Unicode
"ဘာလုပ်မယ်လို့ စဥ်းစားထားလဲ"
ကန်ရေပြင်စပ်ဘေး မတ်တပ်ရပ်လို့ မြစ်ကြောကိုငေးမောကြည့်နေတဲ့ ရိပေါ်က ရိရှင်းဘက်ကို တစ်ချက်စောင်းငဲ့ကြည့်လာတယ်။
အနက်ရောင်ပြောင် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားတာမို့ နှစ်ယောက်လုံးက ရှင်းသန့်နေပင်မဲ့ ရင်တွင်းကတော့ ပူလောင်လို့နေတယ်။
ဗလာမဲ့နေတဲ့မျက်နှာက ဘာကိစ္စမှမရှိခဲ့သယောင် ဟန်ဆောင်နေပင်မဲ့ တကယ်ပင်ပန်းခဲ့တာ ရိပေါ်မှန်း ရိရှင်းသိတယ်။ ဆေးရုံကိစ္စတွေဖြေရှင်းတာအစ သဂြိုလ်တာအဆုံး။ ပြာမှုန့်တွေကို မြစ်ရေပြင်မှာကြဲဖို့ကိုလည်း ရိပေါ်ကပဲစီစဥ်ခဲ့တာ။
"အလုပ်ထွက်မယ် ၊ ကျန်တာ စဥ်းစားမယ်"
တုန်းခနဲ တိခနဲဖြေနေတဲ့ရိပေါ်က သေသေချာချာစဥ်းစားပြီးနေတဲ့ပုံပေါက်တယ်။ ရိရှင်း ခေါင်းငြိမ့်လို့ ရိပေါ်နဲ့အတူတူပဲ မြစ်ရေတွေကို ငေးကြည့်နေတယ်။ သက်ပြင်းတစ်ချက်ချပြီးတဲ့နောက်မှာ အိတ်ကပ်ထဲက စာအိတ်ကိုထုတ်လို့ ရိပေါ်ဘက်ကမ်းလာတယ်။
"ရှောင်းကျန့် ပေးခဲ့တာ..."
စာအိတ်ညိိုညိုလေးကို တစ်ချက်စိုက်ကြည့်လို့ ယူလိုက်တဲ့ရိပေါ်က ခပ်မြန်မြန်ပဲ မြစ်ရေပြင်ကို ပြန်ကြည့်နေပြန်တယ်။ နှာရှုံ့သံတစ်ချက်တစ်ချက်ကြောင့် ရိရှင်း နှုတ်ဆက်လို့သာထွက်လာခဲ့တယ်။ သစ်ပင်အောက်တစ်ခုမှာ ငိုနေတဲ့လုယန်ကို နှစ်သိမ့်ဖို့အတွက်ပေါ့။
ရိပေါ်ရဲ့ခေါင်းထဲမှာ တရုတ်နိုင်ငံကနေ ဝေးနိုင်သမျှဝေးဝေးနေဖို့ပဲ စိတ်ကူးရှိတယ်။ ရှောင်းကျန့် မွေးခဲ့တဲ့နေရာ ၊ ကျောင်းတက်ခဲ့တဲ့နေရာ ၊ သူနဲ့တွေ့ခဲ့တဲ့နေရာ ၊ အလုပ်ခွင်ဝင်ခဲ့တဲ့နေရာ ၊ နောက်ဆုံးခေါင်းချတဲ့နေရာမှာ သူ လွတ်လွတ်လပ်လပ်နေဖို့ စိတ်မထားနိုင်ဘူး။
ဖွင့်လိုက်တဲ့စာအိတ်ထဲ စာရွက်ဖြူဖြူလေးပေါ်မှာ အရိုးရှင်းဆုံးစာရှိနေတယ်။
'ဝမ်ရိပေါ်....ကောင်းကောင်းနေခဲ့'
စာကြောင်းတစ်ကြောင်းလေးကပဲ စာရွက်အလယ်တည့်တည့်မှာ အခန့်သားရှိလို့နေတယ်။ ရိပေါ် စာရွက်ကို ပြန်ခေါက်ကို အင်္ကျီရင်ဘတ်တစ်နေရာက အိတ်ကပ်ထဲ ပြန်ထည့်လိုက်တယ်။ ဘယ်နှကြိမ်မြောက်မှန်းမသိတဲ့အကြိမ်ရေမြောက်နဲ့ မြစ်ရေပြင်ကို ပြန်ကြည့်ပြန်တယ်။
YOU ARE READING
Never Get It Again