"အစ်ကိုတို့လည်း မတတ်နိုင်ဘူး ညီလေး ၊ ကိုယ်ထိလက်ရောက်ကျူးလွန်နေတာမျိုးမရှိတဲ့အပြင် သေတမ်းစာရေးပြီး သတ်သေသွားတယ်ဆိုတော့....."
"ရှောင်းကျန့်..."
"ကျေးဇူး...တင်ပါတယ်...အစ်ကို"
လုယန်ခေါ်လိုက်တာကိုတောင် ဂရုမပြုနိုင်ဘဲ လက်ထဲက စာရွက်ကိုဆုတ်ချေလို့ စီစီတီဗီခန်းထဲက ထွက်လာလိုက်တယ်။
မြင်ခဲ့ရတာက မယုံနိုင်စရာ။ ရိပေါ်ရဲ့အဒေါ်ဖြစ်သူနဲ့ စကားပြောနေခဲ့တဲ့မား ၊ ထွက်သွားပြီး မကြာခင်မှာပဲ စာရွက်တစ်ရွက်ယူလို့ သေတမ်းစာဆိုသည့်ဟာကို ရေးတယ် ၊ ပြီးတော့....ပြီးတော့....ပြတင်းပေါက်မှာ တင်ပလွဲထိုင်လို့ ခုန်ချသွားခဲ့တဲ့ပုံရိပ်......။
ဟက်....အဓိပ္ပါယ်မရှိစွာနဲ့ ရယ်လိုက်မိတယ်။
"ရှောင်းကျန့်"
"လိုက်မလာခဲ့နဲ့"
ထွက်သွားတဲ့ရှောင်းကျန့်ကိုကြည့်လို့ လုယန် သက်ပြင်းချမိတယ်။ စုံထောက်ဆိုတဲ့အစ်ကိုက လုယန်နား လျှောက်လာပြီး အဆင်ပြေပါ့မလား လှမ်းမေးလာတယ်။
သူမလည်း မသိတော့ပါဘူး။
လေတဖြူးဖြူးတိုက်နေတဲ့ ခေါင်မိုးထပ်က ကျောချမ်းရာကောင်းတာတော့အမှန်ပဲ။ လက်ရန်းပေါ်မှာထိုင်လို့ ခြေထောက်ကို လေထဲတွဲလောင်းချထားတယ်။ တစ်ယောက်ယောက်လာတွန်းရင်တောင် ကိုင်တွယ်စရာမရှိတဲ့ အနေအထားအနေနဲ့ပေါ့။
တွန့်ကြေလို့နေတဲ့ စာရွက်ကို ဖြန့်ကြည့်လိုက်တယ်။ မှင်မည်းမည်းနဲ့ရေးထားတာက ဖတ်ကြည့်မှ နှစ်ကြောင်းလေးတည်း။
"တောင်းပန်ပါတယ်.....
ဝန်ထုပ်ဝန်ပိုး ဖြစ်စေမိလို့...."တဲ့။
ကျလာတဲ့မျက်ရည်စက်ကြောင့် မှင်တွေပျံ့လို့သွားတယ်။ လေကြောင့် ဆံပင်နုနုလေးတွေကလည်း နဖူးပြင်ပေါ်ကနေ လွှင့်နေတယ်။
အိတ်ကပ်ထဲက ဖုန်းကိုနှိုက်လို့ ရိပေါ်ဆီ ဖုန်းခေါ်မိတယ်။ စက်ပိတ်ထားပါတယ်ဆိုတဲ့အသံကို ထပ်ခါထပ်ခါကြားလာရတဲ့အခါ ခလုတ်အနီလေးကို သာသာလေးပဲ နှိပ်ချလိုက်တော့တယ်။