Ep-23

8.1K 533 32
                                    



"အိမ်ရှင်တို့...ဗျို့ အိမ်ရှင်တို့"

ခြံအပြင်၌ ယူနီဖောင်းအပြည့်အစုံဖြင့် ပစ္စည်းလာပို့သည့်သူနှင့် တူ၏။ အိမ်ရဲ့ အုတ်တံတိုင်းမှာ လူခေါ်ဘဲလ် တပ်ထားသည်ကို မမြင်ဟန်နှင့် အိမ်ရှင်ထွက်မလာမချင်း အော်ခေါ်နေသည်။ ခဏကြာတော့ ၇အိမ်၊၈အိမ်ကြားအောင် အော်ခေါ်နေသောသူကြောင့် ဒေါ်သူဇာမှ စိတ်မရှည်သည့် မျက်နှာဖြင့်ထွက်လာပြီး အသံမာဆာဆာဖြင့်...

"ဘာကိစ္စလဲနော် "

"ဦးစိုင်းထန်ဆီ စာပို့ခိုင်းလိုက်လို့ပါ ရော့ဒီမှာဗျာ" ဟုဆိုကာ စာပို့သမားလေးမှာ သူ့အား စိတ်မရှည်သလိုပြောသော ဒေါ်သူဇာလက်ထဲ ခပ်ကြမ်းကြမ်း ထိုးထည့်ပေးလိုက်ကာ ပြန်သွား၏။ထို့နောက် ဝါညစ်ညစ်အရောင်နှင့် စာအိတ်ကို ဒေါ်သူဇာ အိမ်ထဲသို့ယူသွားလေသည်။

"ကိုစိုင်းထန်...စာတဲ့"

"စာ...."

ဦးစိုင်းထန် သံယောင်လိုက်ကာပြောပြီး ဒေါ်သူဇာပေးသော စာအိတ်က်ိုယူကာ ဖွင့်ကြည့်၏။ မဖွင့်မီစာအိတ်ပေါ်မှ နာမည်နှင့်လိပ်စာကြောင့် မျက်လုံးအနည်းငယ်ကျယ်လာကာ မြန်မြန်ဖွင့်ကြည့်သည်။


       သို့   /ကိုစိုင်း...

လွန်ခဲ့သော နှစ်တွေက ကိုစိုင်းညွှန်ကြားခဲ့တဲ့အတိုင်း ဆွေတို့လုပ်ခဲ့ပေမယ့် ခုချိန် ကိုထော်မိုးကျန်းမာရေးအခြေအနေက ၁လတောင်ခံနိုင်မလားမပြောတတ်...ဆွေလည်းငယ်ငယ်ကပြုခဲ့သမျှ ဒဏ်တွေကြောင့် ဆေးတွေနဲ့ပဲအသက်ရှင်နေရတယ် ...ဆွေအမွှာလေးမွေးတယ်သိလား ...ဒီစာက နောက်ဆုံးနှုတ်ဆက်တဲ့အနေနဲ ရေးတဲ့စာဖြစ်သွားမလား မပြောတတ်ပါဘူး...မသေခင် သတိပေးချင်တာလေး၊ ပြောပြချင်တာလေးရှိလို့ ရေးလိုက်ရတာပါ..ဆက်သွယ်ရေးတွေကောင်းပေမယ့်လည်း ကိုစိုင်းကို အသံချင်းမပြောပြနိုင်လို့ ခွင့်လွှတ်ပေးပါ...တာဝန်မကျေခဲ့ဘူး... ဆွေတို့တာဝန်မကျေခဲ့ဘူး...အောင်သော်နဲ့မီမီထွေးတို့ ကိုစိုင်းကြောင့် သေသွားခဲ့ကြပေမယ့်... သူတို့ကလေးကတော့ ခုထိအသက်ရှင်နေတုန်းပါပဲ...သူအသက်ရှင်နေတာ ဆွေတို့ကြောင့်လည်းပါပါတယ်...အဲ့တည်းက ကိုစိုင်းစကားကိုနားထောင်ဖြစ်ခဲ့ရင် ခုလိုပြဿနာကြီးလာစရာအကြောင်းမရှိပါဘူး...ဆွေတို့ Miကုမ္ပဏီကို အရယူချင်တာနဲ့ ရှေ့နေကြောင့် အဲ့ကလေးကို ခေါ်ထားမိတယ်... လွန်ခဲတဲ့လကမှ စုံစမ်းမိတာ အဲ့ကလေးက Golden Land group က မြေးနဲ့တွဲနေတယ်လို့သိရတယ်ကိုစိုင်း...အဲ့လုပ်ငန်းစုက ကိုစိုင်းလင်းသူတို့ ပိုင်တာဆိုတော့ ဆွေတို့ မွေးစားထားမိတဲ့ ကောင်လေးလည်းပတ်သက်နေတာဆိုတော့ ကိုစိုင်းကို ပြဿနာတက်နေမှာစိုးရိမ်လို့ သတိပေးရေးရခြင်းပါ...ဒီစာရပြီးနောက်ရက်တွေမှာ ကိုစိုင်းအတွက် အံ့သြခြင်းတချို့ရောက်လာဦးမှာပါ...

                                                 ချစ်တဲ့ဆွေ....

"တောက်!...ဒီသေချင်းဆိုးတွေ ဇယားမရှုပ်ချင်လို့ အပြတ်ပြောထားတာကို ငါ့ဆီကို အဆက်သွယ်လုပ်လာတယ်"

ဒေါ်ဆွေသိန်း ကော့သောင်းမှ လူကြုံနဲ့ပါးလိုက်သည့် စာအိတ် ဦးစိုင်းထန်ထံရောက်လာကာ လွန်ခဲ့တဲ့၁၀နှစ်ကျော်လောက်က ကိစ္စပြီးတည်းက အဆက်အသွယ်ပြတ်ကာ ခုမှလာပြီး တူးဖော်ရေးလုပ်နေသော ဒေါ်ဆွေသိန်းကို ဒေါသထွက်ကာ တစ်ယောက်တည်းရေရွတ်နေသည်။ အမှန်က ဘေးကသူ့မိန်းမဒေါ်သူဇာ ရှိနေသေး၍ စာထဲကစကားအရ သူခြေရှုပ်ခဲ့သည်များသိသွားမစိုး၍ ဟိန်းဟောက်ဟန်ပြုနေခြင်းသာ။

ဦးစိုင်းထန် စာထဲက အကြောင်းအရာများကြောင့် စိတ်ဝင်စားမှု အနည်းငယ်ဖြစ်သော်လည်း သူကလဲ့စားချေလိုသည့် အဓိကလူ ဒေါ်သောင်းလည်း ဆုံးသွားပြီးဖြစ်သောကြောင့် သိပ်စိတ်မဝင်စားတော့ချေ။ မဟုတ်လည်း အမှုပတ်လျှင် သူနဲ့မသက်ဆိုင်ဟု ထင်နေသောကြောင့်ပင်။ သို့သော် 'ရွှေမြေအုပ်စုကမြေးနဲ့တွဲနေတဲ့ကောင်လေး' ဟူသော စကားကြောင့် သူရိန်လင်းနှင့်တွဲသည့် ကောင်လေးကို အတန်ကြာအောင် စဥ်းစားပြီးမှ ဆေးရုံမှာတုန်းက တွေ့ခဲ့သည့် ဆံပင်ကောက်ကောက်နှင့် ရောဂါဖြစ်သလိုဗိုက်ပူနေတဲ့ပုံစံနဲ့ 'ကိုလင်း ကိုလာတွေ့တာ' လို့ပြောသည့်ကောင်လေးကို အမှတ်ရသွားသည်။ မျက်နှာထက် တစ်လောကလုံး သူတစ်ယောက်သာ အောင်နိုင်သူဟူသော အပြုံးတစ်ဖက်ဖြစ်လာပြီး တစ်ဆက်တည်း ဒေါ်ဆွေသိန်းရဲ့ အဆုံးသတ်ရေးလိုက်သည့် စကာလုံးကြောင့်မျက်မှောင်ကြုတ်သွားသည်။ ဖုန်းနံပါတ်တစ်ခုကိုနှိပ်ကာ အပြင်သွားလေသည်။

ကားမောင်းနေရင်း တစ်လျှောက်လွန်ခဲ့သော ၁၀နှစ်ကျော်ကအကြောင်းအရာ တစ်ချို့က အတွေးထဲ၌ ပျံ့လွှင့်ရင်း....

" ကဲ့ လက်ထဲ စာချုပ်စာတမ်းတွေလည်းရပြီ ကုမ္ပဏီကို အုပ်ချုပ်မယ့် ပိုင်ရှင်ကလည်းမရှိတော့ ငါပဲဆက်လက်ပိုင်စိုးမယ်...ဟား...ဟား..."

ပတ်တီးပေါင်းများစွာနဲ့ ဆေးရုံကုတင်ပေါ်လှဲနေသော ရှေ့နေဦးဇော်ကို ဆရာဝန်တစ်ဦးဆေးသွင်းပြီးနောက် ဦးစိုင်းထန်ဝင်လာပြီး လက်ကိုနောက်ပစ်ကာ  လှောင်ပြုံးသောမျက်နှာဖြင့် ပြောနေသည်။  ကုတင်ပေါ်ကလူနာမှာတော့  တစ်ဖြည်းဖြည်းတက်နေသော ဆေးရှိန်ကြောင့်  မကြားတကြားဖြစ်နေသည်။  ဒေါ်ဆွေသိန်းတို့လက်ထဲရောက်နေသော  ကုမ္ပဏီကို ဦးစိုင်းထန် တစ်ဖက်လှည့်ဖြင့် လောဘတက်ကာရယူထားခြင်းပင်။  တစ်နေ့ ထိုလောဘကသူ့အားပြန်သတ်မည်ကို မသိချေ။

တွေးလက်စရပ်ကာ ခဏကြာတွင် ဒေါ်မော်အေးနှင့်ချိန်းထားရာသို့ ရောက်လာသည်။ ဒေါ်မော်အေးဘေးတွင် ဦးအေးစိုးရှိနေသည်။

" သူရိန်တွဲနေတဲ့ကောင်လေး အကြောင်းသိချင်တယ် မြန်လေကောင်းလေပဲ"

ဦးစိုင်းထန် စားသောက်ဆိုင်အခန်းထဲ ရောက်ရောက်ချင်း မထိုင်ရသေးခင် သိချင်တာများ မေးလိုက်တော့သည်။ ဒေါ်မော်အေးမှ....

" ကိုစိုင်းထန်ကလည်း အဲ့ဒါများ နေ့ကူးစရာမလိုပါဘူး မော်ပြောပြလို့ရပါတယ်... ကိုစိုင်းရဲ့သမီး မိုခမ်းက သူတို့၂ယောက်ကိုအောင်သွယ်ပေးသလို ဖြစ်သွားတာလေ....."

ဟုအစချီကာ မိုခမ်းမင်္ဂလာပွဲနေ့ကစကာ သူရိန်နဲ့ နီသော့်အကြောင်းကို ၏၊သည်မရွေး မျက်နှာလိုမျက်နှာရဖြင့် သူ့ဘေးမှယောင်္ကျားအေးစိုးကိုပင်မေ့ကာ ပြောပြနေ၏။ အားရပါးရပြောပြီးမှ ဘေးမှဦးအေးစိုးကို သတိရကာ အားနာအကြည့်ဖြင့် ကြည့်လိုက်သည်။ ဦးစိုင်းထန် ဒေါ်မော်အေးပြောသည်များကိုကြားပြီးနောက် မိုခမ်းကို တောက်တစ်ခေါက်ခေါက်ဖြစ်နေသည်။ ဒေါ်မော်အေးလည်း ဦးစိုင်းမြင့်သူ ကုမ္ပဏီသွားချိန် ဦးအေးစိုးကို ခေါ်လာသည်ဖြစ်ရာ ထွက်လာသည်ကကြာပြီဖြစ်၍ ပြန်သွားရချေသည်။ သို့သော် အိမ်သို့မရောက်လိုက် ဦးအေးစိုခေါ်ရာနောက် ပါသွားကာ အလွမ်းအတိုးချနေကြသည်။

"ကိုစိုင်း ဖုန်းဆက်တာလည်းမကိုင်ဘူး၊ ပြဿနာက အပေါင်းပါနဲ့ လာတယ်ဆိုတာ ရှေးကလူတွေအလကားပြောတာမဟုတ်လောက်ဘူး"

ဒေါ်သူဇာ အိမ်ရဲ့ဆင်ဝင်အောက်မှ အိမ်ခြံတံခါးသို့ ခေါက်တုံ့ခေါက်ပြန်လျှောက်နေရင်းမှ ခြံထဲသို့ဦးစိုင်းထန်ကားဝင်လာသည်နှင့် ကားအရပ်ကိုစောင့်ကာ ပူပန်နေသော်လည်း စိတ်ပျက်နေသောမျက်နှာဖြင့် စီးပြောလေသည်။ ဦးစိုင်းထန် သူ့မိန်းမအပြောကြောင့် စောစောက ဒေါ်ဆွေသိန်းစာထဲမှစကားကို သတိရသွားပြီး စိတ်ထဲ အနည်းငယ်လန့်သွားကာ ပါးစပ်အဟောင်းသားဖြင့် နားထောင်နေ၏။

"ဘာဖြစ်လို့လဲ သူဇာ"

"ရှင် အိမ်ထဲသာဝင် ကြည့်ပါတော့"

ဦးစိုင်းထန် အိမ်ထဲဝင်သည်နှင့်...

" သမီးငယ်...ဘာဖြစ်တာလဲ"

ဦးစိုင်းထန် ဧည်ခန်းထဲရောက်ရာ အေးထွေးဘေးတွင် ခပ်တည်တည်မျက်နှာဘေးဖြင့်ထိုင်နေသော ပိုင်စိုးကိုတွေ့ကာ အံ့သြသလိုမျက်နှာဖြင့် အေးထွေးကိုမေးလေသည်။ သူ့စကားအဆုံး၌ ဒေါ်သူဇာပါအိမ်ထဲဝင်လာသည်။

"ဖေဖေ..."

အေးထွေးမှ ဦးစိုင်းထန်အား မချင့်မရဲဖြင့် အသံတိုးလှစွာခေါ်လိုက်ပြီး သူရဲ့ပူလာသောဗိုက်ကို အနည်းငယ်ပွတ်သပ်လိုက်သည်။ ထိုအမူအရာကို ဦးစိုင်းထန် အံ့သြကြီး အံ့သြနေ၏။

"ဘာဖြစ်တာလဲ ထွေးလေး...ဖေဖေတို့ အလိုလိုက်ထားတော့ မိုက်ကန်းလာတာလား...ဒါဘာလုပ်တာလဲ ပြော ပြောစမ်းထွေးလေး "

ဦးစိုးထန် သူကိုယ်တိုင်တာ သူများသားသမီးကို ခြေတော်တင်ချင်သော်လည်း သူ့သမီးကိုတော့နှမျောသည်။ ငွေကြေးချမ်းသာသော ဒေါ်သူဇာကိုလည်း ထိုနည်း၎င်းဖြင့် အတင်းအကျပ် ရယူထားသည်ဖြစ်သည်။ သားသမီးကိုတော့ သူစိမ်းလာဝိုင်းရင်တော့ မကြိုက်ပေ။

"ထွေးလေးက ကျွန်တော်နဲ့ရတဲ့ကိုယ်ဝန်ရှိနေပြီ ဦးစိုင်း...အာ ဖေဖေ... ဒီကိစ္စကိုလာအသိပေးတာပါ၊ ခွင့်မပြုဘူးဆိုတာလည်းသိတယ် ဖေ...ဖေ၊ အသိပေးပြီးပြီဆိုတော့ ကျွန်တော်တို့ကို သွားခွင့်ပြုပါဦး"

ပိုင်စိုး ခနဲ့တဲ့တဲ့ပုံဖြင့် ထိုင်ရာမှ ဦးစိုင်းထန်ကို မျက်လုံးလှန်ကြည့်ကာ ဖေဖေဆိုသောနေရာတွင် တမင်ဖိပြောလိုက်သည်။ ဦးစိုင်းထန် ပိုင်စိုးစကားကြောင့် ဒေါသထိပ်ခေါင်ဖြစ်နေသည်။ ထို့နောက် ပိုင်စိုးတို့ အိမ်ပေါက်ဝနားရောက်ခါနားတွင် ဦးစိုင်းထန်ဒေါသသံဖြင့် အေးထွေးကို လှမ်းအော်လေသည်။

"နန်းအေးထွေး... ညည်းကိုကျွေးမွေးပညာသင်ပေးထားတာက အရွယ်ရောက်ရင် လင်နောက်ကောက်ကောက်ပါအောင် လိုက်ဖို့မဟုတ်ဘူး...ညည်းအစ်မမိုခမ်းရဲ့ အချိုးလာမချိုးနဲ့၊ အဲ့နေရာကနေ ခုချက်ချင်းပြန်လှည့်လာခဲ့၊ အိမ်ပေါက်ကနေ တစ်လှမ်းကျော်ကြည့် အမွေပြတ်ပဲ ...ငါတကယ်မလုပ်ဘူးမထင်နဲ့..."

အေးထွေး မျက်ရည်များကျကာ ထိုနေရာ၌ ကြောင်ကာ ရပ်နေမိသည်။ ကြားမှ ပိုင်စိုးက အေးထွေးလက်ကို မြဲမြဲကိုင်ထားကာ ဦးစိုင်းထန်စကားကို ပြန်ပက်၏။

" ယောက္ခကြီးက ရက်စက်လည်း ပိုင်စိုးဆိုတဲ့ကောင်က တင့်တောင်းတင့်တယ် ထားနိုင်တယ် မပူပါနဲ့ ...ဒီလိုအပြတ်ပြောလိုက်လို့ ပိုတောင်ပေါ့ပါးသွားတယ် မဟုတ်ရင် ကြားထဲက ထွေးလေးစိတ်ညစ်နေရမယ်"

အေးထွေးတို့ထွက်သွားပြီးနောက် ဦးစိုင်းထန် ရုံးမှဖုန်းဝင်လာသည်။ ဖုန်းကိုင်လိုက်ချင်း တစ်ဖက်က စကားကြောင့် သွေးပင့်စောင့်တက် မတပ်ဖြစ်နေသည်။

" ဘာ ...ထွန်းဝင်းအုပ်စုက ရှယ်ယာပြန်ထုတ်တယ် ဟုတ်လား...ဘယ်သူ့သဘောနဲ့လည်း ငါ့ကိုအသိပေးပါဦးလား အကုန်လုပ်ပြီးပြီဆိုမှ ငါ့ကိုလာပြောစရာလား"

ဖုန်းချကာ ထွန်းဝင်းအုပ်စုက သက်ဆိုင်သူကို ဖုန်းဆက်လိုက်သည်။ ရမက်ထန်သော ညည်းသံများနဲ့အတူ ဖုန်းပြန်ဖြေလာလေ၏။ ဦးစိုင်းထန် မျက်လုံးပြူးသွားသည်။တစ်ဖက်မှလည်း ဖုန်းအရင်ချသွားသည်။ ထန်လုပ်ငန်းစုက ထွန်းဝင်းအုပ်စုနဲ့ပူးပေါင်းတာတွေရပ်လိုက်ရင် ကုမ္ပဏီမှာ အခွံသာကျန်တော့မည်။ မြင့်ကုမ္ပဏီနှင့် ပြဿနာတက်ပြီးကတည်းက အခြေအနေဟန်တာမဟုတ်တော့။ မည်သည့်အကြောင်းကြောင့် ထိုသို့လုပ်သည်ကိုမသိချေ။ ဘေးမှ ဒေါ်သူဇာလည်း မျက်နှာမကောင်းတော့ချေ။ ဒေါ်သူဇာ ဦးစိုင်းထန်နဲ့ ရစဥ်က အမွေရသော မိဘလုပ်ငန်းကြောင့် စီးပွားရေးအဆင်ပြေခဲ့၏။ နောက်ပိုင်း ဦးစိုင်းထန် ပြိုင်ဘက်လုပ်ငန်းနှင့်အပြိုင်အဆိုင် လုပ်ငန်းလုပ်မိရာ ထင်သလောက်မအောင်မြင်ဘဲ ရှိသမျှပင် ချွတ်ချွတ်ခြုံကျသွားသည်။ မကြာခင် ဦးစိုင်းထန် အိမ်သို့ ကုမ္ပဏီပိုင်ရှင်လွှဲပြောင်းစာချုပ်တစ်ခုနဲ့အတူရောက်လာကာ စီးပွားရေးပြန်လည်တည့်မတ်လာသည်။ ယခုမူ မည်သည့် အကြာင်းကြောင့် ကုမ္ပဏီလုပ်ငန်းကတဖြည်းဖြည်း ယိုင်နဲ့လာသည်ကို ဒေါ်သူဇာ မသိချေ။

" ဟာ...ကိုထွန်း ဘာလို့ဖုန်းကိုင်လိုက်တာလည်း ရှက်စရာကြီး ဟိုဘက်က အကုန်ကြားသွားတော့မှာဘဲ..."

"မပူပါနဲ့ မူယာဆိုတာမသိပါဘူး အဲ့လူကြီးကြားသွားလည်းကောင်းတာပဲ...ဟားးဟားး"

မူယာမြင့် ထွန်းဝင်းနှင့်အတူ ဟိုတယ်အခန်းတစ်ခု၌ ချစ်ရည်လူးနေကာ ထွန်းဝင်းက ဦးစိုင်းထန်းဖုန်းဆက်တာ သိရက်နှင့် တမင်ဖုန်းကိုင်လိုက်သည်။

.....

သူရိန် နီသော်ထားခဲ့သော စာရွက်စာတမ်းများနဲ့ လက်ရေးစာတစ်စောင်ကို ဖတ်နေ၏။

နီရဲ့ချစ်ရသောကိုလင်းသို့....

         နီလေ ကိုလင်းနဲ့ရှိခဲ့တဲ့ အချိန်တစ်လျှောက်လုံး ပျော်ခဲ့ရပါတယ်၊ နီ့ကြောင့် ကိုလင်းစိတ်ညစ်ခဲ့ရတာတွေအတွက်လည်း တကယ်ကို နီ စိတ်မကောင်းမိပါဘူး...နီတောင်းပန်ပါတယ်နော် ...ကိုလင်း နီကိုယ်ဝန်ဆောင်နေတဲ့အတောအတွင်းမို့ နီ့ကို အေးထွေးကိစ္စကိုမပြောတာလည်း နီနားလည်ပါတယ်... ကိုလင်း နီ့ကိုမပြတ်မသားလုပ်နေတာ အေးထွေးရဲ့ဂုဏ်သိက္ခာတွေအတွက် မကောင်းပါဘူးနော်...ပြီးတော့ အေးထွေးဗိုက်ထဲက ကလေးလေးကလည်း မကြာခင်မွေးလာမှာပဲလေ ...ပတ်ဝန်းကျင်ဆိုတာလည်း ရှိသေးတာ၊ နီဆိုတာက ယောကျ်ားလေး အမွှာလေးတွေမွေးပြီးလို့ရှိရင်လည်း နီတစ်ယောက်တည်းနဲ့အဆင်ပြေနိုင်ပါတယ်။ ကိုလင်း အမွှာလေးတွေကို ချစ်တာ နီသိပါတယ်။ ကလေးတွေနဲ့ခွဲတယ် လို့မထင်ပါနဲ့။ ကိုလင်းနဲ့အေးထွေးအဆင်ပြေအောင်လို့ပါ၊ ကလေးတွေမွေးပြီးမှ နီသွားရင် အေးထွေးနေရထိုင်ရခက်မှာစိုးလို့ပါ။ ညတိုင်း ကိုလင်းပြန်အလာကို နီနေ့တိုင်းစောင့်နေရင်းက ရေးလိုက်တာပါ။ ကွာရှင်းစာချုပ်မှာလည်း လက်မှတ်ထိုးထားခဲ့ပါတယ်... ဆရာဝန်ကပြောတယ် နီကလေးမွေးဖို့ ရက်ကမလိုတော့ဘူးတဲ့ သိလား ကိုလင်း...အမွှာလေးတွေမွေးတဲ့အချိန်ထိ ကိုလင်းကိုဘေးနားမှာ ရှိစေချင်ပေမယ့် ... နီမမျှော်လင့်ရဲတော့ပါဘူး...အိပ်မက်ကနေသိလိုက်ရတဲ့ အကြောင်းအရာတချို့က နီ့ကိုအပြစ်မကင်းစေဘူး...မိဘတွေကလည်း နီကြောင့်...ကံဆိုးစေခဲ့လို့... ကိုလင်းကိုလည်း ထပ်ပြီးမဖြစ်စေချင်ပါဘူး... ခဏခဏမက်နေတဲ့ အိပ်မက်ကြောင့် ကိုလင်း ဒုက္ခရောက်မှာစိုးလို့  နီကိုလိုက်မရှာပါနဲ့လို့ မေတ္တာရပ်ခံချင်ပါတယ်...ကံဆိုးမှုတွေ မကူးစက်စေချင်ပါဘူး။

                                                       နီသော်ဦး...

နီသော် ဘယ်သူဘယ်ဝါ ပြောလို့ဆိုပြီး မရေးထားပေ။ သူကြောင့် တခြားသူများ အဆင်မပြေဖြစ်မည်ကိုသာ စိုးရိမ်၍ ရေးထားခြင်းပင်။

သူရိန် နီသော့်စာကိုဖတ်ပြီးနောက် နားမလည်ပေ။ နန်းအေးထွေးရဲ့ကလေးဟူသော စကားလုံးကို စဥ်းစားနေ၏။ အတန်ကြာ မျက်မှောင်ကြုတ်ကာ တွေးပြီးနောက် ကုတင်ဘေးက စားပွဲပေါ်၌ တင်ထားသော နီသော့်ဖုန်းထဲမှ နီသော်မသိအောင် သူရိန်ထည့်ထားသော ဖုန်းrecordingများကို တစ်ခုပြီးတစ်ခု ဖွင့်ကာ နားထောင်နေသည်။ နားထောင်နေရင်းမှ အမည်မသိနံပါတ်တစ်ခုကို နှိပ်လိုက်ရာ မျက်ဝန်းတစ်စုံက မီးဟုန်းဟုန်းတောက်သကဲ့သို့ ဖြစ်သွားကာ နှုတ်ခမ်းမဲ့ပြုံးပြုလျက် ကြိမ်းဝါးလိုက်သည်။

" တော်တော်ကို သတ္တိတွေရှိနေတာလား နန်းမိုခမ်း ...အမှတ်သည်းခြေမရှိတဲ့ လူတွေကို တစ်ခါတည်း မှတ်လောက်သားလောက်ရှိအောင် ဆုံးမဦးမှ" ဟုဆိုပြီး...

ဝင်းသူထံဖုန်းလှမ်းဆက်ကာ လက်အောက်မှ ကုမ္ပဏီများသို့ ကျန်ရှိသည့် ငွေစာရင်းအချက်အလက်များကို ချက်ချင်းပို့ရန် တွန်းအားပေးလိုက်သည်။ မပို့ပေးနိုင်ရင် ရွှေမြေအုပ်စုမှ ထည့်သွင်းထားသည့်ရှယ်ယာများအားလုံးကို အကုန်ထုတ်မည်ဟု ဆိုလိုက်သည်။ဝင်းသူပင် အနည်းငယ်လန့်သွားသည်။

'ဘော့စ် ဒီလိုလုပ်တာဒုတိယအကြိမ်ပဲ ဟိုတစ်ခါ ဘော့စ်အမျိုးသားကို ကျုံးဘေးမှာပြဿနာတက်တုန်းကလိုမျိုးပဲ ..... ကိုနီသော်တစ်ခုခုဖြစ်လို့လား'

သက်ဝေ တွေးလိုက်သေးကာ သူရိန်ညွှန်ကြားသည်များကို တသွေမတိမ်း လုပ်ဆောင်လေ၏။ ထင်သည့်အတိုင်း လက်အောက်ကုမ္ပဏီငယ်လေးများမှ ချက်ချင်းပင် ပို့လာကြသည်။ သူရိန်လင်းရဲ့စကားတစ်ခွန်းကို ကြောက်လန့်ကာ လှုပ်ရှားမှုကြောင့် ထန်အုပ်စုတွင် ထည့်သွင်းထားသော ရှယ်ယာရှင်တော်တော်များများက ရွှေမြေလုပ်ငန်းစု၏လက်အောက်ကဖြစ်ကာ ဦးစိုင်းထန်ကုမ္ပဏီမှ ရှယ်ယာများကို သူထက်ငါ အပြိုင်ထုတ်ယူနေကြ၏။ ရွှေမြေနဲ့ ထန် နှစ်ခုမှ တစ်ခုရွေးပါဆိုလျှင် ရွှေမြေကိုသာ ရွေးကြမည်သာ။ ရွှေမြေပိုင်သော လုပ်ငန်းများမှာ လက်ချိုးရေရင်တောင်မရချေ။ နိုင်ငံတစ်ဝှမ်း၌ အများပြားသား။ ထန်ကုမ္ပဏီမှာ တစ်ဆင့်ခံကုမ္ပဏီဖြစ်ကာ ပိုင်ရှင်အဟောင်းလောက် တိုးတက်မှု မရှိပေ။ သူရိန်မှာ ရှယ်ယာရှင်များအကြောင်းကိုသိကာ ပြောလိုက်ခြင်းပင်။ ထို့နောက် ဝင်းသူ  ရောက်လာသော စာရင်းချုပ်ကို သူရိန်ထံ မေးလ်ပြန်ပို့လိုက်သည်။

တစ်ဖက်တွင် ရှိသမျှ ရှယ်ယာများပြန်လည် ထုတ်ယူကြသောကြောင့် ထန်အုပ်စုမှာ လုပ်ငန်းလည်ပတ်ရန် အခက်တွေ့လာပြီး နေ့ချင်းပင် လုပ်ငန်းမှာ ယိုင်နဲ့နဲ့ ဖြစ်လာသည်။နောက်ဆုံး ဦးစိုင်းထန် စုံစမ်းကာ ရွှေမြေအုပ်စုဟု သိသိချင်း အဲ့ကလေးက Golden Land group က မြေးနဲ့တွဲနေတယ်လို့သိရတယ်ကိုစိုင်း... ဆိုတဲ့ ဒေါ်ဆွေသိန်းရဲ့ စကားကိုသတိရသွားပြီး သူရိန့်အားတွေ့ရန်သွားလေသည်။ ဦးစိုင်းထန်မှာ အစာဖြင့်မျှားခေါ်ခံရသော သေလမ်းမမည်တဲ့ သေလမ်း တစ်ခုကို တိုး၀င်နေသည့်  လမ်းဘေးအလေအလွှင့် ခွေးသာသာနှင့် တူနေ၏။

သူရိန်မှာတော့ နီသော့်ကို လိုက်ရှာနေရင်း ထောင်ချောက်ထဲဝင်လာမည့်  သတ္တဝါကို စောင့်နေလေသည်။

......

နီသော်တစ်ယောက် သုခမြိုင်စံအိမ်မှ လမ်းထိပ်ထိ လှုပ်လီလှုပ်လဲ့ တစ်လှမ်းချင်းလျှောက်ရင်း တက္ကဆီကားငှားကာ နီသော်မန္တလေးစရောက်ချိန်က နေခဲ့သည့် ထွန်တုံးရပ်က အိမ်အငှားသို့သွားလေသည်။ သွားရာလမ်းတစ်လျှောက် သူဒီလိုလုပ်ခဲ့သည်က အဆင်ပြေမှပြေပါ့မလားဟု တွေးလျက် စိတ်ကလည်း သုခမြိုင်စံအိမ်သို့ ပြန်လှည့်ချင်သည်လည်း ဖြစ်နေ၏။ ဟိုတွေးသည်တွေးနှင့် စူထွက်နေသည့်ဗိုက်လေးကိုငဲ့ကြည့်ကာ စိတ်မကောင်းဖြစ်နေပြန်သည်။ အိမ်ရှင်ကိုလည်းဖုန်းကြိုဆက်ထား၏။ သူရိန်ဝယ်ပေးသည့် တန်ဖိုးမြင့်ဖုန်းကို ထားခဲ့ကာ ခလုတ်ဖုန်းတစ်လုံးသာ အစားထိုးခဲ့သည်။ သက်ဝေနေသည့် ရပ်ကွက်နှင့် ရှစ်ပြ၊ ကိုးပြသာခြားသည်။ သက်ဝေလည်း စင်္ကာပူကနေပြန်ရောက်နေရာ နီသော်ကြောင့်ပြန်လာခြင်းပင်။

LOVE BIRD (Completed) Where stories live. Discover now