Unicode.....
သူရိန် မြိတ်မြို့က ပုလဲလုပ်ငန်းကိုသွားခဲ့သည့် တစ်ပတ်က သူရိန် လုပ်ငန်းကိစ္စဆွေးနွေးပြီး ချစ်ရသူရှိသောနေရာသို့ ပြန်ရတော့မည်ကို တွေးရင်းနှင့် ပျော်နေ၏။ သူရိန် သူတည်းသည့် ဟိုတယ်တွင် Check out လုပ်ပြီးနောက် သူ့ကားအနက်ရောင်လေးဖြင့် ကော့သောင်းသို့မောင်းလေ၏။ထိုစဥ် "Home"ဆိုသောစလုံးဖြင့် ဖုန်းဝင်လာသည်။ သူရိန် ကားကိုဘေးခဏရပ်ကာ ဖုန်းပြောလိုက်သည်။ ထို့နောက် ကားကိုချက်ချင်း ပြန်လှည့်ကာ မြိတ်လေယာဥ်ကွင်းသို့သာ ဦးတည်မောင်းတော့၏။
သူရိန်လေယာဥ်ကွင်းရောက်ကာ နီသော့်ကို သူမြန်မြန်ပြန်လာမည့်အကြောင်းကို စာတစ်စောင်သာပို့ထားလိုက်သည်။ ဖုန်းဆက်လို့ နီသော်ရဲ့အသံကြားရလျှင် သူမန္တလေးပြန်ဖြစ်မည်မဟုတ်ချေ။ ဒါမှမဟုတ် သူ့ကိုခေါ်သွားမိပေမည်။ သို့သော် အဖွားသောင်းဆေးရုံတက်နေရသည်ဖြစ်၍ ကော့သောင်းသို့ပြန်သွားလျှင် အချိန်ကြာနေလိမ့်မည်ဖြစ်ကာ မြိတ်မှလေယာဥ်ဖြင့်သာ ထွက်ခဲ့တော့သည်။
သူရိန် တံတားဦးလေဆိပ်မှ အိမ်သို့အပြန် ကား၏ ဘေးတစ်ဖက်တစ်ချက်တွင် မသင်္ကာစရာကား၂စီး လိုက်လာသည်ကို သတိထားမိသည်။ သူရိန် မောင်းနေသည် နှုန်းထက် အရှိန်တင်လိုက်ကာ ထိုကားများကို ကျော်ရန်ကြိုးစားလိုက်သည်။ ရုတ်တရက်ဆိုသလို သူရိန့်ကားရှေ့တွင် ကားအနက်ရောင်တစ်စီး လာပိတ်ထား၏။ သူရိန့်ကားကို အရှိန်လျှော့လိုက်သည်။ အနောက်မှ နောက်ထပ် ကားအနက်ရောင်တစ်စီးသည် သူရိန့်ကား အနောက်ပိုင်းကို ဝင်စောင့်လိုက်သည်။ ထို့အရှိန်ကြောင့် သူရိန်ရှေ့ကား စီယာတိုင်မှလေအိတ်နှင့်မျက်နှာအပ်မိသွား၏။ ချက်ချင်းပြန်ထကြည့်ရာ အနက်ရောင်ကားများ တစ်စီးမှ လူတစ်ယောက်ကိုတွေ့လိုက်ရသည်။ ထိုလူသည် သူရိန်ကို ကော့သောင်းတွင် လုပ်ကြံခဲ့သော ထိပ်ပြောင်ကြေးစားပင်။ သူရိန်ထိုလူအား မြင်မြင်ချင်း ယောက်ဖဖြစ်သူ ပိုင်စိုးကိုသတိရသွားသည်။
"တွေ့ကြသေးတာပေါ့ တော်တော်ကို အမှတ်မရှိတဲ့ကောင် " ရေရွတ်လျက် သူရိန် ကော့သောင်းမှာ ရိုက်ခံရတည်းက ပိုင်စိုးခိုင်းသည်ကိုသိ၍ သူ့ကို တိုက်ရိုက်သတိပေးပြီးသားပင် ဖြစ်သည်။ သူရိန်ကားကိုအရှိန်ပြန်တင်လိုက်ပြီး အရှေ့တွင် လာပိတ်နေသော ကားကို နောက်မှအရှိန်ပြင်းစွာဝင်တိုက်လိုက်သည်။ထိုစဥ် သူရိန်ဘေးမှ ဝင်တိုက်နေသောကားကို သတိမထားမိဖြစ်သွားကာ အရှေ့တစ်စီးလွတ်သွားပြီး သူရိန့်ကား လမ်းဘေးသို့ အရှိန်နှင့် ဘေးဇောင်းထိုးစိုက်သွား၏ ။ သူရိန်ခေါင်း ကားရှေ့မှန်နှင့်တိုက်မိကာ သတိမေ့လျက်ဖြစ်နေ၏။ ခဲရောင်ကားလေးသည်လည်း ကြေမွပျက်စီးနေ၏။
သုံးနာရီခန့်မျှအကြာတွင်....
ဆေးနံ့ပြင်းပြင်းသည် သူရိန်နားခေါင်းပေါက်ဝသို့ တိုးဝင်လျက်ရှိသည်။ မျက်လုံးနှစ်ဖက် ဖြည်းညင်းစွာပွင့်လာပြီး မျက်လုံးဖွင့်ဖွင့်ချင်းအခန်းမျက်နှာကျက်တွင် ၄ပေချောင်းမီးပြောင်းမှ အလင်းစူးစူးကို မြင်လိုက်ရပြီး အလင်းအားမခံနိုင်ကာ ပြန်မှိတ်သွား၏။ ခဏကြာမှ ဖွင့်ကြည့်ကာ မိတ်ကပ်အထူသားနှင့် နှုတ်ခမ်းနီရဲရဲဆိုးထားသော ကောင်မလေးတစ်ယောက်ကို မြင်လိုက်ရသည်။ သူ့နောက်တွင် အသက်ကြီးကြီး အဒေါ်တစ်ယောက်နှင့် သူရိန့်အားစိုးရိမ်တကြီးကြည့်နေသော အဖွားတစ်ယောက်ပါ ရပ်နေကြသည်။ ထိုအဖွားမှ သူ့အား စကားစပြောလေ၏။
"မြေးရယ် ...ဖြစ်မှဖြစ်ရလေ၊တော်သေးတာပေါ့ မူယာမြင့်ရဲ့ယောက်ျားက သူအမြန်လမ်းဘက်စာရင်းစစ် သွားရင်း မြင်ပေလို့ပေါ့...မဟုတ်ရင်မတွေးရဲစရာပဲ...ဘယ်သူလုပ်သလဲဆိုတာတော့စုံစမ်းနေတယ်မြေးရေ"
ဒေါ်သောင်း ငိုလျက်ပြောနေသည်။ သူရိန်ကြောင်၍သာ ကြည့်နေမိသည်။ သူရိန် သူ့ရှေ့မှ အမျိုးသမီးများလည်း မမှတ်မိ။ မြေးလို့ပြော၍သာ သူ့အဖွားဟုသာ ထင်မိ၏။ အခန်းထဲသို့ ဆရာဝန်လာရောက် စစ်ဆေးပြီးနောက် တစ်ပတ်ခန့်အနားယူရန်ပြောလေသည်။ဦးနှောက်ကိုအနားပေးသည့်အနေနှင့် မှတ်ဉာဏ်ခဏမျှသာ မေ့နေသည်ဟုသာ ပြောသွား၏။ ထို့နောက် သူ့ရှေ့မှ မိတ်ကပ်ဗရပွနဲ့ ကောင်မလေးက သူ့အစ်မ မူယာမြင့်ဟုဆိုပြီး နောက်က အမျိုးသမီးမှ သူ့အဒေါ် မော်အေးဟု အဖွားဆိုသူမှ ပြောပြနေ၏။ သို့သော် သူရိန့်ရင်ထဲတစ်ခုခုက ဟာတာတာပင်။
သူရိန်လင်း ဆေးရုံတွင် တစ်ပတ်ခန့်မျှ ကြာတက်ပြီးနောက် အိမ်တွင်အနားယူလျက်ရှိ၏။ ဒေါ်သောင်းလည်း သူလက်ထပ်ပေးမည့်ကိစ္စအားရပ်ဆိုင်းထားလေသည်။ ဒေါ်သောင်းလည်း သူရိန်ပြန်ရောက်လာသော ကြောင့်ဝမ်းသာနေ၏။ သူ့မြေးအား ဒီတိုင်းပြန်ခေါ်ရင် မရသည်ကိုသိ၍ သူအသည်းသန်ဖြစ်ကာ ဆေးရုံတက်နေရသည်ဟု လီစယ်ကာ သူရိန့်အားပြန်ခေါ်ခြင်းပင်။ ကော့သောင်းမှ ဟိုကောင်လေးကို သူရိန်သတိမရ၊ မမှတ်မိသေးခင် နိုင်ငံခြားသို့ ပညာသင်စေလွှတ်ရန် စီစဥ်နေသည်။
သည်လိုနှင့် သူရိန်၏ကျန်းမာရေး အခြေနေကောင်းလာရာ လုပ်ငန်းနှင့်ပတ်သက်သည့်အကြောင်းများသင်ကြားရန် နိုင်ငံခြားသို့ပညာသင်သွားလေသည်။ နီသော်ဦးကိုလည်း သူရိန် မမှတ်မိတော့။
နီသော်ဦးတစ်ယောက် အိမ်၏စားဝတ်နေရေးအတွက် စက်လှေမောင်းသည့် အလုပ်ကိုပြန်လုပ်နေ၏။ ဒေါ်ဆွေသိန်းတို့မိသားစုလည်း နေမြဲအတိုင်းပင်။ ဒေါ်ဆွေသိန်း၏ရောဂါသည်လည်း အခြေနေဆိုးလာသည်။ ဦးထော်မိုးလည်း ဒေါ်ဆွေသိန်းသိတစ်ဖုံ၊ မသိတစ်ဖုံ သူ့အကြိုက် အရက်ဖြူများ ခိုးခိုးသောက်ကာ အိမ်ရှေ့စျေးဆိုင်လေးမှ ရသောငွေလေးတစ်ချို့လည်း ထိုအရက်ဖိုးထဲသို့ ပါပါသွား၏။ အိမ်ကအမွှာနှစ်ယောက်လည်း အိမ်မှာမနေချင်ဘူးဟုဆိုကာ အဆောင်ကိုသာပြန်သွားကြသည်။ သူတို့နှစ်ယောက် ကျောင်းစရိတ်အတွက်လည်း နီသော်သာထောက်ပံ့ရ၏။ သို့ဖြစ်၍ နီသော်တစ်ယောက် အလုပ်ကို အပတ်တစ်ကုပ်ကြိုးစားနေလေသည်။ တစ်ချက်တစ်ချက် ရပ်ကွက် အတင်းတုပ်အဖွဲ့ရဲ့ လင်ပစ်ခံရသည့်ကောင်လေးဟုလည်း အတင်းတုပ်ခြင်းကိုလည်း ခံရသေး၏။ ထိုသို့ ပြောခံရလည်း သူ့ခင်ပွန်းအသစ်စက်စက်လေးကိုလည်း နေ့ရှိသ၍ လွမ်းဆွတ်တမ်းတသတိရလျက်ရှိ၏။
လအနည်းငယ်ကြာပြီးနောက် နီသော် သက်ဝေထံမှ အဆက်သွယ်ရလာလေသည်။
" နီသော် အလုပ်လုပ်ချင်ရင်လာခဲ့...ငါလုပ်တဲ့ဆီက လူလိုနေတာ ဝင်ငွေလည်းကောင်းတယ် ငါနဲ့အတူမလုပ်ချင်လည်း ကုမ္ပဏီကြီးတွေမှာ အလုပ်ခေါ်နေတယ်...ဖြစ်နိုင်ရင် မြန်မြန်လာခဲ့ကွာ... မဖြစ်စလောက် လုပ်အားခလေးရတဲ့ အလုပ်ကိုတွယ်ကပ်မနေနဲ့ နီသော်ရေ"
သက်ဝေ နီသော်နှင့် ဖုန်းအဆက်သွယ် ရသည်နှင့် နီသော်ပင်မပြောရ သူသာ ဝမ်းသာအားရ ပြောလေသည်။
"သက်ဝေရ ဖြည်းဖြည်းပြောပါ...ငါ ဘယ်မှထွက်မပြေးပါဘူး..."
"ငါလည်း ဝမ်းသာလို့ပါ ကိုယ့်ငယ်ပေါင်းကြီးကို ကောင်းစားစေချင်လို့ပါ နီရဲ့...လမ်းထိပ်ကဦးသာ ပြောသံကြားတယ် မင်း ဟိုလူနဲ့လက်ထပ်လိုက်တယ်ဆို "
"အင်း"
နီသော် 'အင်း' တစ်လုံးသာ ဖြေလိုက်သည်။ သူရိန်နှင့် သူ့အကြောင်းတချို့ကိုလည်း ပြောပြလိုက်သည်။ သက်ဝေ သူ့သူငယ်ချင်းအား ဤသို့ ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲ လုပ်ကိုင်နေရသည်ဖြစ်၍ သူစိတ်မကောင်းမိကာ ဝင်ငွေကောင်း သက်သာသည့်နေရာတွင် လုပ်စေချင်၏။ သို့ကြောင့် သူ့လူ၏ ခွင့်ပြုချက်ယူကာ နီသော်ကို ခေါ်ခြင်းပင်။
"သက်ဝေ...ငါဒီလိုတွေးထားတာရှိတယ်...အလုပ်လုပ်ရင်း ကိုလင်းကိုရှာမလားလို့။ ငါ့မွေးစားအမေတို့ကိုတော့ ပြောရဦးမယ် "
"မင်းသဘောပါ...ဒါပေမယ့် ငါကတော့ ဒီကိုလာစေချင်တယ်...တစ်ရွာမပြောင်း သူကောင်းမဖြစ်တဲ့ နီသော်ရေ"
နီသော်နှင့် သက်ဝေတို့ မိနစ်အနည်းငယ်ကြာ ဖုန်းပြောကြပြီးနောက် နီသော် မန္တလေးမြို့သို့သွားရန် ပြင်ဆင်လေ၏။ မွေးစားအမေ ဒေါ်ဆွေသိန်းကိုလည်း သူသွားမည့်အကြောင်းအား အသိပေးတော့ ခွင့်မပြုချေ။ နီသော် အိမ်ရဲ့အသုံးစရိတ် ပို့ပေးမည်ဟု ပြောလိုက်မှသာ မပြောချင် ပြောချင်ပုံစံနှင့် ခွင့်ပြုပေးလာသည်။
အမှန်တွင် နီသော်ထိုကိစ္စကို မပြောလည်းရချေ၏။ ကိုယ့်အပေါ် ငယ်ငယ်တည်းက မကောင်းသည့်သူတို့အား အရေးတယူလုပ်ကာ ပြောပြနေစရာမလိုချေ။ သို့သော် နီသော်သည် ဤသို့သော လူစားမဟုတ်။ ကျေးဇူးတရားလက်ကိုင်ထားသောလူမျိုးဖြစ်ရာ ယခုအရွယ်ထိ ရောက်အောင်ပြုစုစောင့်ရှောက်ပေးသည်ကြောင့် အသိပေးခြင်းပင်။ နောက်ရက်တွင် နီသော် မန္တလေးမြို့သို့ ခရီးဆန့်တော့ရာ ရေစက်မကုန်သေးတော့ ချစ်ရသူနှင့် တစ်ဖန်ဆုံစည်းဖို့ရာဖြစ်လာရ၏။
"မလိုက်ဘူး...မလိုက်ဘူး...လွှတ်...သွားပါ"
မိန်းမကြီးတစ်ဦးသည် ကလေးငယ်တစ်ဦးကို ဆော့နေရာမှ သူ့မိဘများမသိခင် အတင်းဆွဲခေါ်လာသည်။ ကလေးသည်လည်း လူနှင့်မလိုက် အသံဟိန်းဟိန်းဖြင့် ကြောက်ကန်ငြင်းနေသည်။ ထို့နောက် ပန်းခြံအထွက် လူတချို့ကိုမြင်ရာ ထိုကလေးကိုကျောမှ လမ်းဘက်သို့ တွန်းထုတ်လိုက်သည်။ မရည်ရွယ်သော်လည်း ခိုးကြောင်ခိုးဝှက်လုပ်သည်မို့ လမ်းပေါ်မှကားများရှေ့ အလန့်တကြားနှင့်တွန်းထုတ်လိုက်ခြင်းပင်။ ထိုကလေးလေးမှာ လမ်းပေါ်က ကားအသွားအလာနှင့် တိုက်မိသွားပြီးသွေးများအလိမ်းလိမ်းပေနေလျက် နှုတ်မှလည်း သူ၏မိခင်ကို တမ်းတနေ၏။
ကလေးခိုးလာသော မိန်းမကြီးမှာ အပင်ကွယ်ပုန်းနေပြီး ထိုဖြစ်ရပ်ကို သွေလေ ချေညက်ချားသောပုံစံဖြင့် ကြည့်နေသည်။ အမှန်က သည်လို ဖြစ်စေချင်သည်မဟုတ်။ အိမ်ထောင်သက်၅နှစ်ကြသည်ထိ ကလေးလည်းမရ။ စီးပွားရေးလုပ်သမျှလည်း အဆင်မပြေဖြစ်နေလျက်နှင့် မကြာမီကရောက်လာသော ဘေးအိမ်မှ လင်မယား၏ စီးပွားရေးအောင်မြင်မှုကို အားကျရာမှ မနာလိုဖြစ်လာပြီး ရုတ်တရက် မျက်လုံးဝိုင်းဝိုင်းဆံပင်ကောက်ကာက် ဖွေးဥနေသောအသားရေ ပိုင်ဆိုင်ထားသော ကလေးလေးကိုမြင်သွားပြီး ထိုကလေးကို ရလိုချင်စိတ်ဖြစ်လာကာ ကြံစည်ရခြင်းဖြစ်သည်။
"မေမေ...မေမေ..."
"နီ...နီရေ...ထပါဦး...အိမ်မက်ဆိုးတွေမက်နေတာလား...ရေသောက်လိုက်"
သူရိန် အပေါ်ထပ်အခန်းသို့ တက်လာရာ ဝရံတာမှ နီသော်၏ညည်းသံကြောင့် တစ်ခုခုဖြစ်ပြီဟုထင်ကာ မြန်မြန်ပြေးသွားလိုက်ပြီး အသာယာ နိူးလိုက်၏။ နီသော် ဤသို့ အိမ်မက်မက်ပြီး ယောင်ရမ်းစကားပြောသည်မှာ သူရိန်မြင်ရသလောက် ၄၊၅ခါ မကတော့။
'နီရဲ့ အိပ်မက်ဆိုးတွေကို ကိုယ်သာ အစားမက်လိုက်ချင်ပါဘိ'
နီသော် အခန်းရှေ့ဝရံတာမှ ဒန်းလေးပေါ် အိပ်နေလျက် အိပ်မက်မက်နေသည်။ လူတစ်ကိုယ်လုံးလည်း ချွေးသံရဲရဲနှင့် မောဟိုက်ကာ နိုးလာ၏။ နီသော် ပူနေသောဗိုက်ကို အသာထိန်းလျက် ထကာ သူရိန်ပေးသော ရေခွက်ကိုလှမ်းယူကာ တစ်ကျိုက်တည်း မော့ချလိုက်၏။
" နီ...စိတ်ပူစရာ၊ စိတ်ညစ်စရာတွေ မတွေးနဲ့...ဖွားကလည်း နီနဲ့ နီ့ဗိုက်ထဲက ကလေးလေးတွေကို တွေ့ချင်လို့တဲ့... နီအဆင်ပြေရင် ဖွားဆီသွားရအောင်လေနော်"
သူရိန် နီသော်ရဲ့ခေါင်းလေးကို အသာပွတ်သပ်ကာ ပြောနေသည်။ နီသော် သူရိန်ပြောသမျှကို ခေါင်းသာငြိမ့်ပြနေသော်လည်း နားထဲမရောက်ပေ။ အရင်ကထက် ပိုပိုပြီးထင်ရှားလာသောအိပ်မက်ကြောင့် အတွေးများနေသည်။ ထိုအိပ်မက်မှ သူကြောင့် မှောက်သွားသောကားထဲမှ ဒဏ်ရာရသောလူများကို စိတ်မကောင်းဖြစ်မိနေသည်။ မိဘနှစ်ပါး၏ပုံရိပ်လည်း ကောင်းစွာမှတ်မိလာသည်။ တစ်ဆက်တည်း သူ့အားပန်းခြံမှ အတင်းခေါ်လာသော မိန်းမကြီးမျက်နှာလည်း အတွေးထဲ၌ တရိပ်ရိပ်နှင့် ထင်ရှားစွာ မြင်နေရ၏။ စိတ်တို့လည်းအစိုးမရတော့။ ပြိုလဲချင်လာသည်။
အိပ်ယာမှ နိုးလာသောကြောင့် ကောက်နေသောဆံပင်မှာ ရှုပ်ပွနေသယောင် ဖြစ်သော်လည်း ချစ်စဖွယ်ဖြစ်နေကာ သူရိန် ထိုလူသားကိုကြည့်ကာ နီသော့်ပါးကို အားပါးတရမွေးကြူလိုက်သည်။
"...အမေဆွေသိန်းလား..."
"တီ...တီ...တီ..."
နီသော် အိပ်မက်မှ အမျိုးသမီးနာမည်ကို နှုတ်မှမရဲတရဲ အသံထွက်ရွတ်မိသည်။ ထိုအသံကြောင့် သူရိန့်မျက်ခုံးတစ်ဖက် ပင့်မိသွားလျက် မြည်နေသောဖုန်းအား ယူကာ ဖုန်းမှန်ပြင်ကြည့်လျက် ပြောလိုက်၏။ နီသော် သူမက်ခဲ့သည့်အိပ်မက်အကြောင်းကို ပြန်စဥ်းစားနေလျက် ထိုဒန်းပေါ်တွင် အသိစိတ်မရှိသော လူကဲ့သို့ ဖြစ်နေသည်။ သူရိန်ဖုန်းပြောပြီး နီသော်ထံလှည့်ကာ စိတ်မကောင်းစွာ ကြည့်ရင်း အခန်းထဲသို့ ပွေ့ချီကာခေါ်သွားလိုက်သည်။ ယခင်က ထိုသို့ဖြစ်လျှင် သူရိန်ထွေးပွေ့ နှစ်သိမ့်ပေး၏။ နီသော်အားတစ်ယောက်ထဲ ထားခဲ့ရမည်ကိုလည်း စိတ်မချချေ။ ယခုကား မသွားရင်မရဖြစ်၍ ခဏမျှသွားပြီး ပြန်လာမည်ဟု တွေးလျက် သွား၏။ သူရိန် နီသော် ယခင်လိုအိပ်မက်မက်ပြီး ပြီးသွားမည်အထင်နှင့် ပေါ့ပေါ့ပါးပါးနေလိုက်သည်။ ထိုသို့ထားလိုက်သည်က နီသော်နှင့်သူတို့နှစ်ဦး ဝေးကွာသွားဖို့ နောက်ဆုံးအချိန်ဆိုတာ သိခဲ့ရင် သူရိန် သွားပါဦးမလားပင်။
"နီ ...ကို အရေးကြီးလို့ အပြင်ခဏသွားမယ်နော်... လိုအပ်တာရှိရင် ဒေါ်ရှိန်းကို ခေါ်လိုက်နော်...ကိုမြန်မြန်ပြန်လာခဲ့မယ်"
သူရိန် ဖုန်းကောတစ်ခုကြောင့် အလောတကြီး ထွက်သွားလေသည်။
နီသော် ညနေစောင်းလောက် ဝရံတာမှ အပင်များရေလောင်းရန်အတွက် အိမ်အောက်ထပ်ဆင်းကာ ရေပုံးသွားယူရန် ဗိုက်ကိုထိန်းလျက် လှေကားမှ တစ်ထစ်ခြင်းဆင်းလိုက်သည်။ လှေကားဘေးအခန်းမှ စကားပြောသံတချို့လည်း မတော်တဆကြားလိုက်ရ၏။ ထိုစကားကြောင့် နီသော်စွန့်အ, နေလျက် လှေကားပေါ်၌သာ ရပ်နေမိလေသည်။ အသံပိုင်ရှင်မှာလည်း နန်းမိုခမ်းပင်။ အေးထွေးပြောသည်ကို မကြားရ။ မိုခမ်း ပြောသည်သာ နီသော်ကြားနေရ၏။
"ထွေးလေး မှန်မှန်ပြောစမ်း... နင့်ကိုယ်ဝန်က ကိုသူရိန်နဲ့ရတာမလား ... ပြောစရာရှိတာပြော မြုံမထားနဲ့ ...လူတစ်ယောက်လုံးလည်း အိမ်ပေါ်ရောက်နေပြီ...အချိန်ဆွဲနေလို့ လင်ကောင်မပေါ်ပဲ ကလေးမွေးနေရမယ် သိရဲ့လား"
'အေးလေ ကာယကံရှင်ဖြစ်သူက ရှက်တာရော ကြောက်တာရော နဲ့ ဘယ်လိုလုပ်အသံထွက်နိုင်မှာလဲ။ အေးပေါ့လေ...ဘယ်မိန်းကလေးကရော ကိုယ့်သိက္ခာကျရတဲ့ အကြောင်းကို ပြောနေမှာလဲ။ ဒါပေမယ့် ကိုလင်းကလည်း ငါနဲ့တစ်ချိန်လုံးနီးပါ အတူရှိနေတာပါ မဖြစ်နိုင်တာတွေ' မိုခမ်း၏ အော်ငေါက်သံများသာကြားရပြီး တစ်ဖက်နားထောင်နေသူမှာ မည်သည့်အသံမှ မကြားရသောကြောင့် နီသော် ထိုစကားများကို တုန်လှုပ်စွာနားထောင်ရင်း တွေးနေ၏။ ဝမ်းနည်း အံ့အားသင့်မှုနှင့် စောစောက အမှတ်မထင် ကြားလိုက်ရသော မယုံကြည်နိုင်ဖွယ်စကားများကြောင့် ချွေးစေးများလည်း ပြန်လာသည်။ တစ်ဆက်တည်း သူရိန်လင်းသတိမထားမိပေမယ့် နီသော်သာ အမြဲအမှတ်ရ စိုးထိတ်နေရသော စာချုပ်သက်တမ်းပြည့်တော့မည့်ကိစ္စကို ဝမ်းနည်းစွာတွေးမိနေပြန်သည်။ မကြာသေးခင်ကမှ ထုတ်ဝတ်ထားသော လက်ထပ်လက်စွပ်လေးကိုပွတ်သပ်ကာ မျက်နှာငြိုးငယ်နေလျက်။
တွေးနေစဥ် အခန်းမှ မိုခမ်းထွက်လာသည်။ နီသော်၏ ဖြစ်ပျက်နေသည့်မျက်နှာအမူအယာကြောင့် မိုခမ်း သူဆင်သည့်ဂွင်ထဲ ဝင်လာသည်ဟု ကြိတ်ပြုံးနေသည်။ နီသော် မိုခမ်းထွက်လာသည့်အခန်းကို တံခါးပွင့်လာစဥ် အခန်းထဲသို့ ကြည့်မိလိုက်ရာ ဘယ်သူမှမတွေ့ရချေ။ မိုခမ်း သူပြောသည့်စကားများကြားသွားသည်ဟုထင်လျက် နီသော့်ကို အားနာဟန်ဖြင့်ကြည့်နေသည်။ အတွင်းစိတ်ထဲ၌ ဤသို့မဟုတ်။နီသော်ကြားအောင် တမင်သက်သက် သူပြောလိုက်သည့်စကားကို မျက်နှာပြောင်တိုက် ခပ်ရွဲ့ရွဲ့မျက်နှာဘေးနှင့် မေးလိုက်ပြန်၏။
" နီသော် ရောက်နေတာကြာပြီလား...အယ်..ဒါနဲ့ မခမ်းတို့ပြောတာကြားသွားလားဟင်... "
နီသော် စကားပြောချင်စိတ်မရှိ၍ မကြားလိုက်သလိုယောင်ဆောင်ကာ ပြုံးလျက်ခေါင်းရမ်းကာ ဖြေလိုက်သည်။ စိတ်အားတင်းလျက် အောက်ထပ်ဆင်းကာ ရေပုံးယူပြီး အခန်းဝရံတာမှ အပင်များရေလောင်းနေလိုက်သည်။ ရေလောင်းနေသော်လည်း စိတ်တို့က မိုခမ်းစကားများသာကြားယောင်နေသည်။ ထိုအတွေးများ ထွက်ရန် ခေါင်းရမ်းခါထုတ်လိုက်သည်။ ထို့နောက် အောက်ပြန်ဆင်းကာ သူရိန်ဖို့ညစာပြင်ရန်သွားသည်။ တစ်ချက်တစ်ချက် ဗိုက်ထဲက အမွှာနှစ်ယောက်ကလည်း ကန်နေသည်။ နီသော် နာသောကြောင့်မျက်နှာရှုံ့မဲ့နေ၏။
"နီလေး...ဒေါ်ရှိန်းဘာလုပ်ပေးရမလဲ... မျက်နှာကြီးလည်းရှုံ့မဲ့လို့။ ကိုလေး တွေ့ရင် စိတ်ပူနေပါဦးမယ်"
ထမင်းချက်ဒေါ်ရှိန်း ထမင်းစားခန်းထဲ ဗိုက်ပူပူကိုထိန်းကာ ဝင်လာသောနီသော့်ကိုမြင်ကာ ကူတွဲ၍ ထိုင်ခုံပေါ်ထိုင်စေကာ စိတ်ပူကာမေးနေ၏။
" ကလေးလေးတွေက ထွက်ချင်ပြီလားမသိဘူး...ခုတလော တော်တော်လေးကန်နေတာ အန်တီရှိန်းရယ်..."
"ကိုလေးရောသိလား"
"သိတယ် တခါတလေတော့ မပြောမိဘူး...ကိုလင်းစိတ်ပူမှာဆိုးလို့နဲ့ ...ပြီးတော့ ကိုလင်းကအလုပ်တစ်ဖက်နဲ့ဆိုတော့...အန်တီရှိန်း နီ မေးချင်တာရှိလို့..."
နီသော် ထမင်းချက်ဒေါ်ရှိန်းကို အိမ်ရဲ့အလုပ်သမားလို့ဆိုရပေမယ့် ကိုယ့်အဒေါ်တစ်ယောက်လို တရိုတသေပြန်ဖြေမိသည်။
"နီလေးရယ် မေးစရာရှိတာမေးပါ အဲ့လိုခွင့်ပြုချက်တောင်းနေစရာမလိုပါဘူး...က်ိုလေးမြင်ရင် ဒေါ်ရှိန်းတို့ကို ဆူနေပါဦးမယ်"
"အဲ့လိုမဟုတ်ရပါဘူး အန်တီရှိန်းရယ်...ကိုလင်းအတွက် ညနေစာချက်ပေးမလို့ပါ ...ပြီးတော့ကိုလင်းက အသားမစားတော့ ... ဘာချက်ပေးရင်ကောင်းမလဲလို့ မေးမလို့ပါဗျာ...ဒါနဲ့လေကိုလင်း အသားမစားတာ မွေးတည်းကလား...နီမေးတိုင်းမဖြေဘူး"
"ဟုတ်တယ် ကိုလေးက ကိုကြီးနဲ့မမလေးတို့ဆုံးပြီးတည်းက အသားမစားတော့တာ၊ ဘာလို့မစားတော့လည်းဆိုတာလည်းမေးမရဘူး၊ တစ်ခုတော့ရှိတယ် ဒေါ်ရှိန်းမှတ်မိသေးတယ် ..ကိုလေးငယ်ငယ် ဆေးရုံဆင်းတော့ ကြက်သားဆန်ပြုတ်လေးတိုက်တာ အသားတုံးဝါးမိတာနဲ့ အန်တာ... အန်တာ... ၁လလောက် အစာကောင်းကောင်းမစားဘူး။ အဲ့နောက်ပိုင်း အသီးအရွက်ပဲ စားတော့တာ။ ဦးလေးမိုး ပြောသံကြားတာတော့ ကားအက်စစ်ဒင့်ရဲ့ ဆိုးကျိုးလို့ပြောတယ်"
"ကားအက်စစ်ဒင့်!"
နီသော် ဒေါ်ရှိန်းစကားကို စိတ်မကောင်းစွာ တိုးလျ သံယောင်လိုက်ကာ ပြောလိုက်သည်။ ထို့နောက် စကားပြောနေရင်း ဒေါ်ရှိန်းယူလာပေးသော နီညိုရောင်အဖုံးဖြင့် ဓာတ်ပုံအယ်လ်ဘမ်မှ ပုံများကိုကြည့်နေသည်။ နီသော် သူရိန်လင်း၏ မွေးကင်းစပုံများကို ကြည့်ကာပြုံးနေ၏။ လက်တစ်ဖက်ကလည်း သူ့ဗိုက်ကို ပွတ်သတ်ကာ 'ကလေးတွေကို ကိုလင်းနဲ့တူအောင်မွေးပေးရမယ်' ဟုတွေးကာပျော်နေသည်။ တစ်ပုံပြီးတစ်ပုံလှန်ရာက နောက်တစ်မျက်နှာတွင် သူရိန်လင်း ၁နှစ်သားအရွယ်က ရိုက်ထားသည်ထင်၏။ အဖေအမေအပါဝင် မိသားစု၃၊၄ပုံတွေ့ရသည်။ ဓာတ်ပုံအယ်လ်ဘမ်ရဲ့ ညာဘက်ထောင့်တစ်နေရာမှ ပုံလေးတစ်ပုံကို ကြည့်မိရာ နေ့လည်က သူမက်ခဲ့သော အိပ်မက်မှ ကလေးနှင့် ရုပ်ချင်းဆင်နေသည်။ ကားထဲမှသွေးသံရဲရဲသူများကိုလည်း နီသော့်မျက်ဝန်းထဲမြင်ယောင်လာ၏။
"ကိုလင်းမှာ အမွှာရှိသေးလား"
နီသော် ဟင်းအိုးမွှေနေသော ဒေါ်ရှိန်းကို မေးလိုက်သည်။
" ကိုလေးက တစ်ဦးတည်းသောသားလေ ...နီလေး ဘာဖြစ်လို့လဲ..."
ဒေါ်ရှိန်းစကားကြားရသည်နှင့် စိတ်နဲ့ကိုယ်မကပ်တော့ကာ အလဲလဲပြိုနှင့် လူတစ်ကိုယ်လုံးလည်း အရုပ်ကြိုးပြတ် ဖြစ်သွား၏။
နှုတ်မှလည်း 'ငါ့ကြောင့်... ငါ့ကြောင့်...'ဟု တသွင်သွင်ရေရွတ်နေသည်။
ဟင်းချက်နေသော ဒေါ်ရှိန်းလည်း နီသော်ပုံစံကိုမြင်သွားကာ လန့်ပြီး အနားနားပြေးလာကာ စိုးရိမ်တကြီးဖြစ်နေသည်။ နီသော် အိမ်မက်ထဲကကောင်လေး တစ်နည်းအားဖြင့် သူကြောင့်မှောက်သွားသောကားမှ သူများကို ပြန်မြင်လာကာ စိတ်တို့က အဝေးတစ်နေရာသို့ရောက်နေသလို ငိုင်နေလျက်။ ခဏကြာမှ နီသော် သတိပြန်ဝင်လာကာ စိုးထိတ်နေသောစိတ်ကိုလျှော့ကာ သူရိန်လင်းပြန်လာမည့်အချိန်ကိုမျှော်နေသည်။ နီသော် သူ့ကြောင့် သူ့ရိန်လင်းအဖေနှင့်အမေ အသက်ဆုံးရှုံ့ရသည်ဟုထင်ကာ စိတ်ထဲမှလည်း သူရိန်လင်းကို အကြိမ်ကြိမ်တောင်းပန်နေလေသည်။
နီသော်ဗိုက်ထဲမှကလေးလေး တောင်းတသည်များကို ဖြည့်ဆည်းပေးပြီး လက်ထဲ၌ စားစရာမုန့်အစုံကိုပွေ့သယ်ထားကာ သူရိန်ပြန်အလာကိုစောင့်ရန် အိမ်ရှေ့ပန်းခြံသို့သွားရန် ထလေသည်။ ထိုစဥ်နောက်မှ ဒေါ်မော်အေး တွန်းလာသော ဝှီးချဲ့ပေါ်ဒေါ်သောင်းထိုင်ကာ နီသော်ရှိရာကိုရောက်လာသည်။ ဒေါ်သောင်း နီသော်ကိုမြင်သည်နှင့် သူ့မြေးသူရိန်မရှိသည့်အခိုက် သူ နီသော်ကို သူအောင့်အီးထားရသည့်စကားများနှင့် နေလည်ခင်းက မိုခမ်းပြောသောစကားကို ပြောရန် ခေါ်လိုက်သည်။
" နီသော်ဦး ဘယ်သွားမလို့လဲ။ ရိုသေမှုကိုမရှိဘူး။ လူကြီးကိုမြင်ရင် နှုတ်ဆက်ရကောင်းမှန်းမသိဘူးလား။ ဘယ်ဥကပေါက်တဲ့ဟာလဲ။ "
ဒေါ်သောင်းမပြောမီ ဒေါ်မော်အေးမှ ဆုံးမပေးသလိုပုံဖြင့် ယောက္ခမ အကောင်းမြင်စေရန်ဝင်ပြောလိုက်သည်။
" ဟဲ့ဟိုကောင်လေး...ထိုင်ဦး... ငါနဲ့မင်း တွေ့တာအခုနဲ့ဆို ၃ကြိမ်ရှိပြီပေါ့။ ငါ့အကြောင်းလည်း သိသင့်သလောက် သိမှာပေါ့။ တိုတိုပဲပြောမယ် ...ငါ့မြေးအနားမှာ ပိုင်းလုံးတစ်ယောက်ကို မြင်နေရတာ စိတ်ထဲအော်ဂလီဆန်တယ်...မင်းဟာမင်း ငါ့မြေးနဲ့မတွေ့ခင် ဘယ်ကောင်နဲ့ဖြစ်လာလဲမသိတာ... ငါ့မြေးကိုတာဝန်ယူခိုင်းနေရလား...ငါ့မြေးရဲ့ ရင်သွေးကို မွေးပေးမယ့်သူကရှိပြီးသား..."
နီသော် ဒေါ်သောင်းစကားကြောင့် လှေကားဘေးအခန်းမှမိုခမ်းပြောလိုက်သည့် စကားက အလိမ်အညာမဟုတ်နိုင်ဟု ထင်မိသည်။ လက်နှစ်ဖက်လုံးတုန်လာကာ မုန့်ထုပ်များပြုတ်ကြသွားသည်။ ထိုအရာကိုမြင်နေသော ဒေါ်ရှိန်းမှာဝင်ပြောပေးချင်သော်လည်း သူ့ကျေးဇူးရှင် ဒေါ်သောင်း ဖြစ်နေ၍ သည်းခံနေရသည်။
ဒေါ်သောင်း သူ့ချွေးမပေးေအဆိပ်ဒဏ်ကြောင့် နေမကောင်းသော်လည်း ထိုအရာကိုဖုံးဖိကာ ယခင်တိုင်းမပြောင်းလဲသည့် ခက်ထန်သောမျက်နှာထားနှင့် ပြော၏။ အသံတို့ကတော့ တုန်ချိလျက်ပင်။
"မဟုတ်ဘူး...မဟုတ်ဘူး...မဟုတ်ဘူးအဖွားသောင်း"
နီသော် မျက်ဝန်းထဲ၌ မျက်ရည်များပြည့်လျှံကာ ခေါင်းလည်း ပြုတ်ထွက်မတတ် ရမ်းလျက် ဒေါ်သောင်းစကားကို ပြန်ခုခံနေ၏။ အမှန်တကယ်လည်း မဟုတ်ပေ။ စောစောက ပြိုလဲချင်နေသော စိတ်က ယခုပင်ရစရာမရှိတော့ချေ။ နီသော် သူ့အား ဒီအိမ်မှလူများ မနှစ်သက်သည်ကိုသိသော်လည်း သူရိန့်မျက်နှာ တစ်ရွာလုပ်ကာ သည်းခံနေနေခြင်းသာ။
"နင်ငါ့ကို အဖွားလို့လာမခေါ်နဲ့ နင့်အဖွားမဟုတ်ဘူး...ဖြစ်နိုင်ရင် ငါ့မြေးအနားကထွက်သွားပေးပါလား...ကလေးမွေးစရိတ်ပါ အကုန်ပေးလိုက်မယ်...ဘယ်နဲ့ ယောက်ျားလေးဖြစ်ပြီး ဗိုက်ကြီးနေရတယ်လို့...ကြားမကောင်းဘူး "
ဒေါ်သောင်း မိုခမ်းနဲ့ဒေါ်မော်အေးတို့ အပြောကို နားယောင်ကာ နီသော်အားပြောလိုက်၏။ ဒေါ်သောင်း မြေးဇောကြောင့် တခြားသူ၏ ကြိုးဆွဲရာကနေရသည်ကို မသိချေ။ ဒေါ်မော်အေးကိုလည်း နန်းမိုခမ်းမှ အကြံပေးလိုက်ခြင်းပင်။ ဒေါ်မော်အေးလည်း မလုပ်ချင်လုပ်ချင်ဖြင့် သူတို့မိသားစုအကြောင်းကို မိုခမ်းသိသွား၍ သူခိုင်းသည့်အတိုင်းလုပ်နေရ၏။ သူသည်ပြဿနာထဲဝင်မပါချင်။ သူရိန့်ဒေါသလည်း သူ့တို့အသိဖြစ်၏။ သူသိသည်က ဒေါ်သောင်း၏ ပိုင်ဆိုင်မှု စည်းစိမ်ဥစ္စာရဖို့သာ အဓိကပင်။
နီသော် ဒေါ်သောင်းရဲ့နောက်ထပ်ပြောလာမည့်စကားတို့ မခံနိုင်တော့ကာ ထိုနေရာမှပြေးထွက်လာမိသည်။ ပုံမှန်ဆို သည်းခံတတ်သော်လည်း ကိုယ်ဝန်ဆောင်နေရချိန်မို့လားမသိ။ စိတ်ခံစားလွယ်နေသည်။ နီသော် ကိုလင်းနဲ့ တစ်နေ့လမ်းခွဲရမည်ကို မသိစိတ်က အာရုံ၌ခံစားရသော်လည်း ဒီလို တွန်းအားပေးခံရမည်ဟုလည်း မထင်မိချေ။ နီသော် သူ့ကြောင့် တစ်ပါးသူဒုက္ခရောက်မည်ကိုမလိုလားသူရာ သူ့ကိုယ်သူထက် သူတစ်ပါးကို ဦးစားပေးတတ်သူပင်။ နီသော် အခန်းထဲ၌ ငိုကြွေးလျက် သုခမြိုင်စံအိမ်က ယူလာသည့် စာချုပ်ကိုရှာနေ၏။ နီသော်စိတ်ထဲ၌ နန်းအေးထွေးရဲ့ကလေးအတွက် မိစုံဖစုံဖြစ်စေရန် ထိုစာချုပ်၌သူလက်မှတ်ထိုးကာ သူရိန့်အနားကထွက်သွားပေးမည်ဟု တွေးလိုက်၏။
ခြံထဲ၌ သူရိန်ကားရောက်လာလေသည်။ သူရိန် သွားသည့်ကိစ္စ မပြီးသေး။ စိတ်လေးနေ၍သာ ပြန်လာခြင်းဖြစ်၏။ အိမ်မှာလည်း နီသော်တစ်ယောက်တည်းထားခဲ့ရသည်ဟု အမှတ်ရလျက် ပြန်လာ၏။ လွန်ခဲ့သော ၁၀နှစ်ကျော်လောက်က မသမာသူတစ်စုရဲ့လက်ချက်ဖြင့် မေ့မြော ကိုမာဝင်နေသော ရှေ့နေဦးဇော် သတိရသည်ဟု ဆေးရုံမှအကြောင်းကြားသောကြောင့် သူရိန်သွားအလောတကြီး သွားကြည့်ရခြင်းပင်။သတိရပြီး မိနစ်ပိုင်းမျှအကြာ သတိပြန်လစ်သွားသောကြောင့် သူရိန် လူနာစောင့်လုပ်ပေးနေ၏။ ဦးဇော်အမျိုးသမီးရောက်လာမှ ပြန်လာရသည်။
သူရိန်အိမ်ထဲသို့ဝင်လိုက်ရာ ဒေါ်မော်အေး၏ ပူလောင်ခြင်းမျက်နှာနှင့် စည်းကြိုခြင်းခံလိုက်ရသည်။ သူရိန် 'ဘာပြောချင်လို့လဲ' ဟူသောမျက်နှာဘေးနှင့် မေးလိုက်သည်။
" ဟို...ဟိုလေ သူရိန်လင်း မေသောင်းလေ ဒီနေ့ကို ခံပါဦးမလား..."
ဒေါ်မော်အေး ထစ်ထစ်အအနှင့် အလွတ်မှတ်ထားသောစာများ ပြောဖို့အရေး စဥ်းစားနေရသလိုပုံနှင့် ပြော၏။

KAMU SEDANG MEMBACA
LOVE BIRD (Completed)
Romansa25.5.2020 စိတ်ကူးယဥ် Fictionဖြစ်လို့ fictionထဲပါအကြောင်းအရာများထဲ အမှားပါခဲ့ရင် သည်းခံပေးပါရန် မေတ္တာရပ်ခံပါတယ်.... zawgyi code အဖွား၏စကားအရမဖြစ်မနေမိန်းကလေးတစ်ယောက်နှင့်လက်ထပ်ဖို့ဖြစ်လာတဲ့အခါ လက်ထပ်ပွဲနေ့မှာ အဲ့မိန်းကလေးရောက်မလာပဲ တခြားသူအစားထိ...