Unicode
ဒီနေ့အတွက်က ခဲခြစ်ဆွဲနည်းကို ပထမဆုံးသင်တာမို့ ရှောင်းကျန့် အခြေခံမျဥ်းတန်းကို သေချာလေ့ကျင့်နေတယ်။ အခန်းထဲကကျောင်းသားတွေ ထွက်သွားသည့်တိုင် ရှောင်းကျန့်နဲ့လုယန်ကတော့ အခန်းထဲမှာရှိနေတုန်းပဲ။
"ရှောင်းကျန့်"
အနားနားကပ်လာပြီး တိုးတိုးလေးလာခေါ်တဲ့လုယန်ကို ရှောင်းကျန့် ခဲခြစ်နေရင်းကနေ ဟင်ဆိုပြီးမေးငေါ့ပြတယ်။ တဟီးဟီးရယ်နေတဲ့ယုလန်ကြောင့် ရှောင်းကျန့် မျက်မှောင်ကြုံ့ပြီး မော့ကြည့်လိုက်တယ်။ မျက်ခုံးပင့်ပြလိုက်တဲ့ယုလန်ကြောင့် တံခါးဝနားလှည့်ကြည့်လိုက်တော့......
"ရိပေါ်...??"
အခန်းတံခါးဝနားမှာ ရိပေါ်က စလွယ်သိုင်းလွယ်အိတ်ကကြိုးကိုကိုင်ထားရင်း ရပ်စောင့်နေတယ်။ အင်း....ဒီလိုတွေဖြစ်နေတာ လွန်ခဲ့တဲ့တစ်ပတ်လောက်တည်းကပဲ။ အစရက်တုန်းကဆို သူ့နာမည်သူမိတ်ဆက်ပြီး ရှောင်းကျန့်နောက် ခပ်လှမ်းလှမ်းကနေပဲ အိမ်အပြန်နားထိ လိုက်လာတယ်။
ရက်နည်းနည်းကြာလာတော့မှ ရှောင်းကျန့်ဘေးကပ်ပြီး လမ်းတူတူလျှောက်လာတာ။ ဒါပင်မဲ့ တစ်ယောက်နဲ့တစ်ယောက်က စကားမပြောဖြစ်ကြဘူး။ ကျောင်းကနေ အိမ်အပြန်တစ်လျှောက်ပဲ။ ဒီနေ့လည်း ရှောင်းကျန့်အဆောင်မှာ လာစောင့်နေပြန်ပြီ။
ယုလန်က ပန်းချီပစ္စည်းတွေကို သိမ်းနေရင်းနဲ့မှ ရှောင်းကျန့်ကို မျက်နှာပုံအမျိုးမျိုးပြပြီးနောက်နေတယ်။ နောက် ပစ္စည်းတွေသယ်ပြီး သွားနှင့်ပြီဆိုတာကို ပါးစပ်လှုပ်ရုံလေးရွတ်သွားတယ်။
ရိပေါ် ရပ်စောင့်နေတာမို့ ရှောင်းကျန့်လည်းပဲ ပစ္စည်းတွေကို ခပ်မြန်မြန်သိမ်းလိုက်တယ်။ အပြင်ထွက်လာတော့ စောင့်နေရတဲ့သူ့ကို အားနာပြုံး ပြုံးပြမိတယ်။
အတူတွဲပြန်တဲ့တစ်လျှောက် ရှောင်းကျန့်နဲ့ရိပေါ်ကြား ဆက်သွယ်ရေးစကားက အပြုံးပဲ။ ဒီဟာကလည်း ရှောင်းကျန့်ဘက်ကပဲများတယ်။ ရိပေါ်ရဲ့ပုံမှန်မျက်နှာထားကတော့ အမြဲတမ်းခပ်တည်တည်ပဲ။