Unicode
"ရှောင်းကျန့် ဒီမှာခဏနေအုန်း"
အုတ်ခုံတစ်ခုမှာ ထိုင်ခိုင်းထားပြီး ရိပေါ်က စတိုးဆိုင်တစ်ခုထဲ ဝင်သွားတယ်။ အမူးပြေအောင် ရေသောက်ခိုင်းဖို့ ရေဘူးဝင်ဝယ်တာ။ အဲ့လိုလုပ်မိတာဟာ မဟာအမှားပဲ။
"ရှောင်းကျန့်...."
ရေခဏဝင်ဝယ်တဲ့တစ်ခဏကို ရှောင်းကျန့်က နေရာကနေ ပျောက်သွားတယ်။ ရေဘူးထည့်ထားတဲ့အိတ်ကိုဆွဲပြီး ရိပေါ်မှာ ရင်တွေပူလောင်သွားရတယ်။
လမ်းတစ်လျှောက်လိုက်ရှာမိပြီးတဲ့နောက်မှာတော့ တွေ့လိုက်ရပါပြီ။ ဆိုင်တစ်ဆိုင်ရဲ့ဆိုင်းဘုတ်ဘေးမှာ ငုတ်တုတ်လေးထိုင်နေတယ်။ ပါးတစ်ဖက်ကို ဆိုင်းဘုတ်နဲ့ထိကပ်လို့ထားတယ်။ နှုတ်ခမ်းလေးကိုလည်း ဆူထားပြီး ဘူးမှုတ်နေလိုက်သေးတယ်။
"ရှောင်းကျန့် ရှာလိုက်ရတာကွာ"
ရိပေါ်ခေါ်လိုက်တော့ နီရဲနေတဲ့မျက်ခမ်းစပ်လေးတွေနဲ့ ပြူးပြူးလေးမော့ကြည့်လာတယ်။ အဟား....ဘာကောင်လေးလဲ။
"ရိ....ပေါ်...."
"အင်း ဘာလုပ်ချင်လို့လဲပြော"
အေးနေမှာစိုးတာကြောင့် ဝတ်ထားတဲ့ခေါင်းစွပ်အင်္ကျီကို ချွတ်ပြီးကိုယ်ပေါ်ဝတ်ပေးနေရသေးတယ်။ ယောင်တောင်တောင်လေးဖြစ်နေတာမို့ ရိပေါ်လုပ်သမျှ ပိစိလေးတွေလို ငြိမ်ခံနေတယ်။
"အိပ်..ချင်..တယ်.."
ပြောပြီး ဆိုင်းဘုတ်ရှေ့မှာတင် လှဲချဖို့လုပ်နေတဲ့အူရိုင်းလေး။ လွယ်အိတ်ကို ခေါင်းအုံးလိုပိုက်ထားလိုက်သေးတယ်။
"ရှောင်းကျန့် ဒီမှာ အော့အော့တွေ ၊ အိပ်လို့မရဘူး ၊ လာ...လာ..ထ...ထ..."
လှဲအိပ်နေတာကို ချိုင်းကနေ အတင်းထူပြီးမနေတဲ့ရိပေါ်ကြောင့် ရှောင်းကျန့်ရဲ့ခေါင်းက ကြမ်းပြင်ပေါ်ကနေ မြောက်တက်လို့နေတယ်။
"အိပ်ချင်ပါတယ်ဆိုနေ...."
အနုပညာသမားပီသစွာ တိမ်းမြှုပ်နေခဲ့လောက်တဲ့အဆိုစွမ်းရည်က ပေါ်ထွက်လို့လာတယ်။ အမြင့်သံစူးစူးကြောင့် လမ်းသွားလမ်းလာတွေတောင် ငဲ့ကြည့်လာတယ်။