Ep-21

7.3K 486 28
                                    


unicode.....


"သန္တာ"

"ဟုတ်အန်တီမော်"

"ညည်းအိမ်က အဖေနေမကောင်းဘူးဆို..."

"ဟုတ်တယ်အန်တီ"

"ရော့ ညည်းအဖေအတွက်ဆေးဖိုး... ငါပြောချင်တာနားလည်တယ်မို့လား"

ဒေါ်သောင်းဆေးရုံမတက်မီ နီသော် ဒေါ်သောင်းဆီပို့ပေးသောရေခွက်ထဲ ဆေးမှုန့်တချို့ခတ်နေသည်ကို အိမ်အပြင်ဘက်သန့်ရှင်းရေးလုပ်နေသော သန္တာတွေ့သွား၍ ဒေါ်မော်အေးမလုံမလဲဖြစ်လျက် ပိုက်ဆံများကို အိတ်အမဲတစ်လုံးအပြည့် ပေးနေသည်။

"အများကြီးပဲ  အန်တီ... "

သန္တာ မျက်လုံးပြူးကာ အံ့သြပုံနှင့် ဒေါ်မော်အေး ထိုပိုက်ဆံများ မည်သည့် ရည်ရွယ်ဖြင့် ပေးသည်ကိုမသိချေ။

"ညည်းဟာညည်း ဒီပိုက်ဆံတွေဘာလုပ်လုပ် အရေးကြီးတာက ညည်းမြင်လိုက်တဲ့ကိစ္စကို ဘယ်သူမှပြန်မပြောနဲ့ ကြားလား...မဟုတ်လို့ကတော့ ညည်းအိမ်ကလူတွေ  အန္တရာယ်ကင်းမယ်မထင်နဲ့"

"ဟုတ်...ဟုတ်ကဲ့ပါ"

သန္တာ ဒေါ်မော်အေးပြောသည့်အကြောင်းကိစ္စကို နားမလည်သော်လည်း ဟုတ်ကဲ့သာဖြေလိုက်သည်။ အညာရွာသူဖြစ်ကာ ရွာမှာလည်း မြေပဲနှုတ်၊ တောလိုက် ထိုအလုပ်မျှသာ လုပ်ရ၏။ ရိုးသည်။တုံး,အသည်။ ပညာရေးမှာလည်း ရေးတတ်ဖတ်တတ်မျှသာ ၄တန်းထိကျောင်းနေခဲ့ရပြီး ရွာဦးဘုန်းကြီးကျောင်းတွင် ပညာသင်ရန်အခွင့်ကြုံသော်လည်း ထိုစာသင်နှစ်၌ ဖခင်ဖြစ်သူက လေဖြန်းသောကြောင့် စီပွားရေးအဆင်မပြေ၍ နားလိုက်ရ၏။ထို့နောက် မြို့မှပြန်လာသော ဒေါ်ရှိန်းနှင့်တွေ့ကာ ဒေါ်သောင်းအိမ်တွင်အလုပ် လာလုပ်ခြင်းဖြစ်သည်။ သန္တာ အမြဲမြင်သည်က ဒေါ်မော်အေးမှ ဒေါ်သောင်းကို အချိန်မှန်မှန်ဆေးတိုက်သည်လို့သာ သူသိထားသည်။

၅ရက်ကြာပြီးမနက်၌ ဒေါ်သောင်း သတိပြန်လည်လာသည်။ ဒေါ်မော်အေးမှာ မပျော်နိုင်ပေ။ ဒေါ်သောင်းမြန်မြန်သေအောင်သာ နည်းလမ်းရှာနေပြန်၏။ ယခုသူလုပ်သည့် နည်းလမ်းက မထိရောက်တော့ ထိရောက်သည့်နည်းလမ်းကို အသုံးချရန် တွေးနေသည်။  စေခိုင်းသူကလည်း သည်ကိစ္စမြန်မြန်အဆုံးသတ်ရန် သတိပေးနေပြီ။

'အသက်ကဖြင့် ကြီးလှပြီ မြန်မြန်သေပါတော့ ဒီလောက်လုပ်ထားတာကို'

မသိမသာဖြင့် မျက်လုံးများက လောဘမီးတောက်လောင်နေလျက် စိတ်ထဲ၌ပြောနေ၏။ အပြင်ဘက် ထွက်သည့်စကားမှာ ဤသို့မဟုတ်ပေ။

"မေသောင်း သတိရလာပြီ...တော်သေးတာပေါ့ "

ဦးမိုးရောက်လာပြီးနောက် ကျန်းမာရေးအခြေနေစစ်ဆေးနေသည်။

"မမသောင်း ဆေးရုံမှာ တစ်ပတ်ဆယ်ရက်လောက်ဖြစ်ဖြစ် နားလိုက်ပါဦး ...အဲ့လို့ဆိုကျွန်တော်တို့လည်း သေချာဂရုစိုက်ပေးလို့ရတာပေါ့"

"အေးပါကွယ် ...ငါတို့မိသားစုမှာ မောင်မိုးကျေးဇူးတွေကြောင့် ခုလို ကျန်းကျန်းမာမာ နေနိုင်စားနိုင် နေတာ...ကျေးဇူးတင်ပါတယ် မောင်မိုးရယ်"

ထိုစကားကြောင့် ဦးမိုးပြုံးကားနေ၏။
"မလိုပါဘူး မမသောင်းရယ်...ကျွန်တော်ဒီနေရာမှာ ဒီလိုနေနိုင် မမသောင်းတို့ ကျေးဇူးတွေကြောင့်ပါ"

နေ့လည်ပိုင်းချိန်၌ မိုခမ်းတို့လင်မယားနှစ်ယောက်နှင့် အေးထွေးပါ ဆေးရုံကိုလိုက်လာသည်။

"မေသောင်းသမီးတို့လာတယ် လိုအပ်တာလေးတွေလည်းယူလာတယ်"

မိုခမ်း မျက်နှာတွင်အပြုံး အရွှမ်းစားပြုကာ ဒေါ်သောင်းကိုနှုတ်ဆက်နေသည်။ ဒေါ်သောင်းလည်း ဒေါ်မော်အေးကျွေးနေသော ဆီချက်ခေါက်ဆွဲနှင့် ကြက်ပေါင်းခေါက်ဆွဲစားနေသည်။ မိုခမ်းတို့လာမှ ပျော်သွားသယောင်ပင်။

"မလိုပါဘူးအေ...ဒါနဲ့ သား မိုးထက် ရောပါတာလား... အလုပ်ကရောအဆင်ပြေရဲ့လား"

"ပြေတယ်မေသောင်း...ဖေဖေကို ဒီနေ့ဖို့အကူညီတောင်းထားတယ် "

မိုးထက် ပြောဖို့ပါးစပ်ဟန်ပြင်တုန်း မိုးခမ်းကြားဖြတ်ပြောလိုက်၏။

" ဒါနဲ့ သူရိန်ရော "

မိုးထက်မှမေးလိုက်သည်။

"သူ့အတွင်းရေးမှူးတော့ ဖုန်းဆက်လာတယ်...လုပ်ငန်းရှင်များအသင်းရဲ့အစည်းအဝေးတက်နေလို့တဲ့... ပြီးမှ လာမယ်ပြောတယ်"

ဒေါ်မော်အေး  ဒေါ်သောင်းကိုကြက်ပေါင်းရည် တိုက်ရင်း ဖြေသည်။ ဒေါ်သောင်းလည်း ကုတင်ထက် လှဲရန်ပြင်နေစဥ် မိုခမ်းတို့ညီမ၂ယောက်မှာ အခန်းပေါက်ဝနားရောက်နေကာ ခပ်ယဲ့ယဲ့အသံဖြင့် ဒေါ်သောင်းလှမ်းမေးလိုက်သည်။

"ထွေးလေးတို့...ဘယ်သွားကြမလို့လဲ"

ဒေါ်သောင်းအမေးကို စောင့်နေသည့်အလား။ မိုခမ်းမျက်နှာ ပြုံးရွှင်လျက် ပြန်ဖြေလေသည်။

"ထွေးလေးကို ဗိုက်အပ်ပေးမလို့...ဦးမိုးလည်းရှိတော့ ဒီမှာပဲ တစ်ခါတည်းO.Gနဲ့တွေ့မလို့ မေသောင်း"

"အော်...အေးအေး မောင်မိုးကို သေချာပြောလိုက်ပါ သူဂရုစိုက်ပေးပါလိမ့်မယ်"

အေးထွေးတို့ အခန်းပြင်အရောက် မူယာမြင့်နှင့် ပိုင်စိုးတို့ ၂ယောက်ကိုတွေ့လိုက်ရ၏။ မူယာမြင့်သူတို့၂ယောက်ကို မမြင်သလိုလုပ်ကာ အခန်းထဲဝင်သွားသည်။ ပိုင်စိုး အေးထွေးကို  ခွင့်လွှတ်မှုတောင်းခံသလို အကြည့်ဖြင့်ကြည့်ကာ ပိုင်စိုး အေးထွေးကို ကလေးဖျက်ချဖို့ပြောလိုက်သည့်နေ့ကစပြီး မအိပ်နိုင်မစားနိုင်ဖြစ်လျက်။ သူကလေးမရချင်၌၍မဟုတ်။ အရင်က ဦးစိုင်းထန်ကို ကြည့်မရ၍ အေးထွေးကို အရယူခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်း သံယောဇဥ်တွယ်ကာ ချစ်မိလာ၏။ သူ့အမေမော်အေး စကားနားထောင်နေရလို့သာ ခေါင်းပူတုန်း လျှပ်ပြက်စဥ်းစားမိ၍ ကလေးဖျက်ချရန် ပြောလိုက်ရသည်ကို နောင်တရနေ၏။ အဲ့နေက မိုခမ်းရောက်လာ၍ သူ့အစီစဥ်ကို မပြောလိုက်ရပေ။

အေးထွေး ဗိုက်ပြပြီးနောက် ဒေါ်သောင်းအခန်းသို့ပြန်သွားကြ၏။ ရုတ်တရက် မိုခမ်းအနောက်မှလိုက်လာသော အေးထွေး သူ့လက်ကို တစ်စုံတစ်ယောက်ဆွဲတာခံလိုက်ရ၏။

"အ..."

ပိုင်စိုး အေးထွေးကို လက်ကဆွဲခေါ်ပြီး ဆေးရုံပန်းခြံ၌ စကားပြောကြလေသည်။ အေးထွေးမှာလည်း စိတ်မကုန်သေးသည့်တိုင် ပိုင်စိုးပြန်ချော့သည့်စကားကြောင့် ပြန်အဆင်ပြေသွားကြ၏။

" ထွေးလေးကို ကိုယ်တစ်ခုပြောမယ်နော်...ထွေးလေးကို ကိုစိုးလက်ထပ်လိုက်ရင် ထွေးဖေဖေနဲ့ ကိုစိုးအဆင်ပြေမှာမဟုတ်ဘူး...ဒါလေးတော့သိထားပေးနော် ကျန်တာထွေးမသိလည်းဖြစ်တယ်"

အေးထွေး ပြုံးကာ ခေါင်းငြိမ့်လျက်။

ပိုင်စိုး သူ့အမေဒေါ်မော်အေးကြောင့်သာ ဦးစိုင်းထန် ကြိုးဆွဲရာကနေရသည်ဖြစ်၏။ ဒေါ်သောင်းကို သူ့အမေဒေါ်မော်အေး သတ်ရန်ကြံစည်သည်က ဦးစိုင်းထန် သူအမေ့ကို မက်လုံးပေးကာ ခိုင်းခြင်းဖြစ်သည်။ သူရိန့်ကိုလည်း သူ့နာမည်သုံးကာ လုပ်ကြံလေ၏။ ခုနောက်ပိုင်း ပိုင်စိုး ဦးစိုင်းထန်နှင့်ကိစ္စဖြတ်နေ၏။ ပိုင်စိုး ဒေါ်မော်အေးကို အကြိမ်ကြိမ်တားသော်လည်း နားမဝင်။ ဒေါ်သောင်း၏ စည်းစိမ်ကိုမက်ကာ အသုံးချခံနေရသည်ကို မသိရှာသော ဒေါ်မော်အေးမှာတော့ သူတစ်ပါးရဲ့ ရုပ်နဲ့နမ် ကွဲကွာအောင် ကြိုးစားနေသည်။

.........

နီသော်တို့ ဒေါ်သောင်းအိမ်မှ ပြန်လာပြီး နောက်တစ်နေ့မနက်၌....

"ကိုလင်း နောက်၁ပတ်လောက် နီ ဆေးခန်းပြမယ့်ရက်နော် ..."

နီသော် မနက်စာစားနေရင်း ကုမ္ပဏီသွားရန်ပြင်နေသော သူ့အမျိုးသားညိုချောကြီးကို ချိုအေးအေးအသံဖြင့် လှမ်းသတိပေးနေသည်။ သူရိန် နီသော့်အား တစ်ချက်ကြည့်လိုက်ပြီး မမာမပျော့ ခပ်အေးအေးအသံဖြင့် ဆိုလိုက်သည်။ အကြည့်ကတော့ အချစ်ပြည့်နက်နေ၏။

"သွားခါနီးမှပြော နီသော်...ညစာလည်းစားနှင့်မစောင့်နဲ့"

"အင်း... ကိုလင်းမေ့မှာစိုးလို့ နီ ကြိုပြောတာ"

သူရိန် နီသော်ကိုပြောပြီး စက္ကန့်အနည်းမျှကြာအောင် အိမ်တံခါးပေါက်ဝမှ မသွားသေးဘဲ နီသော့်ကို လှမ်းကြည့်ကာ  အိမ်မှာတစ်ယောက်တည်းထားခဲ့ရမည်ကို စိတ်မချဖြစ်နေပြီး  ကြည့်လို့ဝမှ သွားလေ၏။ နီသော် သူရိန်ရဲ့စကားပြောအမူအရာ  ဒေါ်သောင်းအိမ်မှ ပြန်လာပြီးတည်းက ပြောင်းလဲလာသည်ကို ခံစားမိသော်လည်း ယခုလို စိမ်းကားလာမည်လို့မထင်မိချေ။ သူရိန်စားဖို့ နီသော်ပြင်ထားသော မနက်စာလေးသည်  သူရိန်မစားသွား၍ အေးစက်နေကာ နီသော်စိတ်မကောင်းဖြစ်မိ၏။ 

ဒီလိုနဲ့ ၅ရက်မြောက်။ သူရိန်လင်း နီသော့်အား စကားမပြော ကုမ္ပဏီကပြန်လာရင်လည်း စာဖတ်ခန်းထဲသာ တန်းသွား၏။ ရေးချိုးပြီးရင်လည်း စာဖတ်ခန်း၌ လက်တော့ပ်တစ်လုံးနှင့်အလုပ်ရှုပ်နေပြန်သည်။ နီသော် သူ့အားလျစ်လျူရှုနေသည်ဟု ခံစားရသောကြောင့် မနေနိုင်သည့်အဆုံး သူရိန်ရှိရာအခန်းသို့ သစ်သီးခွဲကာ ဝင်သွားလေသည်။

"ကိုလင်း ထမင်းစားပြီးပြီလား...မစားရသေးရင် နီ ပြင်လိုက်မယ်လေ..."

သူရိန်ရဲ့ စကားပြန်မရ။ နီသော်ကို တစ်ချက်သာကြည့်ပြီး လက်တော့ပ်ထံ အာရုံပြန်ထားလျက်။

နီသော်လည်း သူအမေးကို ပြန်မဖြေဘဲ လူကိုသာကြည့်ပြီး လုပ်မြဲတိုင်း အလုပ်လုပ်နေသောသူရိန်လင်းကို စိတ်တိုလာသည်။ နီသော် သူရိန့်အား မည်သည့်အခါကမှ စိတ်တိုသည်မရှိခဲ့။ ခုက ကိုယ်ဝန်စိတ်ကြောင့်လားမသိ စိတ်တော်တော်တိုနေ၏။ ယခင်ကနီသော်ဆိုရင် ဒါမျိုးအဖြစ်မခံ။ သူ့အားအလိုမရှိတော့ရင် သူတစ်ပါးစိတ်ချမ်းသာအောင် ဝေးရာထွက်သွားပေးမည့်သူမျိုးပင်။ ယခုမူ မမွေးရသေးသောကလေးမျက်နှာကြောင့် စိတ်လိုက်မာန်ပါလုပ်လိုမဖြစ်ကာ အကျိုးသင့်အကြောင်းသင့် စဥ်းစားနေရသည်။ 

" နီ့ကို စကားလေးပြန်ပြောပါဦး... ကိုလင်းကအဲ့လိုလုပ်နေတော့ နီ နေစရာမရှိတော့သလို ခံစားရတယါ...မဟုတ်မှ ကိုလင်း နီ့ ကိုစိတ်ကုန်နေပြီလား...ဟင်"

နီသော် ဝမ်းနည်းလာရာ အသံများတုန်လျက် ၂ရက်လောက် အားမွေးပြီး ပြောသင့် မပြောသင့် စဥ်းစားရင်း ထိုစကားကို ပြောလိုက်၏။ မျက်ရည်များလည်း ဆည်ကျိုးသလို ကျဆင်းလာသည်။

ကီးဘုတ်ပေါ်ပြေးလွှားနေသော သူရိန့်လက်သွယ်သွယ်က နီသော်၏စကားကြောင့် ရပ်သွားပြီး မျက်ဝန်းတစ်စုံက ချက်ချင်းပင် မျက်ရည်ကြည်များသမ်းလျက် နီသော်ကို ကြည့်လာ၏။ ခဏမျှသာ နောက်တော့ လက်တော့ပ်မှ ခလုတ်တစ်ခုကို နှိပ်ရင်း...

"ငိုနေတာ ကလေးတွေအတွက်မကောင်းဘူး နီ .."

သူရိန်စကားမဆုံးခင် နီသော် ရင်ဘတ်အောင့်ကာ အခန်းသို့ ပြန်သွားပြီး ကုတင်ပေါ်၌ ကျုံ့ကျုံ့လေးထိုင်ကာ ရှိုက်ကြီးတစ်ငင်ငိုနေ၏။ ထို့နောက် ရေချိုးခန်းထဲဝင်ကာ ရေပန်းဖွင့်ပြီး ဒေါ်သောင်းအိမ်မှ  အကြောင်းအရာများအားလုံးမှ' သူဘာမှားခဲ့လဲ' ဆိုတာကို စဥ်းစားနေသည်။ နီသော် ဗိုက်ထဲမှ ကလေးများလည်းသတိမရတော့။ ရေပန်းအောက်မှာနေကာ ငိုနေသည်။ သူရိန် သူ့အား လူပိုတစ်ယောက်လို ပစ်ပယ်ထားသည့် ပုံစံကိုလည်း ဘဝင်မကျ စိတ်ထဲမကောင်းမိ။ ရောက်တတ်ရာရာများလည်း တွေးလိုက်သေး၏။

'ကိုလင်းက ငါ့ကို စိတ်ကုန်သွားလို့များလား...အေးပေါ့လေ လိင်တူယူထားတာ ဆိုတော့လည်း ကြာတော့ရိုးအီသွားလို့  ခုလိုလုပ်နေတာနေမှာပေါ့'

ဗိုက်ထဲကနေ ကန်နေသော လူမမည်သေးတဲ့သတ္တဝါလေး၂ဦးကြောင့် နီသော်အတွေးမှသတိဝင်ကာ ရေမြန်မြန်ချိုးလေသည်။ ရေချိုးခန်းတံခါးဖွင့်ခိုက် ကြွေပြားခင်းမှဆပ်ပြာရည်ကြောင့် အရှိန်မထိန်းနိုင်ကာ နီသော်လဲလေသည်။ နီသော်မျက်လုံးကို စုံမှိတ်ထားပြီး ဗိုက်ပူပူကိုထိန်းကာ ဘုရားတနေလျက် ကြွေကြမ်းခင်းနှင့် ခန္ဓာကိုယ်ထိမည့်အချိန်ကို စောင့်နေမိသည်။ ချော်လဲကာ ကလေးများပျက်ကျသွားမည်ကိုလည်း စိုးရိမ်နေပြန်သည်။ သို့သော် သူထင်သလိုမဟုတ်။ ကျယ်ပြန်သည့်ရင်အုပ်၊ သန်မာသည့်လက်သွယ်သွယ်တစ်ဖက် သူ့အားနောက်ကျောမှသိုင်းဖက်ထားပြီး ကျန်လက်တစ်ဖက်က ဗိုက်ပူပူလေးအား အသာထိတွေ့ထားသည်ကို ခံစားရ၏။။ နီသော် သူ့နားထင်စပ်နား အာငွေ့ရိုက်ခပ်လာသလိုခံစားရသည်။ ရုတ်တရက် သွေးပူကာ မည်သူမှန်း မစဥ်းစားနိုင် မော့ကြည့်လိုက်ရာ သူ့အားအရင်ရက်တွေက ပစ်ထားသူ နှာတံစင်းစင်း၊ အသားညိုဝါနှင့် သေသပ်သောနှုတ်ခမ်းသားပိုင်ရှင် ကလေးတို့၏ဖခင်ပင်။

"နီ ဂရုစိုက်လေ...တော်သေးတာပေါ့ ကိုယ်ရှိနေလို့ မဟုတ်ရင် လူလားမမြောက်သေးတာလေးတွေ..."

"ဘာလဲ...ကိုလင်းက ကလေးတွေပဲစိတ်ပူတာလား"

နီသော် နှုတ်ခမ်းထော်ကာ မျက်စောင်းပစ်၍ ရန်တွေ့လိုက်၏။ သူရိန် နီသော့်စကားကိုမတုန့်ပြန်။ ခြေထောက်မှပွေ့ကာ ခေါ်သွားပြီး ကုတင်ပေါ်တွင်ချပေးလိုက်သည်။ နီသော်ကိုင်ထားသော တဘက်ကိုယူပြီး ရေမခြောက်သေးသော နီသော့်ခေါင်းကို သုတ်ပေးနေ၏။ ခဏကြာ နီသော် သူ့ခေါင်းမှလှုပ်ရှားမှုရပ်သွား၍ သူရိန်ကိုမော့ကြည့်လိုက်သည်။ လက်တစ်ဖက်က ခေါင်းပေါ်တင်ထားပြီး တစ်ဖက်ကဖုန်းကိုင်ကာပြောနေသည်။ နီသော် သူရိန့်လက်ကတဘက်ကိုယူကာ သူ့ဟာသူ ခေါင်းဆံပင်ရေခြောက်အောင်သာသုတ်လိုက်တော့သည်။

သူရိန်လည်းနီသော် လှုပ်ရှားမှုမှန်သမျှကို မျက်လုံးထောင့်မှမြင်နေရ၏။ 'သူ့အားစ်ိတ်ဆိုးနေမှန်းသိသည်။ အရေးကြီးဖုန်းဆိုတော့ မကိုင်လို့ကမရ။ အရင်နှစ်တွေက ယာဥ်တိုက်မှုကို ပြန်စုံစမ်းနေသည်ဖြစ်ရာ ရှေ့နေဦးဇော်မိုး သူ့ကျန်းမာရေးမကောင်းသေးသောကြောင့် တပည့်တစ်ဦးကိုသူလွှဲထားသည့် ထိုကိစ္စကို ပြန်လိုက်နေရ၏။ ကိစ္စတစ်ဝက်ပြီးနေပြီ။ အရင်ရက်တွေက ရှေ့နေဦးဇော်သတိပြန်ရနေ၍ ကိုယ်သိချင်တာတွေရှိသောကြောင့် ဆေးရုံ၌လုပ်စရာရှိတာများ လုပ်ပေးနေရ၏။ သက်ဝေကို ကုမ္ပဏီကိစ္စများနှင့် လွှဲထားရသည်။ အရေးကြီးမှသာ လူကိုယ်တိုင်သွားသည်။  သူ့အဖွားဆေးရုံတက်နေတာတောင် နေ့တိုင်းသွားမကြည့်နိုင်။ သူရိန်သူ့အတွေးနဲ့သူဖြစ်နေတော့ နီသော့်ကိုပစ်ထားသလို့ဖြစ်သွားသလားပင်။ သူရိန် စောစောက စာဖတ်ခန်းမှာနီသော် ပြောမှသတိရချေ၏။ လုပ်လက်စ အလုပ်ကိုပိတ်ရန်လုပ်လိုက်သည်။ နီသော် မျက်ရည်ရွဲရွဲနဲ့ ပြောပြီးထွက်သွားတော့ သူရိန်ချက်ချင်းအခန်းထဲသို့လိုက်သွားသည်။ မမှီလိုက်။ ရေချိုးခန်းတံခါးပိတ်ကာ ရေပန်းမှရေကျသံနှင့် နီသော်ရဲ့ရှိုက်သံသာကြားနေရသည်။ သူရိန် ရေချိုးခန်းအပြင်ဘက်က ထွက်လာမလား၊ ထွက်လားမလား နှင့်နာရီဝက်ခန့်စောင့်ရင်း ရေချိုးခန်းထဲတစ်ခုခုဖြစ်သွားမည်ကို စိတ်ပူကာ တံခါးခေါက်လေသည်။ သူရိန် တံခါးမခေါက်မီ နီသော်ထွက်လာ၏။ မို့ဖောင်းရဲနေသော မျက်လုံးကြောင့် အောက်ခြေက ဆပ်ပြာမမြင်မိဘဲ ချော်လဲရတော့မည်။ သူရိန် သူရှိ၍သာ နီသော်နဲ့ကလေးတွေကိုမဆုံးရှုံးရ။ သို့သော် နီသော်ကိုစလျင် ချစ်စရာကောင်းသောအမူအရာနှင့်တုန့်ပြန်သောကြောင့် စလိုက်၏။ နီသော်က တစ်ခါတစ်လေ ဗိုက်ထဲကကလေးတွေကိုပင် သဝန်တိုတတ်၏။ ' သူရိန် သော် အကြောင်းများတွေးရင်း ပြုံးနေမိသည်။

'နီ ဒီနေ့တစ်နေ့ပြီးရင် ပြီးပြီ။ နောက်ရက်နီ့နဲ့ကလေးတွေ အနားရှိနေပေးမယ်လေ ...ကိုယ့်ကိုစိတ်မကွက်ပါနဲ့နော်'

သူရိန် နီသော့်ခေါင်းမှဆံပင်ကို ဖွနေရင်းစိတ်ထဲသာ ပြောနေ၏။

"ခဏ အပြင်သွားဦးမယ် စောင့်မနေနဲ့...အိပ်နှင့်"

"ကိုလင်းက ဒီနေ့လည်း ဟိုဘက်အခန်းမှာဘဲ အိပ်ဦးမှာလား...ညနက်မှပြန်လာရင် အဲ့လိုပဲ "

လုပ်ချင်ရာလုပ်တော့ ဟူသည့်စတိုင်ဖြင့် နီသော်ပြောကာ တစ်ဖက်လှည့်ထိုင်လေသည်။

မနက်နီသော်နိုးလာရာ သူရိန်လင်းကို ထုံးစံအတိုင်းမတွေ့ရ။ နီသော် 'ဟင့်' ဟုသက်ပြင်းသာချပြီး တွေ့လိုတွေ့ရငြား စာဖတ်ခန်းတွင် ကြည့်မိ၏။ ညလည်း သူရိန်ပြန်မလာပုံပေါ်သည်ကို တွေးကာ တံခါးပြန်ပိတ်ပြီး ဒီနေ့ ဆေးခန်းပြရက်အတွက် အဝတ်အစားလဲလေသည်။ အဝတ်အစားလဲပြီး သူရိန်လင်းကို ဖုန်းခေါ်လေသည်။ မကိုင်။ မနက်ပိုင်းပြဖို့ကြံရွယ်ထားသော်လည်း သူရိန်ဖုန်းမကိုင်၍ အိမ်ပြန်လာနိုးနိုးနှင့်စောင့်နေရာ ၃နာရီထိုးသွားသည်။ နေ့လည်စာမက၊ ညနေစာမကျစားပြီး တက္ကဆီဖြင့်သာ ဆေးရုံသွားလိုက်တော့သည်။

"အမျိုးသားကိုယ်ဝန်ဆောင်ဆိုတော့ အစစအရာရာ ဂရုစိုက်ပါ... ခုရက်ပိုင်းလောက် စောမွေးရင် မွေးနိုင်တယ်...ဒါနဲ့ကိုသူရိန်ရော မပါဘူးလား"

ခါတိုင်းလာရင် သဲသဲလှုပ်တတ်သော သူရိန်ပါသောကြောင့် ဆရာဝန်ကမေးခြင်းပင်။

"ဟုတ် ကိုလင်းက မအားလို့ ဒီနေ့တော့တစ်ယောက်တည်းလာခဲ့တာ"

"လွှတ်တယ်ပေါ့!"

ဆရာဝန်မှ မျက်လုံးပြူးလျက် မယုံနိုင်သလို အသံအနည်းငယ်မြင့်ကာ ပြောလာလေ၏။

'ဟုတ်လည်းဟုတ်သည်။ ခါတိုင်းဆို အလုပ်မအားရင်တောင်မှ ကိုလင်းကိုယ်တိုင် ဂရုတစိုက်လိုက်ပို့ပေး၏။ ခုကြည့် ဖုန်း ဒီလောက်ခေါ်တာတောင်မမြင်ဘူးလားမသိဘူး။ ပြန်ခေါ်မယ်မရှိ...အ...'

O.G အခန်းမှထွက်လာသော အနီရောင်ရှပ်အပွကိုဝတ်ထားပြီး ခါးနောက်လက်တစ်ဖက်ထောက် ဗိုက်အနေအထားကိုထိန်းကာ ဆရာဝန်နှင့်ဆွေးနွေးပြီးနောက် နီသော်ထွက်လာရင်း သူရိန့်ကိုစိတ်ဆိုးကာ ပြောနေ၏။ ရုတ်တရက် အတွေးများသောနီသော် အခန်းရှေ့၌ လူတချို့နှင့်တိုက်မိသည်။

" ဟယ်...နီသော် ဗိုက်လာပြတာလား...ကိုသူရိန်ဆီသွားမလို့လား...ထွေးလေးနဲ့လိုက်လာမလို့ကို"

မိုခမ်း နီသော့်စိတ်ကို ခိုးလိုးခုလုဖြစ်အောင် ဆွလိုက်သည်။

"ဟင်"

နီသော် မိုခမ်းစကားကြောင့် ဗိုက်ကိုထိန်းလျက် တစ်ဖက်က ခါးကိုအသာထောက်ထားကာ မျက်မှောင်ကုတ်ကာ  အံသြဟန်ဖြင့် စကားတစ်ခွန်းသာဆို၏။  နန်းမိုခမ်းမှာ နီသော်ကို စိတ်အနှောင့်အယှက်ဖြစ်အောင် သူရိန်လင်းနဲ့ အတူလာခဲ့သလိုပုံဖမ်းလိုက်သည်။  အမှန်ကမဟုတ် ဦးစိုင်းထန်နှင့်လာခြင်းသာ။

"အင်း...သွားဦးမယ်နော်"

နီသော် စကားဖြတ်ပြီး လျှောက်ဖို့ပြင်တုန်း...

" ကိုနီသော် ဘာလေးတွေလည်း သားသားလေးတွေလား၊ မီးမီးလေးတွေလား"

အေးထွေး နီသော့်ဗိုက်ကိုထိကာ မေးလေသည်။ မိုခမ်းကတော့မျက်နှာမဲ့လျက်ပင်။  နီသော်ပြုံးကာပြန်ဖြေလေသည်။

" သားလေးတွေပါ...ခုရက်ပိုင်းတအားကိုကန်တယ် "

"ကိုသူရိန်ကလည်း ထွေးကိုလိုက်ပို့ပေးမယ်ပြောတာကို မေသောင်းနားစောင့်နေခိုင်းခဲ့တယ်လေ နီသော်တွေ့ရင် တွေ့လိုက်ပါဦးလား"

အေးထွေး သူ့အစ်မမိုခမ်းပြောသည်ကို နားမလည်ကာ အူလည်လည်ဖြစ်နေသည်။ 

'ကိုသူရိန်က ဆေးရုံလာနေတုန်းလို့ပဲ ကြားမိသည်။ မမခမ်းပြောသလိုမဟုတ် ...မမ ဘာတွေကြံနေလဲ...အင်း သိအောင်လုပ်ရမယ်'

နီသော်ကတော့ သူရိန်ရှိမည်အထင်နှင့်  ဒေါ်သောင်းအခန်းသို့ ဖြည်းဖြည်းလျှောက်ကာ သွားနေသည်။  မိုခမ်းတို့ထွက်သွားချိန်က မိုခမ်းရဲ့ မူမမှန်တဲ့အမူအရာကို နီသော် သတိမထားမိချေ။

နီသော် ဒေါ်သောင်းအခန်းကိုရောက်ရာ  အခန်းထဲ မည်သူမှမရှိ။  ဒေါ်သောင်းတစ်ယောက်သာ ကုတင်ပေါ် ငြိမ်သက်စွာ လှဲလျောင်းနေသည်။  နီသော် မိနစ်ပိုင်းခန့်ထိုင်ကာ သူရိန့်အားစောင့်နေသည်။  နီသော် သူရိန်လင်းကိုစောင့်ရင်း  သူရောက်သည်ထိလှုပ်ရှားမှု တစ်စုံတစ်ရာမတွေ့ရသော ဒေါ်သောင်းကိုကြည့်ရင်း မသင်္ကာဖြစ်လာသည်။ ထိုင်ခုံမှထကာ  ဒေါ်သောင်းအသက်ရှုသံကို အနားနားကပ်ကာ နားထောင်ကြည့်လိုက်သည်။ အသံရှုတာမတွေ့ရ။ အောက်ဆီဂျင်ပိုက်အနည်းငယ်ဟနေကိုတော့ တွေ့ရသည်။  သို့ကြောင့်လားဟု ထင်ကာ နီသော်ထိုပိုက်ကိုနာခေါင်းပေါ်  ပြန်အုပ်ပေးလိုက်သည်။ ရုတ်တရက် အခန်းတံခါး ဘေးနံရံနဲ့ထိကာ' ဒုန်းခနဲ 'မြည်ကာ ပွင့်လာသည်။ 

" နီသော် ထပ်ပြီး မင်းပဲလား"

နီသော် စကားအဓိပ္ပာယ်ကို နားမလည်၊ သူဘယ်သူ့ကြောင့်ရောက်နေသည်ကိုသာ ပြောလိုက်သည်။

" နီ နားမလည်ဘူး.. ကိုလင်းကိုစောင့်နေတာ"

ဦးစိုင်းထန် အခန်းတံခါးကို ခြေထောက်နဲ့ ဆောင့်ကန်ဖွင့်ကာ  သူ့နောက်မှဝင်လာသည့် ဒေါ်မော်အေးက မျက်လုံးထဲဒေါသရိပ်အပြည့်နှင့် မျက်ခွံများပင် အပေါ်ပင်တက်တော့မယ်သယောင် ပြူးနေကာ  နီသော်ကို ယိုးစွပ်နေပြန်၏။ မသိရင်ပဲ ဒေါ်မော်အေးအပြောက ဒေါ်သောင်းကို  မဟုတ်တာလုပ်နေသလိုပင်။ 

ဒေါ်မော်အေးစကားကို  နီသော်နားမလည်ဟန် နှင့်  ခေါင်းစောင်းလျက် မျက်ခုံးနှစ်ဖက် တွန့်ချိုးနေ၏။  နီသော် အေးဆေးစွာပြန်ဖြေသော်လည်း  အရေးမလုပ်၊ မကြားသလိုသာလုပ်နေသည်။ ဒေါ်မော်အေးမှာ သူ့လိုရာကိုသာ ဇွတ်ပြောနေ၏။

  ဦးစိုင်းထန် ဒေါ်မော်အေးနဲ့နီသော်စကားပြောနေချိန် ဒေါ်သောင်းကုတင်နားသွားပြီး ဟန်ဆောင်ကာ လှုပ်နိူးလေသည်။ 

" ဥက္ကဋ္ဌ...ဥက္ကဋ္ဌ...လုပ်ကြပါဦး ဒေါ်သောင်းအသက်မရှိတော့ဘူးထင်တယ်"

ဒေါ်သောင်းလှုပ်ရှားမှုမရှိတော့ ။ ဗိုက်ပေါ်တင်ထားသောလက်တစ်ဖက် ကုတင်ပေါ်  ဟန့်တားမှုမရှိ ကျသွား၏။  ဦးစိုင်းထန် နှင့် ဒေါ်မော်အေးထိုမြင်ကွင်းကို  ကြည့်ကောင်းကောင်းဖြင့် ပြုံးပြုံးနှင့်ကြည့်နေကြ၏။ 

အခန်းထဲသို့  ပိုင်စိုးတို့ဟန်ဆောင်မယား မောင်နှမနှင့် အေးထွေးတို့ညီမနှစ်ယောက်ပါ ဝင်လာ၏။   ခရီးမှပြန်ရောက်လာသော ဦးစိုင်းမြင့်သူနှင့် သူရိန်လင်းတို့ပါ အတူရောက်လာပြီး ဖြစ်ပုံကိုမသိကြသေး။  သူရိန်လင်း သူ့ဦးလေးကို သွားကြိုနေကာ အတူတူလာခြင်းဖြစ်သည်။  သူရိန်ရောက်တော့ နီသော်  ကိုယ်လက်မအီမသာပုံနှင့် ဝမ်းဗိုက်လက်နှစ်ဖက်ကိုယှက်ကာ ထိန်းလျက် မတ်တပ်ရပ်နေသည်ကို မြင်လိုက်ရသည်။  တခြားသူတော့မသိ။ နီသော့်မျက်နှာအမူအရာကို သူရိန် ကြည့်ရုံနဲ့သိ၏။  သူ့အား နီသော်စိတ်ဆိုးနေသည်က တစ်ဝက်ပါပေမည်။  သူရိန် မကောင်းသောအငွေ့အသက်ရနေ၍  နီသော့်ကိုခေါ်ထုတ်သွားပြီး သူ့အားစိတ်ဆိုးပြေရန် ချော့ချင်သော်လည်း  ယခု  မြင်လိုက်ရသည့် မြင်ကွင်းက ထိုစိတ်ကို ကြက်ပျောက် ငှက်ပျောက်ဖြစ်သွားစေ၏။   ဒေါ်မော်အေးရဲ့ ခုနစ်သံချီအသံနဲ့ ပြောသမျှကို အခန်းထဲမဝင်ခင် ကြားနေသော်လည်း မဖြစ်နိုင်ဟု တွေးလျက်။    ခုဟာက သူ့အဖွားဖြစ်နေပြန်ကာ    နီသော့်ကို ဆွဲခေါ်သွားဖို့မဖြစ်နိုင်။  သူရိန့်စိတ်ထဲ အတွေးပေါင်း တစ်သိန်းက စိုးမိုးနေသည်။  သတိဝင်လာပြီးနောက်...

" ဖွား ဖွားကဘာဖြစ်လို့လဲ  ဆရာဝန်ခေါ်ကြလေ "

သူရိန်စကားအဆုံး ဦးစိုင်းမြင့်သူမှ အပြေးအလွှား သွားလေသည်။

"ဖေဖေ ဘာလို့ငိုနေတာလဲ "

အေးထွေး  ကုတင်ပေါ်တွင် အသက်မဲ့စွာ လှဲလျောင်းနေသော ဒေါ်သောင်းကိုမမြင်မိသေး။ သူ့အဖေအနားသွားလေသည်။   ဦးစိုင်းထန်မှလှည့်လာကာ...

" မင်းတို့ မေသောင်းဆုံးပြီ... ဖေဖေတို့ဝင်လာတော့   ဒီကောင်လေးက  ဒေါ်သောင်းရဲ့ အောက်ဆီဂျင်ပိုက်ကိုဖြုတ်နေတာမြင်တယ်...ဖေဖေတို့မေးတော့လည်း  ဟော့ဒီရွှေမြေကသူဌေးကို လာစောင့်တာပဲဖြေတယ် "

ဦးစိုင်းထန် နီသော့်ကိုသူရိန်လင်းနဲ့ လက်ထပ်ထားသည်ကို မသိချေ။ နီသော်အား လက်ညိုးထိုးတစ်လှည့်၊ သူရိန့်တစ်လှည့် လက်ညိုးထိုးကာ  စိတ်မကောင်းဟန်နှင့် အမူအရာပိုစွာ ပြောလေသည်။ နားထောင်သူတို့မှာ ပါးစပ်အဟောင်းသားနှင့်ဖြစ်နေကြ၏။ ဒေါ်မော်အေးကတော့ ဟန်ဆောင်ကောင်းလျက်။ သူရိန်မှာ သူ့အဖွားခြေရင်း၌  ထိုင်ကာ ဒေါ်သောင်းမျက်နှာကို မှိုင်မှိုင်ထွေထွေ ငေးကြည့်နေ၏။

ဆရာဝန်သွားခေါ်သော ဦးစိုင်းမြင့်သူ  ဆရာဝန်ဦးမိုးနဲ့ သူနာပြုတို့ရောက်လာကြပြီး စစ်ဆေးတော့  အောက်ဆီဂျင်ပြတ်ပြီး သေဆုံးတာ နာရီပိုင်းမျှကြာပြီကြောင့် လူနာအသက်အား မကယ်နိုင်တော့ပေ။ မသင်္ကာ၍ စက်ပိုင်းဆိုင်ရာ ချို့ယွင်းလားဟုစစ်ဆေးပြန်ရာ မဟုတ်။ လူနာရှော့ရလျှင် ရှေ့ကကောင်တာတွင် အချက်ပေးသံပေါ်ပေမည်။  သို့သော်မပေါ်ပေ။ အချက်ပေးသံကြားရရင်လည်း  ဒေါ်သောင်းကွယ်လွန်နိစ္စ ရောက်မည်မဟုတ်။  ဦးမိုး သည်ကိစ္စမသင်္ကာသည်ဟု တွေးလိုက်ကာ စိတ်မကောင်းစွာ  ဒေါ်သောင်းရဲ့သေဆုံးချိန်ကို နာရီဝက်စောပြီး ပြောလိုက်သည်။ သူရိန်နဲ့ ဦးစိုင်းမြင့်သူ ဦးမိုး တွေးသလို တွေးကာ   တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကာ မသိမသာခေါင်းငြိမ့်ပြကြသည်။

နီသော် ဗိုက်နာလာ၍  လူနာစောင့်ထိုင်ခုံပေါ် ထိုင်ရန်ပြင်တုန်း  မိုခမ်းမှ အေးထွေးကို အတင်းထိုင်ခိုင်း၏။ အေးထွေး ဒေါ်သောင်းကိစ္စနှင့်  ဝမ်းနည်းနေကာ  ထိုင်လိုက်သည်ကို သတိမထားမိလိုက်။  နီသော်လည်းမပြောချင်ကာ  သူရိန်လင်းကို အကြည့်ဖြင့်အကူညီတောင်းလိုက်သည်။  ဘယ်ချိန်တည်းက ကြည့်နေမှန်းမသိသော အကြည့်စူးစူးဖြင့် ကြည့်လာ၏။  နီသော် ကြက်သီးမွှေးညှင်း ထသွားသည်။ မထူးဟုတွေးလျက် ရပ်လက်စဖြင့် ရပ်နေလိုက်သည်။   ဦးမိုးဘေးမှသူနာပြုလေးက သိသည်ထင်သည်။ နသော့်ဖို့ ထိုင်ခုံပေးလေသည်။  ထိုမြင်ကွင်းကို  နောင်တရစွာနဲ့ ခံပြင်းစွာကြည့်နေသော ကောင်လေးတစ်ယောက်လည်း ရှိလေ၏။

ညနေစောင်း သူရိန်လည်း နီသော့်ကိုခေါ်ကာ အိမ်ပြန်သွားသည်။  ကျန်သူများလည်းပြန်သွားကြသည်။ ဒေါ်သောင်းရဲ့ရုပ်လောင်းကို ရေခဲတိုက်ထဲထည့်ထားခဲ့သည်။  ဆေးရုံစောင့် သန္တာတစ်ယောက်ပျောက်နေသည်ကိုတော့ သတိမထားမိကြ၏။

မနက်မိုးလင်း ကျေးငှက်မောင်နှံတို့ တကျီကျီ နဲ့ နီသော် အပင်တွေရေလောင်ရာ သစ်ပင်နား မြည်တွန်နေကြ၏။  နီသော်ရေလောင်းနေသော်လည်း စိတ်က အပင်တွေဆီမရှိ။ သူရိန့်အကြောင်းတွေးနေ၏။  ၁ပတ်ရှိပြန်၏။ ဆေးရုံမှာပြဿနာတက်ပြီးတည်းက သူရိန်လင်း နီသော့်အား အရင်လို စကားမပြော၊ လူချင်း မျက်နှာချင်းဆိုင်လည်း ကောင်းကောင်းမတွေ့ရ၊ နီသော်စကားပြောရင်လည်း ရှောင်ထွက်သွား၏။ ညတိုင်းလည်း နီသော်အိပ်မှသာ အိမ်ပြန်လာသည်။ လွန်ခဲ့တဲ့ရက်က ဆေးရုံမှာမိုခမ်းပြောလိုက်တဲ့စကားကို တွေးမိကာ  'မဟုတ်ပါစေနဲ့' ဟုသာ စိတ်ထဲအကြိမ်ကြိမ် ဆုတောင်းနေ၏။

ဘာကြောင့် သူရိန်လင်း သည်လိုလုပ်နေသည်ကို နီသော်စဥ်းစားလို့မရ။ ဒေါ်သောင်းအသုဘပြီးတည်းကထင်၏။ ရှင်းပြရင်လည်း ဆင်ခြေဆင်လက်လို့ ပြောခံရဦးမည်။   ကလေးတွေကိစ္စလည်း  မပြောလို့ကမဖြစ်။ နီသော် နောက်တစ်ရက်၊နှစ်ရက်စောင့်ကြည့်လို့ ကိုလင်း ယခုတိုင်းသာဆို  နီသော့်ကို အားနား၍ အေးထွေးနဲ့ကလေးကိစ္စဆိုရင် သူကိုယ်တိုင်နောက်ဆုတ်ပေးရလိမ့်မည်။  ကလေးမွေးပြီးမှဆိုရင် ပိုဆိုးမည်။ ခုတောင် သူမရှိသလို လျစ်လျူရှုခံရတာ။ ကလေးတွေပါ မဖြစ်မခံနိုင်။ ကလေးတွေနဲ့ ပတ်သက်ရင် နီသော် ဘယ်အချိန်တည်းက စိတ်ဆတ်သွားသည်မသိ။  ကိုယ်ဝန်နဲ့မို့ သူရိန်လင်း သူ့အားမပြောသေးသည်ဟု  မှတ်လိုက်ပြီး  ကလေးမွေးရမည့် ရက်အနည်းငယ် အလို၌ သူရိန်လင်းအနားကနေ  ထွက်သွားဖို့ကိုလည်း  ဝမ်းနည်းနေပြီး ရင်နာနာနှင့်တွေးနေ၏။

LOVE BIRD (Completed) Hikayelerin yaşadığı yer. Şimdi keşfedin