EP-20

7.8K 461 15
                                    


Unicode......


"ရော့ ဒီစာသူ့ကိုပေးဖြစ်အောင် ပေးပေးပါဦး အကူအညီတောင်းပါတယ် "

"ဟုတ်ကဲ့...ဒါပေမယ့် ဒီကနေ မန္တလေးအထိဆိုနည်းနည်းတော့ကြာမယ် မဆွေ"

"ရတယ် သူ့ဆီ ဒီစာရောက်သွားရင်ရပြီ"

ဒေါ်ဆွေသိန်း ကော့သောင်းမှ အသိတစ်ယောက် မန္တလေးမြို့သို့ အလည်သွားရာ သူ့မိတ်ဆွေဟောင်းတစ်ဦးထံ လမ်းကြုံစာတစ်ဆောင်ပါး လိုက်၏။

" ကိုစိုး ထွေးလေ ကိုစိုးရဲ့ကလေးကိုလွယ်ထားရပြီ..."

နန်းအေးထွေး ဝမ်းသာစွာ ပြောသည့်နောက်တွင် ပိုင်စိုးရဲ့မျက်နှာသိသိသာသာ ပျက်ယွင်းသွားလျက် ကလေးမယူရန်လည်း ပြောလာ၏။

"ထွေးလေး ဗိုက်ကလနုတုန်းဖျက်ချလို့ ရတယ်မလား...အဲ့လိုဆို..."

"ဖြန်း"

ပိုင်စိုးစကားမဆုံးခင် သူ့ပါးပြင်တွင် အေးထွေးအနောက်ကိုရောက်လာသော မိုခမ်းရဲ့လက်ဝါးရှိုးရာထင်သွားသည်။ မိုခမ်း ဒေါ်သောင်းတို့နှင့်စကားပြောပြီးနောက် သူ့ညီမအခန်းဆီသွားရာ မတွေ့ဘဲ ခြေသံကြောင့်လိုက်သွားမိသည်။ ပိုင်စိုးနှင့်စကားပြောနေပြီး ပိုင်စိုးစကားကြောင့် မိုခမ်းဒေါသထွက်ကာ ပါးချလိုက်သည်။

"နင့်လိုလူကို အေးထွေးကလေးရဲ့အဖေ အနေနဲ့တာဝန်ယူခိုင်းရမှာ ရွံတယ် ...လာသွားမယ် ထွေးလေး သူလက်မခံလဲ...လက်ခံမယ့်သူရှိပြီးသား"

မိုခမ်း အေးထွေးကို လက်မှဆွဲခေါ်ကာ အခန်းထဲသို့ဝင်သွားသည်။

'အေးထွေး သူ့အစ်မရဲ့ စကား ဘာကိုဆိုလိုမှန်းနားလည်သည်။ ကိုသူရိန်နဲ့လက်ထပ်ပေးနေ၏။ အေးထွေး လက်မထပ်ချင်ပေ။  ကိုသူရိန်ကရော သူ့ကိုလက်ထပ်မည်လား။ လက်ထပ်ခဲ့မယ်ဆိုရင်တောင် မွေးခါနီးသူ့အမျိုးသားရှိသည်မဟုတ်လား။ ကိုသူရိန်ကလည်း လက်ခံမည်မဟုတ်။ ကိုစိုးဖျက်ချခိုင်းတယ်ဆိုတာ သူရုတ်တရက်မို့ ပြောလိုက်တာအေးထွေးနားလည်သည်။ ဒါပေမယ့် သူဝမ်းနည်းမိ၏။လူကြီးတွေကလည်း သူတို့ဖြစ်ချင်တာပဲသိတယ်။ မမခမ်းကလည်း နည်းနည်းလေးမှ ကိုယ်ချင်းစာမယ်မရှိဘူး။ အိမ်ကိုစိတ်ကုန်တာ ဒါတွေလည်းပါသည်။  သတ်သေချင်စိတ်ပါ ပေါက်လာ၏။  ကိုစိုးကလည်း စားပြီးနားမလည် လုပ်နေသည်လား။ ' အေးထွေး စိတ်ထဲ မကျေနပ်မှုပေါင်းများစွာ ဖြစ်ကာပြောနေသည်။

"ထွေးလေး ဒီကိစ္စ မေသောင်းတို့ရှေ့ တစ်ခွန်းမှ မဟမိစေနဲ့  ကြားလား!"

အေးထွေး စကားမပြန် ပိုင်စိုးစကားကြောင့် ဝမ်းနည်းစွာ မှိုင်နေသည်။ မိုခမ်း အေးထွေးကိုစကားပြောပြီး အခန်းမှထွက်ကာ ဒေါ်သောင်းဆီသို့သွားလေသည်။ ဧည့်ခန်း၌ ခေါင်းငုံ့ကာ ဒေါ်သောင်းပြောသမျှကို မျက်ရည်များပြည့်လျက် နားထောင်နေသော နီသော်၏ပုံစံကြောင့် ဝမ်းသားပြုံးပြုံးကာ...

"ကိုယ့်နေရာ ကိုယ်မသိတော့  သိအောင်ပြောပြတဲ့လူကြီးတွေက လူဆိုးဖြစ်ရတယ်...ဟွန့် "

မိုခမ်း မျက်နှာမဲ့ပြီး နှုတ်မှရေရွတ်လျက် နှာမှုတ်ကာ နီသော်မျက်နှာကို ဧည့်ခန်းအပြင်ဘက်မှရပ်ကြည့်နေသည်။

နီသော် အိမ်အပေါ်ထပ်တက်လာပြီးနောက် ခြံဝန်းထဲ သူရိန့်ကားရောက်လာသည်။ မိုခမ်း မှန်ပြတင်းပေါက်မှ သူရိန့်ကားကိုမြင်လိုက်ကာ ဒေါ်သောင်းကို သူ့အကြံစည်တစ်ခုပြောပြလိုက်သည်။  စက္ကန့်ပိုင်းခန့်အကြာတွင် သူရိန်အိမ်ထဲဝင်လာသည်။ ဒေါ်မော်အေး မိုခမ်းပြောသည့်အတိုင်း သူရိန်လင်းအား အိမ်တံခါးပေါက်ဝနားစောင့်ကာ ဒေါ်သောင်းကျန်းမာရေး ဖောက်ပြန်လာသည်ဟု ပြောလိုက်သည်။ သူရိန်လင်း ဒေါ်မော်အေးစကားကိုကြားပြီး အလောတကြီးပင် သူ့အဖွားအခန်းထဲသို့ ဝင်သွားသည်။ ဒေါ်သောင်း ကုတင်ပေါ်တွင် အသက်မှေးမှေးရှူလျက် မျက်လုံးမှိတ်ကာ လှဲလျောင်းနေသော အနေအထားကို သူရိန်သွားကာ စိုးရိမ်ပူပန်သော အသံကဆိုလိုက်၏။ မပူပင်လို့မရ။ သူ့မိဘတွေမရှိတော့တည်းက သူဆိုးသမျှ၊ ဂျစ်တိုက်သမျှကို သည်းခံချစ်ပေးသော တစ်ဦးတည်းသာရှိတဲ့အဖွားဖြစ်ကာ ဆုံးရှူံးမခံနိုင်သေးပေ။

"ဖွား ဘယ်လိုဖြစ်တာလဲ..."

ဒေါ်သောင်း သူရိန့်အသံကြောင့် မျက်လုံးဖြေးဖြေးဖွင့်လာပြီး မိုခမ်းဇာတ်တိုက်ပေးထားသော အကြောင်းအရာများ မေ့သွားမည်ဆိုးသဖြင့် တရစပ်ပြောတော့၏။

" အင်း...သွေးနဲနဲတိုးတာပါ...နီသော်ကို အပြစ်မတင်ပါနဲ့...ဖွားကကောင်းစေချင်လို့ ဒီတိုင်းလေးဆုံးမစကား ပြောတာပါ သူကကိုယ်ဝန်ဆိပ်ကြောင့်နေမှာ ဒေါသထွက်လာပြီး ဖွားကို တွန်းလှဲလိုက်ပြီးတော့ ထွက်ပြေးသွားတယ်...သူ့ကိုအပြစ်မယူပါနဲ့မြေးရယ် ဖွား ဘာမှမဖြစ်ဘူးရယ်"

မောဟိုက်နေသလိုအသံဖြင့် သဘောထားကြီးဟန်နှင့် ခွင့်လွှတ်ပေးသလို နီသော်အပေါ် သူရိန့်ကိုစိတ်ဝမ်းကွဲအောင် တမင်ဆွပြောနေသည်။ ဒီကြားထဲ ဒေါ်မော်အေးပါ မီးလောင်ရာလေပင့်သလို နီသော် ဒေါ်သောင်းကို တွန်းလိုက်သည်ကိုမြင်လိုက်ကြောင်း ဝင်ပြောသေး၏။ အိမ်အကူသန္တာပါ ဒေါ်မော်အေးစကားကို ထောက်ခံသလိုလုပ်နေသည်။ မိုခမ်းတံခါးပေါက်ဝနေရာကနေ ကြည့်နေသည်။ မျက်နှာထက် လှောင်ပြုံးလျက်။ စိတ်ထဲ၌လည်း ဒေါ်သောင်းကိုထိန်းချုပ်၍ရလျင် သူ့ဖြစ်တာလုပ်လို့ရသည်ဟူသော သဘောဖြင့် အပျော်ကြီးပျော်နေသည်။ မိုခမ်း သည်ကိစ္စတစ်ခုတည်းနှင့် ကျေနပ်နေမည်မဟုတ်ချေ။

'ဟုတ်တယ်လေ တစ်ချက်ခုတ်နှစ်ချက်ပြတ်ပဲ...ဟား...ဟား'

သူရိန် သူ့အဖွားပြောသမျှကို အံသြတသသဖြင့်မျက်မှောင်ကြုတ်ကာ နားထောင်နေသော်လည်း  စိတ်ထဲ၌ မဖြစ်နိုင်သည်ကိုလည်း အကြိမ်ကြိမ်တွေးလျက်။ ဒေါ်မော်အေး သူရိန့်မျက်နှာအမူအရာကြောင့် သူရိန်လွယ်လွယ်နဲ့ မယုံသည်ကိုသိသောကြောင့် လုပ်ကြံထားသော ဗီဒီယိုအတိုလေးကို ပြလိုက်သည်။  သူရိန်အ,အ မဟုတ်၊ နီသော်ကို အကုန်ပေါင်းကြံသည်ကို ရိပ်မိလာ၏။ သို့သော် သူရိန် အနည်းငယ်အံ့သြသည့်ပုံတော့ ပြလိုက်၏။   နီသော် သူ့အဖွားပြောသလို  လုပ်မည်မဟုတ်။ လူကြီးသူမကို ရိုင်းစိုင်းစော်ကားသည့် အပြုအမူမျိုး  နီသော်လုပ်သည်ကမဖြစ်နိုင်။ အဖွား နီ့ကိုမကြည်ဖြူလို့သာ  ပြောဆိုသည်ဟု သူရိန်မှတ်လိုက်သည်။

"မဖြစ်နိုင်တာ...."

"လင်းလင်း သက်သေတစ်ခုလုံး ရှိနေတာတောင်မှ ဟိုကောင်လေးဘက်ကပဲလား...ဒီမှာမေသောင်းတစ်ယောက်လုံး ဒီလိုဖြစ်နေတာ  မယုံဘူးလား..."

ဒေါ်မော်အေး  သူထင်ထားသလို သူရိန်လင်း စိတ်မပေါက်ကွဲလာသောကြောင့်  သူ့
ယောက္ခမအတွက် စိတ်ပူပေးသလိုနှင့်   မြေးအဖွား၂ယောက်ကြား ရန်တိုက်စကားပြောနေသည်။

သူရိန်  ဒေါ်မော်အေးပြသော recordကိုကြည့်ပြီးနောက် လေးပင်းစွာခေါင်းခါရမ်းလိုက်ကာ...

" ဒီသက်သေတစ်ခုတည်းနဲ့ ဟိုဘက် ဒီဘက်ပါတယ်ပြောရအောင် ဒီသက်သေက ဘယ်လိုရိုက်ထားတာမို့လို့လဲ...နီသော်တွန်းမယ်မှန်းသိလို့  ကြိုတင်ပြင်ဆင်ထားတာလား...ဒါမှမဟုတ် ကိုယ်လုပ်ထားခဲ့တဲ့ကိစ္စကို သူများကိုချောက်ချချင်နေတာလား"

သူရိန် တစ်ဖက်စောင်းနင်းပြောနေသူ အဒေါ်မော်အေးအကြောင်း သိကာ သက်သေပြစရာမရှိသေး၍သာ ငြိမ်နေရပြီး ယခုပြောလက်စရှိတော့ အပေါ်အင်္ကျီကုတ်ချွတ်ရင်း အေးစက်စက်မျက်ဝန်းတစ်စုံဖြင့် ကြည့်ကာ  ဆိုလိုက်၏။ ဒေါ်မော်အေး  သူရိန့်စကားကြောင့်  လိပ်ပြာမလုံဖြစ်နေသည်။  သူရိန်သူ့အဖွားအား စကားဆက်ပြော၏။

" အဖွား ရင်းနှီးတာနဲ့ပဲ  ပြောသမျှ သိပ်ယုံမလွယ်ပါနဲ့...ဒါပဲ သားပြောပါရစေဖွား...နေကောင်းအောင်နေပါ ခဏနေရင် ဦးမိုးလာတော့မယ်"

မည်သည့်စကားမျှထပ်မပြောတော့။ ဒေါ်သောင်းလည်း  ဒေါ်မော်အေး၏ဆေးအရှိန်ကြောင့် တဖြည်းဖြည်းမိန်းမောလျက်။

ခဏကြာတွင် သူရိန် ဦးမိုးဆေးချိတ်ပေးထားသောအရှိန်ဖြင့်မှေးနေသည်အထင်နှင့် အခန်းမှထွက်လာပြီး အပေါ်ထပ်မြန်မြန်တက်သွားလိုက်၏။ သူရိန် စိတ်လေးရင်တစ်ခုမဟုတ်တစ်ခုဖြစ်တတ်သောကြောင့် အိမ်ကိုမြန်မြန်ပြန်လာခြင်းပင်။ အရင်တစ်ခေါက်လို ပေါ့ပေါ့မတွေးရဲ။ နီသာတစ်ခုခုထပ်ဖြစ်ရင် သူရိန် သူ့ကိုယ့်သူ ဘာလုပ်မိမယ် ဆိုတာမတွေးနိုင်တော့။ နီ့ အားစောင့်ရှောက်ပေးမည်ဆိုတာ ယခုထိသူ မစွမ်းဆောင်နိုင်သေး။  မည်သည့်အနှောင့်အယှက်မှမရှိစေချင်။

နီသော် စာချုပ်ကို အသည်းသန်ရှာရင်း အိပ်ယာပေါ် ၊ကုတင်ခြေရင်း၊အဝတ်ဘီဒို အကုန်လုံး၌ နီသော်ဖွထားသော ပစ္စည်းများနှင့်ပြည့်နေသည်။ မျက်နှာထက် မျက်ရည်များပြည့်လျှံလျက် နှာတရှုံ့ရှုံ့ဖြစ်နေပြီး လက်သွယ်သွယ်က သူ၏ ကလေးလေးရှိသောနေရာကို ကိုင်ထားလျက် ရှာနေသည်။ အဝတ်အိတ်အောက်ဆုံးက အနီရောင်ဖိုင်လေးယူနေရင်း အနောက်ကထွက်လာသော မမာမတင်း အသံကြောင့် နီသော်ကိုယ်လေးတုန်သွား၏။ နီသော် ယူမယ့်ဖိုင်ကိုပြန်ထည့်ထားပြီး အသံရှိရာကိုလှည့်ကြည့်လိုက်သည်။ တစ်ခန်းလုံး နီသော်ဖွထားသည်များကို လှည့်ပတ်ကြည့်ပြီး နီသော့်ကို မျက်လုံးစိမ်းဖြင့်ကြည့်နေသော သူ့ခင်ပွန်းသူရိန်ကိုတွေ့လိုက်ရ၏။ နီသော့်အထင် တစ်ခန်းလုံးကို ပစ္စည်းများဖွထား၍  သူရိန်မျက်လုံးစိမ်းဖြင့်ကြည့်သည်ထင်လိုက်သည်။ သူရိန့်အကြည့်သည် နီသော်ထင်သလိုမဟုတ်သည်ကို နီသော်မသိချေ။

"အာ...ကိုလင်း ပြီးရင် နီပြန်ရှင်းမှာပါ ပစ္စည်းတစ်ခုရှာနေတာ မတွေ့လို့...အဲ့လိုကြီး မျက်လုံးစိမ်းကြီးနဲ့ မကြည့်ပါနဲ့လား နီ မနေတတ်ဘူး"

နီသော် စောစောက ဒေါ်သောင်းစကားများကြောင့်ဝမ်းနည်းနေရာက သူရိန့်အကြည့်ကြောင့် စောစောကငိုချင်သလိုဖြစ်သောစိတ်ကို မထိန်းနိုင်တော့ဘဲ ငိုကာပြောလိုက်သည်။  

နီသော်ရဲ့ ပန်းရောင်သမ်းနေပြီး ဖြူဥဥပါးပြင်ကို သူရိန်ကြည့်ပြီး အူယားလာလျက် နီသော်နားသွားကာ ထိုပါးပြင်ကို နှုတ်ခေါင်းချွန်းချွန်းနစ်ဝင်သွားအောင် အားပါးတရနမ်းကာ ပွေ့ဖက်လိုက်သည်။ 

'နီသော် သူ့အားဆူပူမယ်ထင်ပြီး  ငိုမဲ့မဲ့မျက်နှာကို သူရိန်မြင်လိုက်ချိန်တွင် စိတ်ထဲမကောင်းမိ။ နှလုံးသားတစ်ခုလုံး ဆွဲစုတ်ခံရသလို။ နီသော့်မျက်နှာ မဲ့တာလေးတစ်ခုနဲ့တင် သူရိန်မခံစားနိုင်။ သူ့အနား နီသော်မရှိကြည့်ပါလား။ သူရိန် မည်သို့ ဖြစ်မည်ကိုမသိတော့။   ပြဿနာ ဒီထက်တက်မလာခင် နီ့ ကို သုခမြိုင်စံအိမ်ဆီပြန်ခေါ်သွားရမည်။  ရောက်တာတစ်ရက်မပြည့်သေးပေမယ့်  ပြန်ဖို့  ဖွားသောင်းကိုပြောရပေမည်။ အဖွားခွင့်မပြုရင်လည်းသူ မတတ်နိုင်တော့။    မမွေးသေးတဲ့ကလေးလေးတွေရဲ့ အနာဂတ်ကိုလည်း  သူ့ထည့်တွက်ရမည်' ဟုသူရိန် လေးလေးနက်နက်တွေးနေ၏။

"မျက်လုံးစိမ်းနဲ့ကြည့်တာမဟုတ်ပါဘူး  စိတ်ပူလို့ပါ"

"ကိုလင်း စားခဲ့ပြီလား...မစားရသေးရင် နီပြင်လိုက်မယ်"

နီသော် သူ့အား အခန်းပေါက်ဝကနေ မျက်လုံးစိမ်းဖြင့်ကြည့်ပြီး  ရုတ်တရက်လာဖက်ကာ နမ်းရှိုက်နေသူကြောင့် စောစောက ဝမ်းနည်းသည့်စိတ်များ မရှိတော့ဘဲ တစ်ဆက်ထဲ ငယ်ငယ်ကယာဥ်တိုက်မှုအကြောင်းခေါင်းထဲဝင်လာပြီး စိတ်မကောင်းဖြစ်နေ၏။

"ကဲ့ကြည့် လူကဖြင့်ဗိုက်ကြီးနဲ့ တစ်ယောက်ထဲတောင်မဟုတ်ဘူး...အထဲမှာနှစ်ယောက်တောင် နော် သက်သာအောင်နေပါ  နီရဲ့..ဒေါ်ရှိန်းတို့ကိုလုပ်ခိုင်းလည်းရရဲ့သားနဲ့"

"နီက လုပ်ပေးချင်တာကို"

"ကဲ့ ...အဲ့လိုဆိုလည်း ကိုရေချိုးပြီးတဲ့ အထိစောင့်  အောက်အတူတူဆင်းမယ်နော်"

သူရိန်  အလုပ်အတင်းလုပ်ချင်နေသော  သူ့အမျိုးသားလေးကို မတားတော့။  နီသော်တစ်ယောက်ထဲ အောက်ထပ်ဆင်းသွားမည်စိုးသဖြင့် တားရသေး၏။  မတားလို့မရ။   အောက်ထပ်ကလူတွေက စိတ်ချရသည်မဟုတ်။ တစ်ခုခုပြောလိုက်မှဖြင့် သူရင်ကျိုးရချည်ရဲ့။

နီသော် သူရိန်လင်းရေးချိုးပြီးပြီးချင်း ညစာစားရန် အဆင်သင့် ဖြစ်စေချင်သည်။  နီသော် သူရိန် ရေချိုးပြီးသည် အထိမစောင့်ဘဲ ညစာပြင်ရန် အောက်ထပ်သို့ ဆင်းသွားလိုက်သည်။ လှေကားမှဆင်းဆင်းချင်း  ဟန်ဆောင်မျက်နှာဖုံးများဖြင့် မပြုံးချင်ချင်မျက်နှာနှင့်  ဒေါ်မော်အေးက ပြုံးပြနေ၏။   နီသော့်နောက်သူရိန်လင်းပါသည် အထင်နှင့် ပြုံးပြနေလျက်  မတွေ့မှ  ဝမ်းသာသွားဟန်နှင့်။ 

နီသော် ဗိုက်ကိုအသာထိန်းပြီး ဖြေးဖြေးချင်းလျှောက်ကာ  မီးဖိုခန်းသို့ဝင်သွားသည်။  ကြည်ဥနှစ်လုံးကို ခေါက်ကာ ကြက်သွန်ပါးပါးလှီးပြီး မွှေကြော်ကြော်လိုက်သည်။ ပြီးနောက် ထုံးစံအတိုင်းလက်ဖက်ရွက်နုနုကို အဆပလာအစုံနှင့်သုပ်လိုက်ပြီး ထမင်းပူပူကိုခူးကာ စားပွဲပေါ်ပြင်ထားလိုက်သည်။ သူရိန်လင်း ဆင်းမလာသေးသောကြောင့်  ပြင်ဆင်ထားသောပန်းကန်များကို အုပ်စောင်းဖြင့်အုပ်ထားကာ အပေါ်ထပ်သို့ ပြန်တက်လေ၏။

  နီသော် မီးဖိုခန်းမှထွက်စဥ် ရေတစ်ခွက်ကိုဗန်းပေါ်တင်ထားပြီး  ထိုဗန်းကိုကိုင်ထားသော ဒေါ်မော်အေး  သူ့အားပြုံးပြနေသည်။ နီသော်လည်းပြန်ပြုံးပြလိုက်ပြီး  အပေါ်ထပ်သို့ သွားရန် ခြေလှမ်းလိုက်၏။  ခြေလှမ်းလိုက်သော်လည်း  အင်္ကျီမှာတင်းခနဲဖြစ်နေ၍ အနောက်ကိုလှမ်းကြည့်လိုက်သည်။  နီသော့်င်္ကျီကို ဒေါ်မော်အေး ဆွဲထားခြင်းဖြစ်သည်။  ဒေါ်မော်အေး နီသော့်ကို သကာရည်ထက်ချိုသောအပြုံးဖြင့် လုပ်ပြုံးကာ   သူ့လက်ထဲမှဗန်းကို နီသော်ထံ ထိုးပေးနေသည်။  ဒေါ်မော်အေးနှုတ်မှ တစ်ခွန်းမျှမဟ 'ရော့ယူစမ်း' ဟုမပြောယုံတစ်မယ်ရှိမည်။  နီသော်ထင်လိုက်သည်က သူ့အား ရေတိုက်သည်ပင်။   သောက်ရန် ခွက်ကိုလှမ်းလိုက်သည်။ ဒေါ်မော်အေးက အမြန်ပင်  လက်ကိုပုတ်ချလိုက်၏။

'အလိုလေး...သူလုပ်တာနဲ့ ငါ့အကြံအစည်တွေပျက်ကုန်တော့မှာပါလား'

ဒေါ်မော်အေး အံ့ကြိတ်ကာတွေးနေ၏။  နီသော် ထိုရေကိုသောက်လို့ တစ်ခုခုဖြစ်ရင်  သူလုပ်သမျှ ရေစုန်မျောလိမ့်မည်။

" နီ သောက်ဖို့မဟုတ်ဘူးလား "

နီသော် ထုံပေပေ ချစ်စဖွယ်ဟန်ဖြင့်  မေးလိုက်သည်။

"ငါမအားလို့... မေသောင်းဆီကို နင့်ကို သွားပို့ခိုင်းမလို့  လမ်းကြုံယူသွားပေးပါဦး"

ဒေါ်မော်အေး မျက်နှာကသာ ချိုအီနေ၏။ စကားဘောက်ဆပ်ဆပ်နှင့် ပြောလိုက်ကာ အတွင်းစိတ်က  အလိုက် နလိုက်တာဟု ကျိန်ဆဲနေသည်။

"အာ...ဟုတ် အပေါ်တက်ရင်း ပို့ပေးလိုက်ပါ့မယ်" ဆိုလိုက်ပြီး နီသော်ယူလာလိုက်ကာ ဒေါ်သောင်းအခန်းထဲက  ကုတင်ဘေးက ခုံလေးပေါ်တင်ထားပြီးပြန်ထွက်လာလိုက်သည်။  ပြီးနောက်အပေါ်ထပ် သူ့အခန်းသို့ လှေကားမှ ဖြေးဖြေးချင်းတက်သွားလိုက်၏။  နီသော်အခန်းတံခါးဖွင့်လိုက်တော့  သူရိန်လင်းရဲ့ စိုးရိမ်မှုပြည့်နေသောမျက်လုံးများဖြင့်ကြည့်တာ ခံလိုက်ရသည်။ ထိုအကြည့်ကြောင့် နီသော် မျက်နှာချိုသွေးကာ  သူရိန်လင်းနားသွားကာ ကပ်ချွဲနေ၏။

သူရိန်  ရေးချိုးခန်းမှထွက်လာချိန် အခန်းထဲ၌ နီသော်ကိုမတွေ့ကာ  စိုးရိမ်လျက်လိုက်ရှာမိ၏။ သူရိန် ခါးတွင်တဘက်ဖြူပတ်ထားလျက်သား အင်္ကျီတောင်မလဲနိုင်၊ အခန်းထဲမတွေ့တော့  ဝရံတာဘက်၌ သွားကြည့်၏။ မတွေ့ပေ။  အခန်းထဲပြန်ဝင်လာတော့ အခန်းတံခါးပေါက်ဝမှာ  မသိအောင်ခိုးလုပ်တော့ မျက်နှာငယ်လေးနှင့် လူကို မျက်နှာချိုလာသွေးနေသည်။ သူရိန် နီသော်ကိုမြင်မှ စိတ်အေးသွားသလို "ဟူးခနဲ" သက်ပြင်းချလိုက်သည်။ နီသော် သူရိန်မသိအောင် တစ်ခုခုလုပ်ရင် ထိုမျက်နှာဘေးအတိုင်းပင်။

"ပြောစကားနားမထောင်ဘူး"

သူရိန်ခေါင်းမှရေ တဘက်ဖြင့်သုတ်ရင်း လှမ်းဆူလိုက်၏။ နီသော် ကုတင်ခေါင်းရင်းကို မှီကာ ရယ်နေလေ၏။

"လာ နီ သုတ်ပေးမယ်"

သူရိန် နီသော်ထိုင်နေရာသို့သွားလိုက်သည်။

"လင်းလင်း!!!"

ခဏကြာတော့ အောက်ထပ်မှ သူရိန်လင်းအား ငယ်သံပါအောင် ဒေါ်မော်အေး၏ အော်ခေါ်သံကြောင့် အင်္ကျီလဲကာ အောက်ထပ်သို့ ဆင်းသွားလိုက်သည်။

"လင်းလင်း လုပ်ပါဦး မမသောင်းကို နှိုးလို့မရဘူးဖြစ်နေတယ်..."

သူရိန် ဒေါ်မော်အေးစကားကြောင့် မေသောင်းဘေးသွားကာ လှုပ်နိူးလိုက်သည်။ မည်သည်မျှမတုန့်ပြန်လာ။   လက်ဖဝါး ခြေဖဝါးတို့လည်း အေးစက်နေ၏။

" ညနေကမှ ဆေးချိတ်ထားတယ်မဟုတ်လား...ဆေးရုံကိုဖုန်းဆက်ထားလိုက်"

ထိုစကားကြောင့် ဒေါ်မော်အေး သူရိန်လင်းမသိအောင်ပြုံးလိုက်ကာ တမင်သက်သက်ဆေးရုံကိုဖုန်းမဆက်သေးပဲ  စောစောက နီသော် အခန်းထဲသို့ဝင်ခဲ့သည့်အကြောင်းကို ပြောလိုက်သည်။

" သားလင်းလင်း အပေါ်တက်သွားပြီးနောက်တော့  သားရဲ့ကောင်လေးက ရေခွက်တစ်ခွက်နဲ့  မေသောင်းအခန်းကို  ဝင်သွားတာတွေ့လိုက်တယ်...အဲ့နောက်ပိုင်း...မေ..မေသောင်းလည်းဒီလိုဖြစ်သွားတာပဲ"

ဒေါ်မော်အေး နီသော့်ကိုခိုင်းသည့်ကိစ္စကို  မပြောဘဲ  နီသော်ကြောင့်ဖြစ်ရသည့်ပုံစံနှင့် လိမ်လည်စကားဆိုသည်။  သူ့ဆေးကြောင့် ဒေါ်သောင်း ကျန်းမာရေးဆိုးဝါးလာသည်ကိုသိသော်လည်း နီသော့်ကို သူ့အကြံအစည်တိုင်း ချောက်ချပြောလိုက်သည်။  ဒေါ်သောင်းသေရင် အမွေကိစ္စသူချယ်လှယ်ချင်သလို  ချယ်လှယ်၍ရသည်ဟု  သူ၏တစ်ဖက်သတ် တိမ်နေတဲ့အတွေးဖြင့် တွေးလျက်။  ထိုလောဘက သူ့အား တဖြည်းဖြည်းဝါးမြိုနေကာ ဒုက္ခရောက်စေမည်ကို မမြင်တော့ပေ။

သူရိန်လင်း  သူကြားလိုက်ရသောစကားကြောင့်   သူ့အဖွားကိုကြည့်ရာကနေ ဒေါ်မော်အေးအား' သူပြောသည့်အတိုင်း ဟုတ်ရင်ဟုတ် မဟုတ်လို့ကတော့ တွေ့ကြသေးတာပေါ့ ' ဟူမျက်ဝန်းစူးစူးဖြင့်  အကြည့်လွှတ်လိုက်သည်။ ထိုအကြည့်ကြောင့် မလုံမလဲဖြစ်ကာ အမြန်ပင် အမူအယာ ပြန်ထိန်းလိုက်သည်။  သူရိန် ကားထုတ်ကာ  ဒေါ်သောင်းအား ဦးမိုးရှိရာဆေးရုံကို အမြန်ပို့လေသည်။  ဒေါ်မော်အေးနှင့်အတူ အိမ်အကူသန္တာပါလိုက်လာခဲ့သည်။

"သူရိန် သားအရောက်မြန်လို့ပေါ့...နို့မို့ဆို  မေသောင်းရဲ့အသက်ကိုဆုံးရှုံးရတော့မလိုပဲ...ဒါနဲ့ ဘယ်လိုဖြစ်လို့  သတိလစ်တဲ့ထိဖြစ်သွားရတာလဲ"

" နီသော် ရေတစ်ခွက်နဲ့ မေသောင်းအခန်းထဲ ဝင်သွားပြီးတဲ့နောက်မှာ ဒီလိုဖြစ်သွားတာပဲ ဦးမိုးရေ..."

ဦးမိုး ဒေါ်သောင်းကိုဆေးစစ်ပြီးကာ  သူရိန့်အား လူနာ့အခြေအနေများပြောပြနေသည်။ သူရိန် ကြားနေသော်လည်း ကျောက်ရုပ်လိုဖြစ်နေသည်။ တုတ်တုတ်မျှမလုပ်ချေ။ သူ့အဖွားသောင်းလှဲနေသော ကုတင်ကိုကြည့်နေပြီး တစ်စုံတစ်ရာကို လေးလေးနက်နက်စဥ်းစားနေသည်။

ဆရာဝန်အမေးကို  သူရိန်မပြောခင် ဒေါ်မော်အေးကြားမှ  ဝင်ပြောလေသည်။ ဒေါ်မော်အေးမှာ ပြောသာပြောရတာ    သူရိန်လင်းရဲ့မျက်နှာရိပ် မျက်နှာကဲလှမ်းကြည့်ရသေး၏။     ဆရာဝန်ဦးမိုး  အံ့သြကာ နားထောင်ရုံမျှနားထောင်နေ၏။ မိသားစုလိုဖြစ်နေသော  ဦးမိုးမှာ ထိုပြဿနာကို ကောင်းသည်၊ဆိုးသည် တစ်ခွန်းမှမဟချေ။

နာရီပိုင်းအကြာ ဒေါ်မော်အေးတို့ ဆေးရုံလူနာစောင့်ကျလေသည်။ သူရိန် သူ့အဖွားအခြေနေစိတ်ချရပြီးနောက်  အိမ်သို့ပြန်လာ၏။ 

"ကိုလင်း  ဖွားသောင်း ဆေးရုံတင်လိုက်တယ်ဆို...ဘယ်လိုဖြစ်တာလဲ... နီ  ရေသွားပို့တုန်းကတောင် အိပ်နေပြီလားလို့... "

နီသော်  သူရိန်အိမ်ပြန်ရောက်တော့  စိတ်ပူကာ အခြေနေကိုမေးလိုက်၏။  သူရိန်  ထိုစကားကြောင့်  နီသော်ကို  ကျဥ်းမြောင်း ခက်ထန်ဟန်ရှိသောမျက်ဝန်းတစ်စုံဖြင့် စူးစူးရဲကြည့်လိုက်ကာ စကားတစ်ခွန်းမှမပြောဘဲ   သူတို့အခန်းရှိရာတက်သွားသည်။   သူရိန် အခန်းထဲရောက်တော့  စောစောကလိုရှုပ်ပွမနေ။  နီသော်ပြန်ရှင်းထားသည်တူ၏။ သူရိန် အဝတ်အိတ်ပြင်ရင်း စိတ်ရှုပ်စွာ 'ဗိုက်ကြီးသည်က ဗိုက်ကြီးသည်လို နေမယ်မရှိဘူး  ...ပင်ပန်းတာတွေလျှောက်လုပ်နေတယ်'   စိတ်ပူကာ တစ်ကိုယ်ကြားရေရွတ်လိုက်သည်။ သူရိန် ဒေါ်သောင်းအိမ်တွင် ဆက်နေလျှင် ဘာပြဿနာထပ်တက်မည်ကိုစိုးကာ အဝတ်အိတ်များယူပြီး  နီသော်နဲ့အတူ သုခမြိုင်စံအိမ်ကိုသာ ပြန်သွားကြသည်။ 

အိမ်ပြန်သည့်လမ်းတစ်လျှောက်လုံး သူရိန်  စကားတစ်ခွန်းမျှမပြော။ ညဘက်ဖြစ်သောကြောင့် ကားကိုသာ ဂရုတစိုက်မောင်းနေသည်။   နီသော်လည်း ဘာမျှမပြော မမေးချေ။ သူရိန်လင်းဆေးရုံရောက်နေခိုက်  နန်းမိုခမ်းပြောသည်များကို တွေးလျက် စိတ်ထဲဝမ်းနည်း နေ၏။

လွန်ခဲ့သောမိနစ်က....

"ဒေါက်...ဒေါက်..."

နီသော် အခန်းထဲပစ္စည်းရှင်းနေရင်း အခန်းတံခါးခေါက်သံကြောင့်  တံခါးဖွင့်ကာ ကြည့်လိုက်သည်။

"အော်...မခမ်း  ဘာကိစ္စရှိလို့လဲ"

နီသော်၏ချိုမြလှသောအသံဖြင့်  တိုးညှင်းစွာမေးလျက်။

" အေးထွေးက ကိုယ်ဝန်၃လလောက်ရှိနေပြီ...တဖြည်းဖြည်းနဲ့  ဗိုက်ကထွက်လာတော့မှာ  ကလေးဖအေကလည်း  ကိုယ်ဝန်ရှိတာမသိဘူး... သိခဲ့ရင်တောင်လက်ခံပါ့မလားမသိဘူး... သူ့မှာလည်း မွေးခါနီးလူတစ်ယောက်ကရှိသေးဆိုတော့လေ...မခမ်းလည်းဘယ်လိုလုပ်ရမှန်းမသိတော့ပါဘူး ...လင်ကောင်မပေါ်ပဲမွေးကြည့် ဖေဖေနဲ့မေမေတာသိရင် မလွယ်ဘူး ...အဲ့ဒါ  နီသော့်ကိုလာ တိုင်ပင်ကြည့်တာ ဘယ်လိုလုပ်ရမလဲဟင်"

မိုခမ်း  နီသော်မျက်နှာထားကိုကြည့်လျက် စိတ်မကောင်းဟန်မျက်နှာနှင့် တစ်ယောက်ယောက်နဲ့စကားလုပြောနေရသလို ပြောလေ၏။  ကလေးဖအေ ပိုင်စိုးဆိုတာကိုသိသိရက်နှင့် နီသော့်ကို သက်သက် စိတ်ဒုက္ခပေးခြင်းပင်။ မိုခမ်း ပြောသည့် ဆိုလိုရင်းကို နီသော်သိ၏။ မိန်းကလေးတစ်ယောက်၏  သိက္ခာလည်းရှိသေးသည်ဖြစ်ရာ   မည်သို့ပြန်ပြောရမည်ကို မစဥ်းစားတတ်ဖြစ်နေသည်။ 

"မအေးထွေးကို ကလေးအဖေနဲ့တွေ့ခိုင်းကြည့်ခိုင်းပေါ့...အိမ်ကလူကြီးတွေကိုအသိပေးလေ မခမ်းရဲ့ အချိန်လွန်သွားမှ ဆိုမကောင်းဘူး"

မိုခမ်း နီသော့်စကားကို စဥ်းစားဟန်ပြကာ...

"ဟုတ်တာပေါ့ အချိန်ဆွဲလို့ဘယ်ကောင်းမလဲ..မရတော့ အဲ့လိုလုပ်ကြည့်ရမှာပေါ့...ဒါနဲ့လေ  ညနေခင်းလောက်က ထွေးလေးဖုန်းပြောတာ ကိုသူရိန် ဆိုလားပဲ...အဲ့လိုပြောသံကြားလိုက်တာ...နီသော်ရော ကိုသူရိန် ခြေလှမ်းပျက်တာတွေဘာတွေ မရိပ်မိဘူးလား"

"မခမ်းမေးတဲ့ကိစ္စနဲ့ ဆိုင်လို့လား"

နီသော့်ကို သွားတော့မလိုနှင့်ဟန်ပြင်ပြီး ပြန်လှည့်ကာ  နီသော့်စိတ်မတင်မကျဖြစ်အောင်  အသိပေးသလိုနှင့်  သူရိန်လင်းကို အေးထွေးနဲ့ သူ့ကွယ်ရာဖောက်ပြန်နေကြသည်ဟူ၍ သံသယဖြစ်အောင် မျက်နှာပြောင်တိုက်ကာ ပြောဖြစ်အောင်ပြောလိုက်သေးသည်။  နီသော့်အား သနားသလိုအကြည့်မျိုးဖြင့်ကြည့်လျက်   သူပြောလိုက်နိုင်သည်ဟူသော မျက်နှာဘေးဖြင့် ဝမ်းသာနေသည်။     နီသော်ပြန်မေးတော့ မဖြေ။ မကြားသလိုနေနေ၏။

နီသော် မိုခမ်းစကားကြောင့် အလိုမကျသလို  ပြန်မေးလိုက်သည်။  ခဏနေတော့ မိုးထက် မိုခမ်းကို လာကြိုသွားလေသည်။
‘ကိုလင်းက ငါ့အနားပဲ အမြဲလိုလိုရှိနေတဲ့သူပါ'
နီသော် သူရိန့်ကိုယုံကြည်သော်လည်း  မိုခမ်းစကားကြောင့်  အနည်းငယ်တွေဝေသွားရ၏။
"နီ...နီ...နီသော်...နီသော်!..."
သူရိန် နီသော်ကို  အသံမြင့်ကာခေါ်လိုက်၏။  အိမ်ရောက်တာ နာရီဝက်ပင်ရှိပြီ။ ကားပေါ်မှ မဆင်းသေးပဲ အတွေးများကာ အိမ်ရောက်သည်ကို မသိသေးဘဲ  ထိုင်နေသူကို သူရိန်ပါ ကားစီယာတိုင်ကို လက်ထောက်ပြီး နီသော်ရဲ့ခပ်မှိုင်မှိုင်တွေးနေသည့်ပုံစံကိုငေးမောလျက် သူမြတ်နိုးသည့် နီသော့်မျက်နှာအစိတ်အပိုင်း တစ်ခုချင်းစီကို ကြည့်ရှုနေ၏။  သူရိန်မနေနိုင်တော့သည့်အဆုံး အိမ်ထဲဝင်ရန်ပြောရတော့၏။  စိတ်က တစ်စုံတစ်ခုကို အလိုမကျသလို ရှုပ်နေသည်။

"နီသော် ဘာတွေအဲ့လောက်တောင်များ စဥ်းစားနေရတာလဲ ...လာ အိမ်ပေါ်တက်မယ်"

နီသော် အိမ်သို့လာရာလမ်းတစ်လျှောက်  မိုခမ်းစကားကြောင့် တွေဝေနေ၏။ ပိုဆိုးသွားသည်က  သူရိန် စိတ်မရှည်သောလေသံဖြင့် အော်လိုက်ခြင်းပင်။  အခန်းထဲရောက်သည်ထိ ၂ဦးသားစကားမပြောကြ။  နီသော်ခြေလက်ဆေးကာ အိပ်ယာဝင်သွားလေသည်။  သူရိန်လည်း  စာဖတ်ခန်းတွင် လက်တော့ပ်တစ်လုံးဖြင့် အလုပ်ရှုပ်နေ၏။  ဒေါ်မော်အေးပြောသည်များကိုလည်း ယုံရခက်၊ မယုံရခက်ဖြစ်နေ၏။  အိမ်ထဲမှ လူသား၂ယောက်မှာ အတွေးကိုယ်စီဖြင့် တစ်ယောက်အကြောင်း တစ်ယောက်စဥ်းစားနေကြ၏။

LOVE BIRD (Completed) Where stories live. Discover now