06

6.1K 659 1
                                    

Unicode

မျက်လုံးပွင့်လာတာနဲ့ ရိပေါ် ပထမဆုံးလုပ်တာက ရှောင်းကျန့်ကို ကြည့်ဖို့။ အိပ်ခန်းတံခါးကို ဖွင့်လိုက်တော့ ရှောင်းကျန့်က တံခါးကိုကျောပေးပြီး အိပ်ပျော်နေတယ်။ ခြေသံတိုးတိုးနဲ့ အနားလျှောက်သွားလိုက်တယ်။ နဖူးပေါ်ဝဲကျနေတဲ့ဆံပင်အချို့ကို သပ်တင်ပေးပြီးတာနဲ့ အနမ်းဖွဖွလေးကပါ တစ်ပြိုင်နက်ရောက်သွားတယ်။

ရိပေါ် ရှောင်းကျန့်အိမ်မှာညအိပ်တိုင်း အမြဲဧည့်သည်ခန်းမှာပဲ အိပ်ဖြစ်တယ်။ ရိပေါ်ကလည်း အတူအိပ်ချင်တယ်မပြောသလို ရှောင်းကျန့်ကလည်း အတူအိပ်မယ်လို့မပြောဘူး။ နှစ်ယောက်လုံးက စည်းတစ်ခုကို လွယ်လွယ်ကျော်လိုက်တာကို လက်မခံချင်ကြတဲ့ထဲပါတယ်။

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ရှောင်းကျန့်ကို တစ်ချက်ကြည့်ပြီးတာနဲ့ ရိပေါ် ရေချိုးခန်းထဲကို ဝင်လိုက်တယ်။ ဧည့်သည်ခန်းမှာက ရေချိုးခန်းအပိုမရှိဘူး။
ပြန်ထွက်လာတဲ့အခါ ရှောင်းကျန့်က ကုတင်ပေါ်မှာမရှိတော့ဘူး။ ဆီကြော်သံကိုကြားရတာကြောင့် မီးဖိုခန်းထဲရောက်နေမှန်းသိလိုက်ပြီ။

ဟင်းချက်တာကို ကျွမ်းကျွမ်းကျင်ကျင် စိတ်နှစ်ပြီးလုပ်နေတဲ့ရှောင်းကျန့်ပုံစံက ရိပေါ်ကိုပိုပြီး ရှောင်းကျန့်အပေါ်နှစ်မြောစေတယ်။ ရေစိုနေတဲ့ခေါင်းကို လက်နဲ့နှစ်ချက်လောက် သပ်လိုက်ပြီးတဲ့နောက်မှာ ရှောင်းကျန့်က သူ့ကိုလှည့်ကြည့်နေခဲ့တယ်။

"ခဏထိုင်နေအုန်း"

ခပ်ပါးပါးလေးပြုံးလိုက်ပြီးနောက် အရှေ့ပြန်လှည့်ပြီးဆေးစရာရှိတာတွေဆေးနေတဲ့ရှောင်းကျန့်ဆီ လျှောက်သွားလိုက်တယ်။ ခါးကိုလှမ်းဖက်လိုက်တော့ လန့်ပြီး ကိုယ်တစ်ချက်တုန်သွားတာကို သတိထားမိလိုက်တယ်။  ပိုတိုးဖက်ပြီး လည်ပင်းနား ခွေးလေးတွေလို တအိအိနဲ့အနမ်းဖွဖွလေးတွေ ပေးနေတော့ ရှောင်းကျန့်က မနိုင်ဘူးဆိုတဲ့ပုံစံနဲ့ ခေါင်းခါပြီး ရယ်တယ်။

"ဖယ်တော့ ရိပေါ်"

ရှောင်းကျန့်စကားကို ရိပေါ်က အမြဲမဟုတ်ရင်တောင် နားထောင်တတ်ပါတယ်။ အရွက်သုပ်ပန်းကန်နဲ့ ပေါင်မုန့်ပန်းကန်ကို ယူပြီး စားပွဲမှာဝင်ထိုင်လိုက်တယ်။

Never Get It AgainWhere stories live. Discover now