်းမိတ်ဆွေအပေါင်းသင်းများဖြစ်ကြ၏။ ချမ်းသာကြွယ်ဝသော သူဌေးသားလေးများဖြစ်ကြရာ အတန်းလွှာတူသည့်လူနဲ့မှအပေါင်းအသင်းလုပ်ရန် ဒေါ်သောင်း၏ ဆုံးမမှုကြောင့် သူရိန်လင်းငယ်စဉ်က နားဝင်းပြီး မိုးထက်နှင့်သုတ သာရှိသည်။ စီးပွားရေးအဆင်ပြေသောကြောင့်လည်း ဒေါ်သောင်းရဲ့ မျက်နှာလိုက်ခြင်းခံရလေ၏။

မိုခမ်း အပေါက်ဝတွင်ရပ်နေကာ ဟိုကြည့်သည်ကြည့်လုပ်နေသော အေးထွေးကို လက်ပြကာ ခေါ်လေသည်။ အေးထွေးအနားသို့ရောက်လာလျှင် အံကြိတ်အသံတိုးလျက် အေးထွေးအားဆူပူလေသည်။

"အငယ်မ အထဲမဝင်ပဲဘာလုပ်နေတာလဲ... အေး ငါအစီစဉ်ဖျက်စီးဖို့မကြိုးစားနဲ့ ငါခိုင်းတဲ့အတိုင်းလုပ်၊ မဟုတ်လို့ကတော့ ငါနဲ့တွေ့မယ်သာမှတ်"

ဘေးမှ မိုးထက်မှာ မကြားသလိုနေ၏။ အခြေအနေဆိုးမှ  တားမည်ဟုသာ တွေးလျက်နေနေသည်။

"နီအင်္ကျီ ချွတ်မယ်နော် "

နီသော်ခေါင်းငြိမ့်ပြကာ အဝတ်စားချွတ်ရန် လက်မြောက်ပေးလိုက်သည်။

"အား" နီသော်ပူနေသောဗိုက်အားကိုင်ကာ မျက်နှာရှုံ့မဲ့သွားသည်။ သူရိန်လင်းမှာစိုးရိမ်ကြီးကာ ပြာနေ၏။

"ကိုလင်းရဲ့သားတွေက တအားကန်တယ် "

နီသော် ပြောလိုက်မှ သူရိန်စိတ်အေးရလေ၏။ မဟုတ်လျှင် နီသော်နေလို့ထိုင်လို့မကောင်းရင် သူရိန့်မှာနေစရာမရှိ။ ကုမ္ပဏီပင်မသွားနိုင်။ နီသော့်ကိုယ်ဝန် ၄လ၅လလောက်က ရာသီဥတုကလည်းပူ မီးကလည်းပျက်ဆိုနှင့် အဲ့ကွန်းကပါ မရချေ။ သူရိန် မီးစက်ကုမ္ပဏီကို ဖုန်းဆက်ကာ ခြံထဲ၌ မီးစက်၅လုံးဆင်ရန်ပြင်လေ၏။။ တစ်လုံးပျက်တစ်လုံးဟု ဆိုသောကြောင့် နီသော့်တားရသည်။   ကလေးအတွက် ဆိုပြီးပြောကာ နားမထောင်ပဲ ဝယ်မယ်လုပ်နေပြန်သည်။ ချင်ခြင်းတက်ရင်လည်း မပြောရဲ၊ ချက်ချင်း သူရိန်လင်းကိုယ်တိုင် ချက်ပြုတ်ကျွေးကာ နီသော့်မှာအားနာလာ၏။ အိမ်အကူရှိသော်လည်း သူရိန်လင်း သည်းသည်းလှုပ်ပုံနှင့်  နီသော်အား သူကိုယ်တိုင်ပြုစုပေး၏။

'ရေချိုးပေးမယ်' ဟုဆိုပြီး နီသော့်ဗိုက်ကိုဆပ်ပြာမြှုပ်နှင့် ပွတ်သပ်နေရာ အချိန်တော်တော်ကြာနေသည်။

"ကိုလင်း နီအအေးပတ်တော့မယ်နော် နီ တစ်ယောက်ထဲရေချိုးရင်တောင် အခုချိန်ပြီးလောက်ပြီ "

သူရိန်လင်းအား စိတ်မရှည်စွာ ပြောလိုက်၏။ သူရိန်လင်း၏ ရှပ်အင်္ကျီလည်း ရေစိုကုန်၏။ နီသော်၏ စိတ်မရှည်လေသံကြောင့် သူရိန်လင်း နီသော့်ဗိုက်နားကပ်ကာ အသံတိုးတိုးနှင့် စကားသေးသေးဆိုလိုက်သည်။

" သားတို့ဖေဖေက ဒယ်ဒီကို နှုတ်ခမ်းကြီးထော်ပြီး ပြောနေတယ် နမ်းလိုက်ရမလား သားသားတို့ "

"အား"

သူရိန်လင်း စကားအဆုံး နီသော့်ဗိုက်ထဲမှတစ်ခုခုလှုပ်သွားသလို ဖြစ်သွားသည်။ သူရိန်လင်းပြုံးမိသွား၏။

"တွေ့လား နီ ကလေးတွေကထောက်ခံတယ်နော်"

နှစ်ယောက်သား  အပြန်အလှန်ပြောကာ ကြည်နူးနေကြ၏။

LOVE BIRD (Completed) Nơi câu chuyện tồn tại. Hãy khám phá bây giờ