EP-14

6.4K 489 18
                                    

Unicode.....

ဦးထော်မိုးအရက်မူးမူးပြန်လာပြီး အိမ်ရှေ့ခုံတန်းလျားတွင် အရက်ပုလင်းဖက်ကာ  ပက်လက်အိပ်နေသည်။   ဒေါ်ဆွေသိန်း နီသော်ရသမျှအပ်သောငွေများကို  အငယ်နှစ်ယောက်ကျောင်းစားရိတ်ပေးရန် ရေတွက်နေရင်း ဦးထော်မိုးပြန်လာပြီး တော်တော်ကြာသည်ထိ အသံမကြားရသောကြောင့် နားစွင့်နေရင်းမှ လိုက်ကြည့်သည်။ 

"ဟယ်....ကိုထော်မိုး ကိုထော်မိုး...ရှင်ဘာဖြစ်နေတာလဲ ထပါဦး"

ဒေါ်ဆွေသိန်း တန်းလျားဘက်သွားကြည့်တော့ မျက်ဖြူစိုက်ပြီး တုန်နေသော ဦးထော်မိုးကိုလှုပ်နိူးကြည့်သည်။  နိူးမလာချေ။

" နီသော်!!!...နီသော်.. ခုချိန်ထိပြန်မလာသေးဘူးလား ဘယ်ကရောက်လာမှန်းမသိတဲ့သူနဲ့ ပလူးနေလဲမှန်းမသိ  လာဘ်ပိတ်ကောင်!!!"

ဒေါ်ဆွေသိန်း စုတ်သပ်လျက် နီသော့်ကိုအပြစ်တင်ပြောဆိုကာ   ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အကူညီတောင်းလိုက်သည်။  ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ လူမှုကူညီရေးအသင်းကားဖြင့် ဦးထော်မိုးအား ၂မိုင်ပြည့်သူ့ဆေးရုံကိုပို့လိုက်သည်။

နီသော်နဲ့သူရိန်လင်းတို့လည်း  ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ  အကြောင်းကြားလာ၍  ဆေးရုံသို့လိုက်သွားသည်။ 

" ဒီလူနာ  ဆက်ပြီးအရက်သောက်နေရင်  အခေါင်းပြင်ထားလိုက်ပါတော့ ... သွေးတိုးစာတွေမစားနဲ့  ဟုတ်ပြီလား ... ဆေးသွင်းထားပါတယ် ကုန်ရင်ဆရာမလေးတွေကိုပြောလိုက်ပါ နောက်ရက်နေရင် ဆေးရုံဆင်းလို့ရပါပြီ "

ဆရာဝန် ဒေါ်ဆွေသိန်းကို မနားတမ်းမှာကြားကာ ဒေါ်ဆွေသိန်းလည်း ခေါင်းတငြိမ့်ငြိမ့်ဖြင့် နားထဲဝင်လားတော့မသိ  နားထောင်နေသည်။

နီသော်တို့လည်း  ဆေးရုံကော်ရစ်တာတစ်လျှောက်လာကြသည်။  သူရိန်အခန်းတစ်ခုရှေ့ရောက်တော့ရပ်မိသည်။  ထိုအခန်းလေးထဲသို့ မျက်လုံးမမှိတ်တမ်းစိုက်ကြည့်နေသည်။  နီသော်သွားရင်း နောက်ကခြေသံမကြားကာ လှည့်ကြည့်လိုက်သည်။   သူရိန် အခန်းတစ်ခန်းတွင်ရပ်လျက် ထိုအခန်းထဲသို့ကြည့်နေ၏။ နီသော်ပါကြည့်လိုက်ရာ အခန်းလွတ်တစ်ခုပင်။ နီသော် သရဲရှိသည်ထင်လိုက်သေးကာ ကြက်သီးမွှေးညှင်းထလာသည်။ ထို့နောက်နီသော် ကိုလင်းနားကပ်ကာ ပုခုံးတစ်ဖက်လှုပ်၍  မေးလိုက်သည်။

" ကိုလင်း ...ဘာလုပ်နေတာလဲ ။ သရဲတွေ့လို့လား .. နီ ကြက်သီးဖျန်းလာတယ် သိလား "

သူရိန် နီသော့်စကားကြောင့် ပြုံးမိ၏။

'ဘယ်လိုဟာလေးလဲ ပေါက်ပေါက်ရှာရှာမေးနေတာ ' သူရိန် စိတ်ထဲတွေးလျက် နီသော့်ကိုပြုံးကြည့်ရင်း အူယားလာပြီး   ပါးဖောင်းဖောင်းလေးကို ဆွဲကိုင်ညစ်လိုက်သည်။  ထို့နောက်နီသော်အမေးကို ချစ်ရည်ချွန်းလဲ့စွာပြုံးပြလျက် ဆိုသည်။

" အင်း... ကိုယ်ငယ်ငယ်တုန်းကဒီဆေးရုံမှာ ကားအက်စစ်ဒင့်ကြောင့်ဆေးရုံတက်ရသေးတယ်။  ရက်တော်တော်ကြာတယ်။ နိူးလာတော့လည်း အကြောချင်ပြေအောင်လို့ ဆရာဝန်ကလမ်းလျှောက်ခိုင်းတာနဲ့ ဆေးရုံဝင်းထဲလျှောက်သွားရင်း  ခုရပ်နေတဲ့နေရာရောက်လာတယ်။  ကလေးလေးတစ်ယောက်ပေါ့၊ နီသော့်လို ဆံပင်ကောက်ကောက်လေးနဲ့ချစ်စရာလေး..."

နီသော် သူရိန့်စကားကြောင့် မျက်စောင်းလေးမဆိုစလောက်ပစ်ကာ ကြားဖြတ်ပြောလိုက်သည်။  နီသော် အချိန်အတိုင်းတာတစ်ခုထိရင်းနှီးလာသောကြောင့်  လွှတ်ခနဲထွက်သွားသည်။

"နီ့လောက်ချစ်စရာကောင်းလို့လား...ဟွန့် "

သူရိန် နီသော့်ကိုကြည့်ပြီး အူယားပြီးရင်းယားလာကာ ဆံပင်အိအိလေးကို လက်ချောင်းသွယ်သွယ်တို့က ထိုးဆော့နေသည်။  သူရိန် စကားပြန်ဆက်သည်။

" ကိုယ်ဒီအခန်းရှေ့ ဖြတ်လျှောက်မလို့လုပ်တုန်း ကလေးလေးရဲ့ အုပ်ထိန်းသူတွေ  အဲ့ကလေးကို သတ်ဖို့ရည်ရွယ်နေတာ  အဲ့တုန်းကတည်းက  ဘာလို့မှန်းမသိဘူး... အဲ့ကလေးလေးကို  လူမဆန်တဲ့ မိဘတွေဆီကနေကယ်ထုတ်ချင်တာ ခုချိန်ထိပဲ၊ သူလေးများ အသက်ရှင်ဦးမလားဆိုပြီး လာရှာတာပါ...ကိုယ်အတိတ်မမေ့ပါဘူး...နီ့ကိုတွေ့တွေ့ချင်း အဲ့ကလေးလေးနဲ့တူတာနဲ့  နီ့အနားမှာနေချင်လို့ ကြံဖန်လိုက်ရတာ" 

သူရိန် နီသော့်ကိုမျက်နှာချင်းဆိုင်ကြည့်၍ပြောနေ၏။  နီသော် သူရိန်ပြောပြသည့်ကလေးလေးအကြောင်းကြားကာ စိတ်မကောင်းဖြစ်ပြီး မျက်လုံးထဲတွင် မျက်ရည်များလျှံကျလျက်။

"ကိုလင်း ပြောနေတာကို ဘာမဆိုင်ညာမဆိုင်နဲ့  မျက်လုံးကလည်း  ဘာလို့မျက်ရည်ကျ ငိုချင်နေတာလည်းမသိဘူး "

နီသော် နှုတ်မှလည်းပြောလျက်  မျက်ရည်များသုတ်နေသည်။ ထိုအပြောကို သူရိန် ပြုံးလျက် ကြည်နူးစွာကြည့်နေ၏။ 

"ကိုလင်းအတွက်အရေးပါတဲ့သူပဲ... နီလည်း အဲ့ကလေးလေးကို ကူရှာပေးမယ်လေ...အဲ့ကလေးနဲ့တူလို့  နီ့အနားနေနေတာဆို... ခုတလော ကိုလင်းဒုက္ခရောက်နေမှာပေါ့ အိမ်စုတ်နဲ့ ရွက်ကြမ်းရေကျို ထမင်းဟင်းစားနေရတာနဲ့  စိတ်ညစ်နေမှာပေါ့"

" မဟုတ်ဘူး နီရဲ့ ကိုယ်အဲ့သဘောမျိုးနဲ့ပြောတာမဟုတ်ဘူး မငိုပါနဲ့  "

သူရိန်လင်း နီသော်မျက်ရည်စများကို သုတ်ပေးနေရင်း နီသော်ရဲ့ နှုတ်ခမ်းရဲရဲလေးဆီမျက်လုံးရောက်သွားသည်။  သူ့စကားကို တစ်မျိုးထင်သွားပြီး ငိုနေတဲ့  နီသော်ကို ဒီလိုပုံစံသူ မမြင်ချင်။ ချစ်စဖွယ်ကောင်လေးကိုရယ်မော ပျော်ရွှင်နေသည့်ပုံသာမြင်ချင်သည်။  ရှင်းပြရန်ကြိုးစားသော်လည်း အငိုသန်နေ၏။ ရုတ်တရက်ရင်ဘတ်တစ်စုံလည်း တင်းကြပ်လာသည်။ အငိုတိတ်ရန်  သူစဥ်းစားမိလို နှုတ်ခမ်းသားအိအိတစ်စုံကို  ဖိကပ်လိုက်၏။  နီသော်မှာ ထိုအပြုအမူကြောင့် အတိုင်းမသိရင်ခုန်နေပြီး ရှက်နေကာမျက်နှာတစ်ခုလုံး  ပန်းနုရောင်သမ်းလာ၏။

ပြီးနောက် သူရိန်  နီသော့်မျက်နှာကို  ပြုံးကာစေ့စေ့ကြည့်လျက် စကားဆိုသည်။

"  နီ ငိုဦးမှာလား...အာဘွားထပ်ပေးရမှာလား "

နီသော်ရှက်ကာ ခေါင်းရမ်းပြသည်။  အခန်းတစ်ခန်းမှ ဒေါ်ဆွေသိန်းထွက်လာကာ နီသော့်ကို ဆေးဖိုးရှင်းရန်ပြောသည်။

" သေနာရဲ့ ဒီကောင်နဲ့ ပလူးနေလို့ကြာနေတာလား။  ဗီဇကိုက... ဆေးရုံဆိုလည်းသတိထားဦး ဖြစ်ချင်တိုင်းဖြစ်မနေနဲ့ ။ ရော့...ဆေးဖိုးသွားရှင်းလိုက်"

ဒေါ်ဆွေသိန်း သူရိန်နဲ့ နီသော် နမ်းနေသည့်မြင်ကွင်းကိုမြင်လိုက်ပြီး သူရိန့်အား ဂျိုကြည့်ကြည့်ကာ အံ့ကြိတ်သံဖြင့်ပြောလိုက်သည်။

သူရိန် သူ့ကြောင့် နီသော်ပြောခံရမည်ကိုမလိုလားကာ အခန်းပြင်၌သာ စောင့်နေလိုက်သည်။ နီသော်လည်း ဆေးကောင်တာသွားရန်ပြင်ကာ   ဒေါ်ဆွေသိန်းရဲ့ ပြောနေကြစကားသံများထွက်လာသည်။

"နီသော် နင်ဘာကိစ္စနဲ့မှ ခုနကအခန်းရှေ့သွားရပ်စရာမလိုဘူး... အဲ့ဒါကြောင့်  ကိုထော်မိုးကပြောတာ နင့်ကိုမွေးစားမိတာ တကယ့်ဂျိုဆိုးပဲ...အစတည်းက ရှင်းမပစ်ခဲ့ရတာ နောင်တရတယ် သိလား "

သူရိန်အခန်းပြင်မှ ဒေါ်ဆွေသိန်းစကားကို အမှတ်မထင် ကြားလိုက်ရသည်။  ဒေါ်ဆွေသိန်းစကားကြောင့် သူပျော်မိကာ ပြုံးမိသည်။  ကော့သောင်းရောက်ပြီး သက်ဝေအိမ်တွင်နေကာ တောက်လျှောက်စုံစမ်းခဲ့သည့် အလျောက် နီသော့်အကြောင်း သူ့ခန့်မှန်းချက် မှန်နေ၏။  အဖြေတစ်ခုသာလိုတော့၏။  ထိုအဖြေသာရရင် နီသော့်ကို သည်မြို့ကနေ အပြီးခေါ်သွားတော့မည်ဟုတွေးလျက်။

နီသော်မျက်နှာမကောင်းစွာ အခန်းပြင်ထွက်လာသည်။   သူရိန့်ကိုမမြင်ပေ။ ဆေးကောင်တာကိုသာ မှိုင်ထွေထွေသွားနေသူကို အနောက်ကနေလိုက်ကာ တိတ်တိတ်လေး ကြည့်နေသည်။

" ဟယ်...အလည်လာတာလား ၊အန်တီသောင်းရောပါသေးလား"

သူရိန် သူ့ရှေ့မှ လာနှုတ်ဆက်သော အသက်ကြီးပုံပေါ်သည့်သူနာပြုကြောင့် 'တွေ့ဖူးလို့လား'ဟူသောဟန်ဖြင့် ခေတ္တစဥ်းစားလျက်၊ ပြီးနောက်တစ်စုံတစ်ရာကို  သတိရကာ မျက်လုံးအိမ်ပြူး ကျယ်လာပြီး နှုတ်ခမ်းသားတို့ ပြုံးရောင်သမ်းလာ၏။

"ခုချိန်ထိ ဒီဆေးရုံမှာပဲလား"

"အင်း  ကြာပြီလေ လင်းလင်းရဲ့... အန်တီသောင်းနဲ့က အဆက်သွယ် အမြဲရှိတယ်"

သူရိန် သူနာပြုကြီးရဲ့ အဖြေကြောင့်သဘောကျသွားကာ သူသိချင်သည့်အကြောင်းတချို့ကို မေးရန် ဟန်ပြင်တော့သည်။

..........................................

သူရိန်လင်း  သူ့အဖွားကိုနှုတ်ဆက်ရန် သွားရာ မိုးထက်နှင့် သူ့ခယ်မအေးထွေးပါရှိနေ၏။ မိုးထက်ကတော့ အဖွားသောင်းခြေထောက်ကိုနှိပ်နှယ်ပေးနေသည်။ မိုခမ်း အခန်းမှထွက်သွားသည်ကိုမြင်လိုက်သည်။ တစ်ခုခုကိုခံစားမိကာ သူရိန်စိတ်တော့လေးမိ၏။

"မိုးထက်  ဟိုကောင်ကို အဆက်သွယ်ရလား...ငါဆက်သွယ်နေတာကြာပြီ ပြန်မဖြေဘူးကွာ"
သူရိန် မေးလိုက်၏။

"ဆက်မနေနဲ့ သူရိန်...အခုချိန်သူ မအားလောက်ဘူးထင်တယ်... စင်္ကာပူမှာဟိုတယ်ဆောက်ဖို့လုပ်နေတာတဲ့"

သူရိန်ဆက်ပြောဆိုသည့်ပုံစံဖြင့် နားထောင်နေလျက် မိုးထက်ကလည်း  သူသိသလောက်ပြောပြနေသည်။

"သူ့ဘားက ကောင်လေးတစ်ယောက်ရောပါတယ် အဲ့လိုဆိုရင် မလာဖြစ်လောက်သေးဘူး"

မိုးထက် ဒေါ်သောင်းခြေဖဝါးကို နှိပ်နေရင်းမှ သုတဦးအကြောင်း မနိုင်ဘူးဆိုသည့်စတိုင်ဖြင့် ပြောလျက်။

"ဆိုင်လို့လား" သူရိန် မျက်မှောင်ကြုတ်ကာ ဆို၏။

" ဆိုင်တယ်ငချိပ်ရ...သူ့ကောင်လေးနဲ့ကဲဦးမှာ။ငါဖုန်းဆက်တာတောင် မကိုင်ဘူး ...မက်ဆေ့တော့ပို့လာ ပါတယ် အရေးကြီးမှခေါ်တဲ့ ငချိပ်ရ ...မင်းမင်္ဂလာဆောင်ပြီးကတည်းက oversea ထွက်သွားတာပြန်မလာသေးဘူး ခုချိန်ထိပဲ "

သူရိန်လင်းမိုးထက်နဲ့ စကားပြောပြီး  သူ့အဖွားဘက်လှည့်ကာ...

"အဖွားသားလာပြီ... နီသော်လည်းပါတယ်..."

"ငါ့မြေးလေးလာရင်ကို ဝမ်းသာလှပါပြီ... ဘာလို့လူပိုတွေခေါ်လာတာလဲ။  အလကားနေ အလကားအိမ်ရှုပ်အောင်လို့။"

ဒေါ်သောင်း နီသော့်ကို ယနေ့ထိတိုင် အမြင်မကြည်သေးကာ  ပြောလိုက်၏။ ထိုစကားကြောင်င့် သူရိန် စိတ်မကောင်းဖြစ်မိသည်။  နီသော့်ကို လက်ခံပေးစေချင်မိသည်။

"အဖွားဒီကောင်လေးကို မကြည်ဖြူနိုင်ဘူး ။ယောက်ျားဖြစ်ရက်နဲ့ ကိုယ်ဝန်ဆောင်နေတာ ကြားမကောင်းဘူး။ အဖွားတို့တစ်သက်နဲ့တစ်ကိုယ်လည်းမကြားဖူးဘူး။ ဗိုက်ကြီးတယ်ဆိုတာ မိန်းမတွေရဲ့အလုပ်။ မြေးလေးကိုသူနဲ့ ထပ်မမြင်ချင်တော့ဘူး။ အဖွားမသေခင်လေးတော့လိုက်လျောပေးပါလား။ မြေးလေးအမှန်တရားတစ်ခုကို သိတဲ့အချိန်မှ အဖွားကိုကျေးဇူးမတင်နဲ့ "

ဒေါ်သောင်း ငွေဂုဏ်မောက်သောမျက်နှာဖြင့်  နီသော်အား ချိုးနှိမ်ကာပြောလျက် သူရိန်ကိုလည်း  နီသော်နှင့်လမ်းခွဲကာ အတူမနေရန်တားသည်။ သူရိန့်ကို တစ်ဖန်အိမ်ထောင်ပြုရန် နန်းအေးထွေးနှင့် မိတ်ဆက်ပေးပြန်သည်။

"ဖွားဖွားပြောပြောနေတဲ့ အမှန်တရားကဘာလဲ "

သူရိန် ဒေါ်သောင်းကုတင်ဘေးတွင် မတ်တပ်ရပ်ကာ သူ့အဖွားတွေ့တိုင်း ပြောနေသည့် အမှန်တရားဆိုသည့် စကားကို မေးကာ  လက်ကိုယှက်ကာပိုက်ထားပြီး နားထင်ကိုလက်ညိုးထောက်လျက် ခပ်မှေးမှေးမျက်လုံးများက ဒေါ်သောင်းပြန်ဖြေလာမည့်အဖြေကို နားထောင်နေသည်။

"သား လေးလေးလာရင်သိပါလိမ့်မယ် "

"ဒါနဲ့လေ သူလေးက နန်းအေးထွေးတဲ့ မိုခမ်းရဲ့ညီမ ချောတယ်မလား၊ ကိုယ်လုံးကိုယ်ပေါက်လေးလည်းလှလိုက်တာ၊ အဖွားတော့ကြိုက်တယ် ... သူ့အစ်မကို မြေးလေးရဲ့ကုမ္ပဏီမှာအလုပ်လုပ်ချင်တယ်လို့ပြောနေတာတဲ့... သားကြိုးစားကြည့်ပါလား"

ဒေါ်သောင်း ဇွဲမလျှော့။ ဘေးနားရှိ အေးထွေးနှင့် မိတ်ဆက်ပေးလေ၏။ မိုခမ်းနဲ့တုန်းက အမျိုးမစပ်လိုက်ရသောကြောင့် မကျေနပ်ပေ။ အေးထွေးမှ သူရိန့်အား အရှက်သည်းပုံဖြင့် ခေါင်းငြိမ့်ပြလေသည်။

မိုခမ်းမှ အေးထွေးကို သူရိန်နဲ့ အတင်းနီးစပ်ခိုင်းနေသည်ဟုသာ သိထားပြီး ဤအမူအယာက အေးထွေးမှ လိုလိုလားလားဖြစ်နေသည်ဟု မသိရ။ ထိုပြုံးနေပုံထောက်ရင်တော့ရင်လေးစရာ။ နီသော်လေးတော့သနားပါရဲ့ဟု  မိုးထက်တွေးကာ မိုခမ်းတို့မျိုးရိုးဗီဇကို တဖြည်းဖြည်းနားလည်လာသည်။
သူရိန်မှာ အေးထွေးကို ဂရုမစိုက်သောပုံစံဖြင့် သူ့အဖွားကို ပြန်ပြောသည်။

"ပိုင်စိုးကုမ္ပဏီက စလေ့လာမယ့်သူတွက်ဆိုပိုအဆင်ပြေတယ် ...မိုးထက်မင်းလည်း ပြောပေးလိုက်ပါ "

သူရိန့်အပြောကြောင့် အေးထွေး အကြိုက်ဖြစ်ကာ ဝမ်းသာပီတိဆို့လျက်၊  ထိုအမူအရာကိုဒေါ်သောင်းမြင်လိုက်ပြီး ဂုဏ်မောက်နေသောမျက်လုံးများက သူစီစဥ်ထားသလို ဖြစ်တော့မည်ဟု ထင်ကာပြုံးနေသည်။

ခုချိန်ထိ နီသော်ကိုလက်မခံနိုင်တဲ့ သူ့အဖွားကို သူရိန်လင်းစိတ်မကောင်းဖြစ်မိသည်။ အဖွားမသေခင်ထိ နီသော်နဲ့အတူမမြင်ချင်ဘူး ဟူသောစကားက သူ့ကို အခက်တွေ့စေသည်။

ငယ်စဉ်မိဘနှစ်ပါးမရှိခင်ကတည်းက စောင့်ရှောက်ပေးသောအဖွားကိုလည်း ချစ်၏။  ယခုလည်း အဖွားစကားကို အလေးမထားဘဲ နီသော်နဲ့ အတူနေသည်မဟုတ်။
နီသော်ကိုလည်းသူချစ်၏။ ကျောင်းပြီးအောင်တောင်မတက်ရှာပဲ တစ်အိမ်လုံးအတွက် ငွေရှာနေရတဲ့သူလေးကို  လမ်းမခွဲဖို့ဆို မဖြစ်နိုင်။စောင့်ရှောက်ပေးချင်မိ၏။  သူ့အဖွားစကားကိုလည်း လက်ခံရမှာလည်း ခက်ခက်ပင်။  ပြီးခဲ့တဲ့နှစ်က ကိစ္စတချို့သူမမှတ်မိသေးပေမယ့် မှတ်မိသည့်အရာကတော့ သူ၈နှစ်အရွယ်ကတွေ့ခဲ့သည့်  ဆေးရုံကကလေးတစ်ယောက်...အဲ့ကလေးလေးက နီသော်ပင်.....

"လင်းလင်း"
သူရိန့်အတွေးက ထိုအသံပိုင်ရှင်ကြောင့် ရပ်သွားသည်။

"အော်...လေးလေး"

တူဝရီးနှစ်ယောက် ပွေ့ဖက်လိုက်ကြပြီး  နှစ်ယောက်သား စကားပြောစရာရှိသည်ဟုဆိုကာ အပေါ်ထပ်စာဖတ်ခန်းကို သွားကြသည်။

ဒေါ်သောင်းနဲ့မိုးထက်တို့လည်းရှေးဟောင်းနှောင်းဖြစ်များ ပြောနေကြသည်။ အေးထွေးလည်း ပိုင်စိုးကိုသာမျှော်နေ၏။ ဒေါ်သောင်း သူ့အား သူရိန်နှင့်မိတ်ဆက်ပေးသည်ကို စိတ်မဝင်စားပေ။   ပိုင်စိုးကုမ္ပဏီဆိုသည့်အသံကြောင့် ပျော်နေ၏။

သူရိန်လင်း သူ့လေးလေးပြသော မှတ်တမ်းဗီဒီယိုအပိုင်းစကိုကြည့်ပြီး  နှလုံးသွေးပေါက်ထွက်မတပ်ခံစားမှုကို လက်သွယ်တို့က လက်သီးတင်းတင်းဆုပ်လျက် ထိန်းထားမိသည်။ မှတ်တမ်းမှာ လွန်ခဲ့တဲ့၁၀နှစ်ကျော်ကဖြစ်ပြီး  အနည်းငယ်ဝါးနေသော်လည်း ဗီဒီယ်ိုထဲကပုံရိပ်တွေကိုတော့ ကောင်းစွာမြင်ရသည်။

အနောက်ဖက်တစ်နေရာမှ ခပ်လတ်လတ်အမျိုးသမီးတစ်ယောက် ကလေးငယ်လေးတစ်ဦးကို တစ်ဖက်လမ်းမှလာနေသောကားရှေ့ကိုတွန်းပို့လိုက်ပုံပေါ်ပြီး ထိုကလေးမှာ ကားရှေ့ရောက်သွားသည်။ ကလေးကိုမြင်ပြီးဘရိတ်အုပ်ရှောင်လိုက်ရာ မောင်းလာသည့်ကား၂စီးမှ တစ်စီးသည် ပင်လယ်ထဲသို့ထိုးကျသွားသည်။ ကျန်တစ်စီးမှာ ဘရိတ်အရှိန်ကြောင့် ကားရှေ့စိုက်ကျလျက် တွန်းပို့ခံလိုက်ရသောကလေးမှာလည်း လမ်းမပေါ် သွေးအလိမ်းလိမ်းနှင့်ပင် မေ့မြောနေသည်။ မှတ်တမ်းမှာထိုမျှသာဖြစ်၏။

"လေးလေး ကြားရသလောက်ပြောရရင် အဲ့ယာဉ်တိုက်မှုဖြစ်အောင် လုပ်တဲ့သူတွေက ကော့သောင်းကို အရင်ရောက်နှင့်နေတာတဲ့၊ ဘယ်ကနေသတင်းရလည်း မသိရသေးဘူး ၊ ကိုကြီးရဲ့ရွှေမြေလုပ်ငန်းစုထက် Me အုပ်စုကိုဖြိုချင်တာကပိုနေတယ်၊ ကံမကောင်းတာကတော့ သားဖေဖေတို့ယာဉ်တိုက်မှုဖြစ်ပြီး မကြာခင် Meလုပ်ငန်းစုက လင်မယားနှစ်ယောက်ပါ ကားအက်စစ်ဒင့်ကြောင့် ဆုံးသွားတယ် ။ သူတို့သားလေးလည်း ကံမကောင်းရှာဘူးရယ်။ "

ဦးစိုင်းမြင့်သူ စိတ်မကောင်းစွာပြော၏။

သူရိန်လည်း  ဦးစိုင်းမြင့်သူပြောသော စကားများကို အလေးအနက် နားထောင်ကာ သူ၈နှစ်အရွယ် ဆေးရုံတက်ရစဉ်က ကလေးငယ်လေးတစ်ဦးကို သတိရမိသည်။ ယခုချိန်ထိ အသက်ရှင်နေသေးလား။ ဒါမှမဟုတ်....သူရိန်လင်း ဆက်မတွေးနိုင်တော့။  သူကော့သောင်းက တချို့ကိစ္စကို သူအစဖော်၍မရ။ စဥ်းစားလျှင် ခေါင်းကိုက်လာသည်။ သူရိန်  အဲ့ချိန်က သူ့အဖွားကိုပြောပြသော်လည်း ကိုယ်နဲ့ဆိုင်သည့်ကိစ္စ မဟုတ်ဘူးဟုဆိုကာ ချက်ချင်းပင် မန္တလေးပြန်လာရ၏။

သူရိန် မကျေနပ်သေး၍ သစ္စာနွယ်နှင့် ပြတ်ပြီး နောက် ထူးဆန်းစွာ ထိုကလေးကို အိပ်မက်မက်လာ၏။ ထိုအိပ်မက်ကြောင့် ပညာသင်မသွားခင် သူ့အဖွားကိုအတိုက်အခံလုပ်ပြီး ကော့သောင်းမြို့သို့  ရှာပုံတော်ဖွင့်ရသည်။ သို့သော် ဘယ်အချိန်ကချောင်းနေမှန်းမသိသော ကြေးစားတစ်သိုက်၏ကောင်းမှုကြောင့် ဆံပင်ကောက်ကောက်အသားဖြူဖြူ ချစ်စဖွယ်လူသားလေး နီသော်နှင့်ဆုံစည်းရသည်။

ဦးစိုင်းမြင့်သူ ဗွီဒီယိုမှတ်တမ်းရလာပုံကိုပြောပြလိုက်သည်။

"ဒါက လေးလေးရဲ့ လက်ထောက်က သူ့အစ်မ မြန်မာပြည်အလည်လာတဲ့ပုံကို ပြရင်းနဲ့မှတွေ့တာပဲ၊ ခုနက လင်းလင်းကိုပြတာအကုန်မဟုတ်သေးဘူး။ ကျန်တဲ့အပိုင်းက ကြာပြီဆိုတော့ ဖိုင်ပို့ရခက်နေလို့တဲ့ "

သူရိန်ခေါင်းတငြိမ့်ငြိမ့်နဲ့  နားထောင်နေ၏။

" ဒါပေမယ့်  မှတ်တမ်းကိုထပ်ကြည့်ပါဦး လင်းလင်းရဲ့ ၊ သားအနားမှာရှိတဲ့လူတွေက သားကိုတကယ် ချစ်လို့လား၊ သားရဲ့ ပိုင်ဆိုင်မှုတွေကြောင့်လားဆိုတာ သိပါလိမ့်မယ်"

ဦးမြင့်သူ မပြောချင် ပြောချင်ဖြင့် ဒေါ်သောင်းအမှာစကားကြောင့်  သူ့တူလေး ကောင်းစေရန်ပြောမိသည်။ မည်သူ့ကိုရည်ညွှန်း၍ ပြောသည်ကိုတော့ ဦးမြင့်သူမသိပေ။ တစ်နေ့တစ်နေ့ကျန်းမာရေးဆိုးဝါးလာသော အမေအိုကြီးကိုစိတ်ချမ်းသာစေချင်သည်။ 
သူရိန်သူ့ဦးလေးရဲ့ ဆိုလိုရင်းကိုနားလည်သည်။  နာမည်တပ်မပြောသော်လည်း  ဘယ်သူကို့ပြောချင်လဲ ဆိုတာ သိသည်။  ' မဖြစ်နိုင်'ဟုရေရွတ် ခေါင်းရမ်းကာ   recordကို ပြန်ကြည့်နေရင်းမှ ရုတ်တရုက် ထိုအမူအရာ မျက်ခုံးများလည်း တဖြည်းဖြည်းတွန့်ချိုးလာပြီး နှုတ်မှ 'နီသော်' ဟု တိုးတိုးရေရွတ်မိသည်။

အိမ်အောက်ထပ်မှ အသံစူးစူးကြောင့် သူရိန်တို့သူဝရီးနှစ်ယောက် အိမ်အောက်သို့ မြန်မြန်ပြေးဆင်းကြသည်။  အိမ်အောက်ကိုရောက်သည်နှင့်  မြင်လိုက်ရသည့် ပြဿနာကြောင့်  စိတ်အိုက်သွားရသည်။

"နီသော် ခမ်းကိုအဲ့လိုလုပ်စရာမလိုပါဘူး။ ကိုယ့်ဗိုက်ကိုလွတ်အောင် ထိုင်ပါလား...ကိုယ့်အပြစ်ကို သူများအပြစ်လုပ်ချင်မနေပါနဲ့လား"

မိုခမ်းသူ့လက်ဖမိုးက ဓားဒဏ်ရာကိုဆုပ်ကိုင်ထားလျက် မျက်လုံးကလည်း အပြင်ဘက်စွေကြည့်စွေကြည့်နှင့် အခန်းထဲမှလူများထွက်လာစေရန်  တမင်ကြားအောင်  ထမင်းစားခန်းမှ လှမ်းအော်ကာ  သူ့ရှေ့ကနီသော့်ကိုပြောနေ၏။

နီသော် မိုခမ်းစကားကြောင့် ကြောင်သွားပြီး  မျက်တောင်ပုတ်ခပ်ပုတ်ခပ်နှင့် စဉ်းစားနေသည်။
' ဓားရှတာက သူပါပေါ့၊ ဘာကြောင့် နီသော်သူ့အားလုပ်တဲ့ပုံစံနဲ့ပြောနေသလဲ'ဟု။ နီသော်စဥ်းစားရင်းမှ  မိုခမ်းသူ့ကို တွေ့ရင် မြင်ရင် အထင်သေးတဲ့အကြည့်တွေ၊ နှိမ်သလိုအပြောတွေက မလိုမုန်းထား၍  ထို့အပြုအမူလုပ်သည်ကိုသိမြင်လာကာ   မျက်လုံးအိမ်များကျယ်လာပြီး  လန့်နေ၏။

နီသော်ခုံစောင်းနှင့်တိုက်မိလို့ ဗိုက်အောင့်သွားတာကတစ်ကြောင်း၊ လက်မှာရှနေတဲ့ ဓားဒဏ်ရာကြောင့်သွေးထွက်လွန်ပြီး ခေါင်းမူးလာသည်။ သူ့ကိုနှစ်သိမ့်ပေးနိုင်သည့်  သူရိန်လင်းကိုသာ  မျှော်မိကာ စိတ်ထဲမှတနေမိ၏။

မကြာခင် အသီးသီးအခန်းထဲမှထွက်လာကြကာ မိုခမ်းနဲ့ နီသော်ကို 'ဘာဖြစ်ကြတာလဲ' ဟူသော အကြည့်ဖြင့် ကြည့်လာသည်။ ဒေါ်သောင်းလည်း မိုးထက်တွန်းပေးသော ဝှီးချဲ့ပေါ်တွင်ထိုင်လျက်ထွက်လာသည်။ မူယာမြင့် အပြင်သွားမည့်ပုံစံဖြင့် ထမင်းစားခန်းဘက် တစ်ချက်ကြည့်ကာ သူ့ကိစ္စမဟုတ်၍ အပြင်ထွက်သွား၏။ အေးထွေးလည်းထိုနည်း၎င်းပင်။ ပိုင်စိုးဆီသို့သွားရန်ကြံနေသည်။   ထမင်းချက်ဒေါ်ရှိန်းကတော့  ပြဿအစဆုံးမြင်လိုက်၏။ သို့သော် အိမ်ရှင်ကိုကြောက်ရ၍ ကြားမှဖျန်ဖြေမပေးရကာ စိတ်မကောင်းဖြစ်နေသည်။

"မေသောင်း လုပ်ပါဦး...သမီးတကယ်မသိပါဘူး ...သူ ...သူလေ သူ့ဟာသူ နမူမစိုက်လို့ ဗိုက်နဲ့ခုံစောင်းနဲ့တိုက်မိတာကို သမီးကြောင့်ဆိုပြီး ဓားနဲ့ လက်ဖမိုးကို လာခြစ်နေတာ...ဟင့်"

အမှန်က မိုခမ်း သူ့လက်သူဓားနဲ့ခြစ်လိုက်ပြီး ဓားကိုနီသော့်လက်ထဲထည့်ပေးလိုက်တော့  နီသော် ရုတ်တရက်မို့မတုန့်ပြန်လိုက်နိုင်။   နီသော်ကံဆိုးချင်တော့ ဒေါ်သောင်းတို့ထွက်လာသည်နှင့် ကြုံသွားသည်။  မိုခမ်း အခွင့်ကောင်းယူကာ လက်ဒဏ်ရာကို တကြည့်ကြည့်နှင့် ငိုလျက်  နီသော့်လက်က ဓားရှရာကို မမြင်အောင်    အာရုံထားလေသည်။ 

နီသော်ဓားကိုလွှတ်ချလိုက်ပြီး သွေးထွက်နေသောလက်ဖဝါးကို အင်္ကျီစဖြင့်ဆုပ်ကိုင်ထားသည်။ မိုခမ်း၏ ပြောင်းလဲလာသည့်အပြုအမူကြောင့် နီသော်ပါးစပ်အဟောင်းသားနှင့် အံ့သြမှုမျက်လုံးများဖြင့်ကြည့်နေလိုက်သည်။
မိုခမ်းသည် နီသော်အား ရွဲ့ပြုံးပြုံးကာပြန်ကြည့်နေပြီး ဒေါ်သောင်းပါ  မိုခမ်းဘက်နေကာ ပြောပေးနေသည်။

" နီသော် မင်းလိုပိုင်းလုံးကောင်ကို ငါ့မြေးမျက်နှာကြောင့် ငါ့အိမ်အရိပ်နင်းခိုင်းနေတာ ကမ်းတက်မလာနဲ့...သွား ခုချက်ချင်းထွက်သွား..."

"ဘာဖြစ်နေတာလဲ ဖွား"

အသံကြားရယုံဖြင့်   အာဏာသက်ရောက်မှုပြင်းသည့် သူရိန့်အသံကြောင့် ဒေါ်သောင်းပြောနေရင်း ရပ်လိုက်ရသည်။  ဒေါ်သောင်း နီသော့်လုပ်ရပ်ကို သူရိန့်ကို ပြောပြလိုက်သည်။ မိုးထက်လည်းမိုခမ်းဒဏ်ရာကိုဆေးထည့်ပေးနေ၏။ သူရိန် မိုးထက်ကိုကြည့်လိုက်တော့ ဒေါ်သောင်းပြောသလိုသာ ဟု ထောက်ခံပေးသလို အကြည့်ဖြင့်သာ ဖြေသည်။ အမှန်ကို သူလည်းမသိပေ။

သူရိန် နီသော့်ကို  သူစိမ်းဆန်ကိုသော အကြည့် မျက်နှာဖြင့်  ကြည့်လိုက်ကာ နီသော်မှာ ထိုမျက်နှာထားကြောင့် ဝမ်းနည်းလာပြီး    မျက်ရည်များဝိုင်းလျက် ထင်နေသလိုမဟုတ်ကြောင်း ခေါင်းတသွင်သွင်ရမ်းပြ၏။  ရင်အုံတစ်ဖက်ကလည်း  ဆူးထိုးခံရသလို အောင့်နာလာသည်။

" နီသော် ! မဟုတ်ဘူးမလား "

မအော်ဖူးသည့်သူရိန်က မျက်လုံးစိမ်းဖြင့်ကြည့်လာကာ  နီသော့်ကိုခပ်မာမာ အော်သည်။

မိုခမ်း  နီသော့်ကိုအောင်နိုင်သူလို ပြုံးပြသည်။

နီသော် လက်က သွေးအဆက်မပြတ်ထွက်နေသော ဒဏ်ရာလည်းနာရမှန်းမသိတော့၊ ဗိုက်ထဲကလေးတွေလည်းဘယ်လိုနေမည်မသိ၊ သိတာကတော့  သူရိန်လင်း ယခုလိုစိတ်တိုပြီး နာမည်ရှည်ကြီးခေါ်ပြီး အော်နေတာကြောင့်ကြောက်လန့်တုန်လှုပ်နေ၏။

"မဟုတ်ဘူး ကိုလင်း...မဟုတ်ဘူး ...နီ မခမ်းကိုထိတောင်မထိဘူး"

ဒေါ်သောင်းမှစကားဖြတ်ပြောသည်။

"နင်မလုပ်လို့ ဘယ်သူလုပ်မှာလဲ။ ရူးနေတဲ့သူပဲ ကိုယ့်အသားနာအောင်လုပ်မှာ...ဘာဆင်ခြေမှပေးမနေနဲ့ ၊ နင့်အင်္ကျီမှာပေနေတဲ့ သွေးတွေကသက်သေပဲလေ"

ဒေါ်သောင်းရဲ့စကားကို မိုခမ်းအားရနေ၏။ ဂွင်စောင့်နေသောဒေါ်သောင်း သူ့အကြိုက်ဖြစ်ကာ သူရိန့်အားကြည့်ကာ ဆက်ပြောသည်။

"အဖွားတော့ သည်လိုအကျင့်ရှိတဲ့ ကောင်နဲ့တော့ မြေးလေးကို မပတ်သက်စေချင်တော့ဘူး။ ဒီအိမ်အရိပ်တောင်လာမနင်းစေနဲ့"

"ဖွား စိတ်ချပါ သူထပ်ပြီးမနင်းစေရဘူး"

သူရိန် သူ့အဖွား ဝှီးချဲနား တိုးကာပြောလိုက်သည်။

"နီသော် အိမ်အရင်ပြန်နှင့်"

သူရိန်အသံအနည်းငယ်မာနေပြီး မှင်သေသေမျက်နှာဖြင့် နီသော်ကိုမကြည့်ဘဲ ပြောလိုက်သည်။ စိတ်ထဲ၌တော့ နီသော့်ကို  မကာကွယ်နိုင်၍ အကြိမ်ကြိမ် တောင်းပန်နေ၏။

"မေသောင်း ဗိုက်ကြီးသည်ကို အဲ့လိုမရက်စက်လိုက်ပါနဲ့ ...သူ့ခဗျာ ဗိုက်ကိုခုံစောင်းနဲ့ တိုက်မိထားသေးတာ သူတော့မသိဘူး အထဲကကလေးတော့ အီဆောင့်နေမှာ "

မိုခမ်း နီသော့်ကို သနားဟန်ဖြင့်ပြောပြီး တစ်ဆက်ထဲ သူရိန်အား နီသော့် အနေထိုင်မဆင်ခြင်မှုကိုသိစေရန် စိုရိမ်းပေးသလိုနှင့် မကောင်းဘက်ကိုပြောပေးနေသည်။

သူရိန် မိုခမ်းစကားကြောင့် မည်းနက်ကာတန်းနေသည့် မျက်ခုံးနှစ်ဖက် တွန့်ချိုးသွား၏။
"ဘာ.... ဗိုက်ကို ခုံစောင်းနဲ့တိုက်မိတာ ဟုတ်လား နီသော် "
နီသော် ကြမ်းပြင်ကိုသာကြည့်လျက် သူ့ရိန်အား ခေါင်းငြိမ့်ပြလိုက်သည်။
နီသော်ခေါင်းငြိမ့်ပြသည်နှင့်တစ်ပြိုင်နက် သူရိန် ဒဏ်ရာရနေသော နီသော့်လက်ကို ဆွဲကာအိမ်ပြင်ထွက်သွားသည်။ နီသော် ဗိုက်ကိုလက်နှင့်ထိန်းလျက်ပါသွားသည်။ မိုခမ်းသူ့ဘေးမှဖြတ်သွားသောနီသော်ကို မဲ့ပြဖြစ်အောင် မဲ့ပြလိုက်သေးသည်။ သူရိန် သူနေခဲ့ကာ ဒေါ်သောင်းအိမ်မှကားသမားကို သုခမြိုင်စံအိမ်ကို မောင်းပို့စေသည်။  သူရိန်ပြောပြီးကာ ရှင်းစရာရှိတာများရှင်းရန် အိမ်ထဲသို့ပြန်ဝင်သွားသည်။

"တီ...တီ...တီ..."
နီသော့်အား လိုက်ပို့ပေးသောကားသမားဖုန်းသံမြည်လာသည်။  ဖုန်ပြောပြီးနောက်  နီသော့်အား အားနာသလို၊ မပြောရဲမဆိုရဲပုံစံဖြင့် ကြည့်လာသည်။  နီသော် နောက်ကြည့်မှန်ကို ကြည့်လိုက်တော့  အားနာသည့်မျက်နှာဖြင့် ကားသမားဦးလေးကို မြင်ရ၏။
"ဦးလေး ဘာပြောချင်လို့လည်း ပြောပါ  အားမနာပါနဲ့ ..."
နီသော်မေးလိုက်မှ ကားဆရာမျက်နှာအင်တင်တင်နှင့် ပြောလာ၏။

" ဟို...ဟိုဟာ ကြီးကြီးသောင်းက မောင်ရင့်ကို  လမ်းဘေးမှာချထားခိုင်းပြီး အိမ်ပြန်လာခိုင်းနေလို့ "

နီသော် ကားဆရာဦးလေး စကားကြောင့်  လမ်းဘေးချရပ်ခိုင်းကာ ဆင်းနေလိုက်သည်။ နီသော် သူ့ကြောင့် သူတစ်ပါး အခက်မတွေ့စေချင်။  နီသော်  သူရိန်ထံ ဖုန်းဆက်လိုက်ရာ မအားသေးပါနဲ့သာတိုးနေ၏။  နာရီဝက်လောက်ကြာအောင် ခေါ်သော်လည်းမကိုင်ပေ။  အရေးထဲဗိုက်ဆာလာ၍   လမ်းဘေးမှ သုံးဘီးgrabကိုငှားလိုက်ကာ  နေ့လည်တည်းက စားချင်နေသော  ကျုံးဘေးကနို့ဟင်းမလိုင်သည် ဆီဦးတည်လေသည်။

Thank you all readers.
Pu Sii Na🌈❤️

LOVE BIRD (Completed) Where stories live. Discover now